Wednesday, December 17, 2014

အစုလိုက် ကွပ်မျက်မှု ဓာတ်ပုံများကို အစ္စလာမ်မစ်စတိတ် စစ်သွေးကြွများ ထုတ်ပြန်


ဘဂ္ဂဒက်၊ ဒီဇင်ဘာ ၁၆။ ဆွန်နီမွတ်စလင် မျိုးနွယ်စု လက်နက်ကိုင်များဟု ဆိုကြသော အမျိုးသား ၁၃ ဦးအား အီရတ်နိုင်ငံ မြောက်ပိုင်းရှိ တီကရက် မြို့အနီး တွင် အစ္စလာမ်မစ်စတိတ် အဖွဲ့က ၎င်းတို့ ကွပ်မျက်ထားသော ဓာတ်ပုံများကို ဒီဇင်ဘာလ ၁၅ ရက်နေ့ ထုတ်ပြန်ခဲ့သည်။

လိမ္မော်ရောင် ဝမ်းဆက် ဝတ်စုံများ ဝတ်ဆင်ထား ကြရသော သူများကို ကွပ်မျက် သတ်ဖြတ် ခဲ့ခြင်း ဖြစ်ကြောင်း အိုင်အက်စ် အဖွဲ့လိုလားသော အွန်လိုင်းဖိုရမ် များနှင့် လူမှုမီဒီယာ စာမျက်နှာများတွင် တင်ထားသော ဓာတ်ပုံ ၃ ပုံ က ဖော်ပြနေသည်။ ထိုနေ့ မွန်းလွဲပိုင်းက တီကရက် မြို့၏ အရှေ့ဘက် ၆ ကီလိုမီတာ ခန့် အကွာရှိ လမ်းဆုံကြီး တစ်ခုတွင် လူအစုလိုက် ကွပ်မျက်မှု တစ်ခု ဖြစ်ပွါးခဲ့ကြောင်း ဒေသခံများက အတည်ပြု ပြောကြား ခဲ့ကြသည်။

ပုံ ၃ ပုံအနက် ပထမပုံတွင် ဒူးထောက်ကာ ဦးညွတ်ထားကြသော အမျိုးသား ၁၁ ဦးကို တွေ့ရပြီး ၄င်းတို့ တစ်ယောက်ချင်းစီ၏ နောက်တွင် အနက်ရောင်ဝတ် မျက်နှာဖုံးစွပ် သေနတ်သမားများကို တွေ့ရကာ အိုင်အစ် အဖွဲ့၏ အလံအနက်ရောင် များကိုလည်း တွေ့ရသည်။

နောက်ပုံ တစ်ပုံတွင်မူ ကွပ်မျက်မှုအပြီး ၄င်းတို့၏ သေနတ်ငယ်များကို ဝှေ့ရမ်းနေကြသော သေနတ် သမားများကို တွေ့ရပြီး တတိယပုံထဲတွင်မူ အလောင်း ၁၃ လောင်း အနီးတွင် ကလေးများ အပါအဝင် လာရောက်ကြည့်ရှုကြသူ အနည်းငယ်ကို တွေ့ရသည်။ ထိုအလောင်းများအား လမ်းဆုံကြီး၏ အလယ် ခေါင်နေ ရာမှနေ၍ လမ်းပေါ်သို့ ဆွဲသွားခဲ့ကြကြောင်းလည်း သိရသည်။ ထိုနေရာမှာ တီကရစ် သို့သွား သောလမ်း၊ ကာကွတ် မြို့သို့ သွားသောလမ်း နှင့် အယ်လ်အ လမ်း မြို့သို့ သွားသောလမ်းများ ဆုံရာ လမ်းဆုံကြီးဖြစ်သည်ဟု ဒေသခံများက ဆိုကြသည်။

ကွပ်မျက်ခံခဲ့ ရသော သူများမှာ အယ်လ်အလမ်း၏ သူရဲကောင်းများဟု ခေါ်ဆိုကြသော အိုင်အက်စ် အဖွဲ့ ဆန့်ကျင်ရေး ဆွန်နီမွတ်စလင်လူမျိုးစု လက်နက်ကိုင် တပ်ဖွဲ့မှ ဖြစ်ကြပြီး ၄င်းတို့အား တီကရစ် နှင့် အယ်လ် အလမ်း မြို့များတွင် လွန်ခဲ့သော ဆယ်ရက်ဝန်းကျင်က အိုင်အက်စ်အဖွဲ့က ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း   ဒေသခံများက ဆိုကြသည်။ လွန်ခဲ့သော ခြောက်လက အိုင်အက်စ် စစ်သွေးကြွများသည် အီရတ်တွင် ထိုးစစ်ဆင်မှု စတင်ပြုလုပ်ခဲ့ပြီး ထိုစဉ်ကတည်းက တီက ရစ် မြို့ကို သိမ်းပိုက်ထား နိုင်ခဲ့ခြင်း ဖြစ်သည်။

အီရတ် အစိုးရတပ်ဖွဲ့များသည် ရှီးယား မွတ်စလင် ပြည်သူ့စစ်များ နှင့် အချို့ဒေသများတွင် ဆွန်နီမွတ်စလင် မျိုးနွယ်စုလက်နက်ကိုင်များ နှင့် ပူးပေါင်းတိုက် ခိုက်ခဲ့ကာ လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ်အတွင်းတွင် စစ်သွေးကြွများအား ဆက်တိုက် အနိုင်ယူနိုင်ခဲ့သည်။

Mizzima

No comments:

Post a Comment

My Blog List