Wednesday, June 18, 2014

ပြည်သူ့ငွေများကို မှန်မှန်ကန်ကန် အသုံးပြုရန်နှင့် အမှန်ပေးထားသည့် ငွေအတိုင်း အရည်အသွေးမီ ပစ္စည်းများ ဖြည့်ဆည်းပေးရန်လိုကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အစိုးရ၀န်ကြီးဌာနအား သတိပေး



ပြည်သူ့ငွေများကို မှန်မှန်ကန်ကန် အသုံးပြုရန်နှင့် အမှန်ပေးထားသည့် ငွေအတိုင်း အရည်အသွေးမီ ပစ္စည်းများကို ဖြည့်ဆည်းပေးရန်လိုကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အစိုးရ၀န်ကြီးဌာနအား သတိပေး ပြောကြား သည်။

ဇွန် ၁၇ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန၏ ငွေကျပ်နှစ်သိန်းတန် ဆိုလာမီးများ၏ အရည်အသွေးဆိုင်ရာကိစ္စများနှင့် ပတ်သက်၍ အဆိုပါ ၀န်ကြီးဌာနအား သတိပေးပြောကြားခဲ့ခြင်း ဖြစ်သည်။
“ပြည်သူများအတွက် ပေးလိုက်တဲ့ငွေတွေကိုတော့ စနစ်တကျ မှန်မှန်ကန်ကန် အသုံးပြုဖို့နဲ့ အသုံးပြုလိုက်တဲ့ ပစ္စည်းများ ဟာလည်း အရည်အချင်းပြည့်မီတဲ့ ပစ္စည်းများဖြစ်ဖို့ လိုပါတယ်” ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

ထို့ပြင် ပြည်သူနှင့် တိုက်ရိုက်ဆောင်ရွက်ရမည့် ကိစ္စများတွင် ပြည်သူကို တကယ်ဗဟိုပြုပါက အစိုးရမှ အမှန်တကယ် ချထားပေးခဲ့သည့် ငွေများအတိုင်း အရည်အသွေး ပြည့်မီသည်များကို ဆောင်ရွက်ပေးရန်လိုကြောင်း သူရဦးရွှေမန်းက ထည့်သွင်းပြောကြားသည်။

“ပြည်သူ့ငွေနဲ့ ပြည်သူဗဟိုပြု ဆောင်ရွက်တဲ့နေရာမှာ မှန်မှန်ကန်ကန် အရည်အသွေး ပြည့်မီတာတွေကို ဆောင်ရွက်ပေး ဖို့ ဖြစ်တယ်” ဟု သူရဦးရွှေမန်း၏ ပြောကြားချက်တွင် ပါဝင်သည်။

ကျေးရွာများတွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာနမှ တပ်ဆင်ပေးသည့် ဆိုလာစနစ်သုံး ပစ္စည်းများထက် နယ်စပ်ရေးရာ ၀န်ကြီးဌာနမှ တပ်ဆင်ပေးသည့် ဆိုလာစနစ်သုံး ပစ္စည်းများသည် ပိုမိုကောင်း မွန်ကြောင်း တမူးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ရွှေက တင်ပြဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

၎င်းတင်ပြချက်နှင့် ပတ်သက်၍ မွေးမြူ ရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေ သဖွံ့ဖြိုးရေး ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးတင်ငွေက မိမိတို့ ၀န်ကြီးဌာန အနေဖြင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေများကို တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တိုက်ရိုက်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ပြီး တိုင်းဒေသကြီးမှ ၎င်းဆိုလာ လုပ်ငန်းများကို အကောင်အထည်ဖော် ခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးမှလည်း အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျေးလက် မီးလင်းရေးအတွက် Quick Win ကိုသာ ဦးစားပေးခဲ့သဖြင့် ယခုကဲ့သို့ ကွာခြားရခြင်းဖြစ်ကြောင်း ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment

My Blog List