Wednesday, June 18, 2014

ဒေါ်အောင်ဆန်းစုကြည် ၏ (၆၉) နှစ်မြောက် မွေးနေ့အထိမ်းအမှတ် သုံးရောင်ခြယ်မိသားစု မိတ်ဆုံစားပွဲပြုလုပ်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ဇွန် ၁၉ ရက်တွင်ကျရောက်မည့် (၆၉) နှစ်မြောက် မွေးနေ့အထိမ်းအမှတ်ပွဲ သုံးရောင်ခြယ်မိသားစု မိတ်ဆုံစားပွဲကို ဇွန် ၁၇ ရက်က ရန်ကုန်မြို့ ကန်တော်ကြီးဥယျာဉ်အတွင်းရှိ Dolphin စားသောက်ဆိုင်၌ ကျင်းပခဲ့သည်။
အခမ်းအနား၌ သုံးရောင်ခြယ်ကျောင်းသားများအဖွဲ့မှ ကိုမြတ်စံက အဖွင့်အမှာစကားပြောကြားခြင်း၊ တေးသံရှင်လင်းလင်းက သုံးရောင်ခြယ်သီချင်းအား သီဆိုဂုဏ်ပြုခြင်း၊ ဒေါ်အောင်ဆန်းစုကြည်အား သုံးရောင်ခြယ်အဖွဲ့ဝင်ဟောင်းများက ဂါရ၀ပြုကန်တော့ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်က မုဒိတာစကား ပြန်လည်ပြောကြားခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
    
သုံးရောင်ခြယ်အဖွဲ့ စတင်စုစည်းလုပ်ခဲ့စဉ်က ရည်ရွယ်ချက်သည် ဒီမိုကရေစီရရှိရေး တစ်ခုတည်းအတွက် သာဖြစ်ကြောင်း၊ နောက်ပိုင်းတွင် ကိုယ့်လမ်းကိုယ်သွားကြသော်လည်း စိတ်ထဲ၌ ဒီမိုကရေစီရရှိရေးအတွက် အမြဲတမ်းစွဲနေသေးသည်ဟု ယုံကြည်ကြောင်း၊ မိမိတို့ ဒီမိုကရေစီရရှိရေးအတွက် လုပ်ခဲ့သည့်လုပ်ငန်း များသည် မပြီးကြောင်းကို ကောင်းကောင်းသဘောပေါက်ရန်လိုကြောင်းနှင့်  အလုပ်တစ်ခုစလုပ်ပြီဆိုပါက အလုပ်ပြီးမြောက်သည့်တိုင်အောင် ဇွဲ၊ ၀ီရိယ၊ သစ္စာရှိရှိ ဆက်လက် လုပ်ဆောင်ရန်လိုအပ်ကြောင်း သုံးရောင်ခြယ်အဖွဲ့ဝင်ဟောင်းများအား ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောကြားသည်။
    
"ဒီမိုကရေစီရရှိရေးအတွက် အတူတူ ပူးပေါင်းဆောင်ရွက်မယ်ဆိုပြီးတော့ ဆုံးဖြတ်ခဲ့တဲ့အတိုင်းပဲ ဒီမိုကရေစီ ရတဲ့အထိ တတ်နိုင်သမျှ ကိုယ့်နေရာကနေကိုယ် လုပ်သွားဖို့ပါပဲ။ အားလုံးအရင်တုန်းကလို အစုအဖွဲ့နဲ့ မဟုတ်တော့ဘူး။ တချို့ဆိုရင်လည်း နိုင်ငံရေးကို အချိန်ပြည့်လုပ်နေတာမဟုတ်ပါဘူး။ သို့သော်ငြားလည်း နိုင်ငံရေးဆိုတာ အမြဲလုပ်နေရတဲ့ကိစ္စပဲ။ အချိန်ပြည့်မလုပ်နေဘူးဆိုပေမယ့် စီးပွားရေးသမားလည်း တစ်နည်းအားဖြင့် နိုင်ငံရေးလုပ်နေတာပဲ။ ပညာရှင်ဆိုတာလည်း တစ်နည်းအားဖြင့် နိုင်ငံရေးလုပ်နေတာပဲ။ အဲဒီတော့ ကျွန်မတို့ ဒီနိုင်ငံရေးအချိန်ပြည့်လုပ်နေတဲ့သူကိုမှ နိုင်ငံရေးလုပ်နေတာမဟုတ်ပါဘူး။ ဒီမိုကရေ စီရေးအတွက် ဆက်ပြီးတော့ လုပ်သွားဖို့ တာဝန်ရှိတယ်ဆိုတာ ဒီသုံးရောင်ခြယ်အဖွဲ့ကို သတိပေးပါရစေ" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
    
"ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၉) နှစ်မြောက်မွေးနေ့အထိမ်းအမှတ်ကို ကျွန်တော်တို့ သုံးရောင်ခြယ် မိသားစုဝင်တွေ ပြုလုပ်တယ်ဆိုတာ တကယ့်ကို လွန်ခဲ့တဲ့ ၂၆ နှစ်တုန်းက ကျွန်တော်တို့တွေဟာ နိုင်ငံရေး ဘ၀ကို အမေဒေါ်အောင်ဆန်းစုကြည်နဲ့အတူပေါ့လေ။ ရွှေတိဂုံဘုရားအနောက်မုခ် လူထုအစည်းအဝေးမှာ ကျောင်းသားလူငယ်တွေအခန်းကဏ္ဍနဲ့ ရပ်တည်ပေးရင်းနဲ့ ပါဝင်ဆောင်ရွက်ခဲ့ကြတယ်။ အဲဒီချိန်အဲဒီ ကာလကနေ ကျွန်တော်တို့ရဲ့ စိတ်ဓာတ်ရေးရာကို မြှင့်တင်ပေးနိုင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ကျေးဇူး တရားကို တကယ့်အလေးအနက် တန်ဖိုးထားတဲ့အနေနဲ့ နှစ်ပေါင်း ၂၆ နှစ်ကြာ ပြန်စုံစည်းတဲ့ကာလမှာ လုပ်ဖော်ကိုင်ဖက်တွေ စုမိသလောက်ပေါ့။ စုစည်းပြီး ဒီအခမ်းအနားကို ကျင်းပခြင်းဖြစ်ပါတယ်" ဟု သုံးရောင်ခြယ်အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သူ ကိုမြတ်စံက ပြောကြားသည်။
    
သုံးရောင်ခြယ် ကျောင်းသားလူငယ်အဖွဲ့သည်  ၁၉၈၈ ခုနှစ် သြဂုတ် ၂၆ ရက်တွင် ရွှေတိဂုံဘုရား အနောက်ဘက်မုခ် လူထုအစည်းအဝေးပွဲမှစတင်ကာ ဒေါ်အောင်ဆန်းစုကြည်အားဝန်းရံ၍ ၁၉၈၈ ခုနှစ် ဒီမိုကရေစီရရှိရေး လူထုအရေးတော်ပုံကာလတွင်ပါဝင်ခဲ့ပြီး ယခုတွေ့ဆုံမှုသည် ၁၉၈၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။
    
မိတ်ဆုံစားပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့နာယက ဦးတင်ဦးနှင့် သဘာပတိ အဖွဲ့ ၀င်များ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီအချို့မှ ခေါင်းဆောင်များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့မှ ခေါင်းဆောင်များ၊ သုံးရောင်ခြယ်အဖွဲ့ဝင်ဟောင်းများ၊ စီးပွားရေး လုပ်ငန်းရှင် များနှင့် သတင်းမီဒီယာအချို့မှ တာဝန်ရှိသူများ၊ အနုပညာရှင်များ တက်ရောက်ခဲ့သည်။     

Eleven Media Group

No comments:

Post a Comment

My Blog List