Wednesday, December 17, 2014

မိကျောင်းကန် သပိတ်စခန်း ကိစ္စကို ဥပဒေအတိုင်း ဆောင်ရွက်မည်ဟု ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ပြောကြား

Photo: မိကျောင်းကန် သပိတ်စခန်း ကိစ္စကို ဥပဒေအတိုင်း ဆောင်ရွက်မည်ဟု ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ပြောကြား
Wednesday, December 17, 2014

မိကျောင်းကန် သပိတ်စခန်း ကိစ္စအား ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ရန်ကုန်မြို့တော်ခန်းမတွင် ဒီဇင်ဘာ ၁၆ ရက်ကပြုလုပ်သည့် e-government နှင့်ပတ်သက်၍ ရှင်းလင်းပွဲအပြီး မီဒီယာများ၏ မေးမြန်းချက်အား ပြန်လည်ဖြေကြားခဲ့သည်။

“ဒါကို ကျူးလွန်တဲ့သူပဲ အပြစ်ကျတာ။ မကျူးလွန်ရင် ဘယ်သူမှ အပြစ်မကျဘူး။ အခု အဲဒီလို သဘောမျိုးပဲ ဖြစ်နေတာ။ ကျွန်တော်တို့ မိဘအရွယ်တွေလည်း ဖြစ်တယ်။ ကျွန်တော် အမြဲတမ်းပြောတယ်။ ဥပဒေအတိုင်း ဘောင်ထဲက လုပ်ပါ။ ဘောင်ထဲကနေ ဖြေရှင်းပေးမယ်။ မိကျောင်းကန်ကိစ္စက တိုင်းဒေသကြီး လုပ်ပိုင်ခွင့်ထဲမှာ မရှိဘူး။ နောက်ပြီးတော့ တပ်မတော်ပိုင်မြေ။ ကျွန်တော်တို့ ရှင်းပြပြီးပြီ။ သူတို့ ပိုင်ဆိုင်တယ်ဆိုရင် ပိုင်ဆိုင်တဲ့ အထောက်အထားတွေနဲ့ တင်ပြတောင်းခံရင် ရတာပဲ။ ဆန္ဒပြတာ ပြပိုင်ခွင့်ရှိပါတယ်။ သို့သော် စည်းနဲ့ကမ်းနဲ့ သတ်မှတ်တဲ့အတိုင်း ပြသင့်တာပေါ့။ ရုံးဌာနတစ်ခုကို ပိတ်ပြီး ဆန္ဒပြတယ်ဆိုရင် ဥပဒေမဲ့ လုပ်တာပေါ့။ ဥပဒေမဲ့လုပ်ရင် အရေးယူမှာပေါ့။ ဥပဒေချိုးဖောက်တဲ့သူ မှန်သမျှ အရေးယူရမှာပဲ” ဟု ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားသည်။

“ဥပဒေချိုးဖောက်သူ ဖြစ်တဲ့အတွက် အဲဒီထဲက ဘယ်သူ့ကို အရေးယူယူရပါတယ်။ ကျွန်တော်တို့ဆီမှာ မှတ်တမ်းတွေ ရှိပါတယ်။ ဒီကိစ္စက ရန်ကုန်တိုင်းအစိုးရ လုပ်ပိုင်ခွင့် မရှိဘူး။ ကာယကံရှင်က တပ်မတော်ပဲ။ တရားဥပဒေ စိုးမိုးရေးကို ထိခိုက်လာရင်တော့ ဥပဒေအတိုင်း လုပ်ရမှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ ရှင်းလင်းပွဲပြီး ရန်ကုန်မြို့တော် ခန်းမအတွင်းမှ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် အပါအဝင် သက်ဆိုင်ရာဝန်ကြီးများ ပြန်လည်ထွက်ခွာလာချိန်တွင် မိကျောင်းကန် ဆန္ဒပြသူများသည် မြို့တော်ခန်းမထွက်ပေါက် ဝင်ပေါက်နှစ်ဖက်ရှေ့၌ သိမ်းဆည်းခံမြေများအတွက် ညှိနှိုင်းဆွေးနွေးပေးရန် ကြွေးကြော်သံများဖြင့် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

“ဝန်ကြီးချုပ် အပါအဝင် သက်ဆိုင်ရာ လူကြီးမင်းများရှင့်၊ ကျွန်မတို့ ဘိုးဘွားပိုင် မိကျောင်းကန်မြေ အသိမ်းဆည်းခံရမှုအား ညှိနှိုင်းဆွေးနွေး အဖြေရှာပေးကြပါရန် အကူအညီ တောင်းခံပါတယ်။ ကျွန်မတို့ ပြည်သူတွေကို ညှိနှိုင်းဖြေရှင်းပေးဖို့ မရှိဘဲ ထောင်ဒဏ်သာပေးရန် ရှိတယ်ဆိုရင်လည်း ဖမ်းဆီးအရေးယူပါ။ ကျွန်မတို့ မြေသိမ်းခံ ပြည်သူတွေမှာ နေစရာနေရာမရှိ လမ်းဘေးရောက်တဲ့ သူတွေဖြစ်နေကြပြီ။ ဘဝတွေလည်း စုတ်ပြတ်ပျက်စီးနေပါပြီ” ဟု အော်ဟစ်ပြောဆိုခဲ့ကြသည်။

ရန်ကုန်မြို့တော်ခန်းမ ၀င်ပေါက်ရှေ့တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများ ထွက်ခွာလာစဉ် မိကျောင်းကန်ပြည်သူများက ဆန္ဒပြ တောင်းဆိုနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
Eleven Media Group

No comments:

Post a Comment

My Blog List