Tuesday, December 16, 2014

ကြံ့ခိုင်ရေးပါတီ ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်တစ်ခု ကိုယ်စားလှယ်လောင်း ငါးဦး စတင်ရွေးချယ်မည် ကြံ့ခိုင်ရေးပါတီ ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်တစ်ခု ကိုယ်စားလှယ်လောင်း ငါးဦး စတင်ရွေးချယ်မည်


၂၀၁၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် အများစု  အနိုင်ရရှိခဲ့သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် မဲဆန္ဒနယ် တစ်ခုလျှင် ကိုယ်စားလှယ်လောင်း ငါးဦးကို ယခုလအတွင်း စတင်ရွေးချယ်မည် ဖြစ်ကြောင်း ယင်းပါတီ၏ ဗဟိုကော်မတီဝင် တစ်ဦးက ပြောကြားသည်။

ပြည်သူလွှတ်တော် ကိုယ်စားလှယ်လောင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းနှင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတို့အတွက် မဲဆန္ဒနယ်တစ်ခုလျှင် ကိုယ်စားလှယ်လောင်း ၅ ဦးကို သက်ဆိုင်ရာ မဲဆန္ဒနယ်ရှိ ပါတီဝင်များက မဲပေးသည့် စနစ်ဖြင့် ရွေးချယ်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ပါတီအောက်ခြေထိ ဆန္ဒခံယူပြီး ရွေးချယ်မှာ ဖြစ်ပါတယ်။ အခုလအတွင်းမှာ ၅ ဦး သတ်မှတ်ထားမယ်။ ရွေးကောက်ပွဲနီးရင် ပါတီဝင်တွေရဲ့ ဆန္ဒအရ တစ်ဦးကို ပြန်ရွေးမယ်” ဟု ၎င်းကဆိုသည်။

လက်ရှိ အခြေအနေအရ ၂၀၁၅ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်ခြင်းကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပါတီက ပထမဦးဆုံး စတင်ရွေးချယ်ခြင်း ဖြစ်သည်။

အတိုက်အခံ အင်အားကြီးပါတီ ဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကမူ ၂၀၁၅ ရွေးကောက်ပွဲ ဝင်မဝင်ကို မဆုံးဖြတ်ရသေးကြောင်း ဒီဇင်ဘာလ ၁၄ ရက်နေ့က တော်ဝင်နှင်းဆီတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ယင်းပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောကြားသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပါတီက လွှတ်တော် ၃ ရပ်အတွက် မဲဆန္ဒနယ် ၁၁၅၄ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ ၁၀၆၇ အနိုင်ရခဲ့ပြီး တစ်နိုင်ငံလုံးတွင် ၇၆ ဒသမ ၅ ရာခိုင်နှုန်း အနိုင်ရရှိကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒနယ် (၄၇) နေရာ ယှဉ်ပြိုင်ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက (၄၅) နေရာ အနိုင်ရခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့ တစ်နေရာစီ အနိုင်ရရှိခဲ့သည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလအတွင်း ကျင်းပနိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် ပြောကြားထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List