ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ)နဲ့ရှမ်ပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (အာစီအက်စ်အက်စ်/အက်စ်အက်စ်အေ)တို့ တွေ့ဆုံပြီး တပြည်လုံး အပစ်ခတ်ရပ်စဲရေးကိစ္စ ဆွေးနွေးခဲ့ကြ ပါတယ်။ ကေအန်ယူ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးနဲ့ ခေါင်းဆောင်တွေဟာ ရှမ်းပြည်တပ်မတော်နဲ့ ဇွန် ၁၅ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မြန်မာအင်စတီကျူးမှာ တွေ့ဆုံဆွေး နွေးခဲ့ကြတာဖြစ်ပါတယ်။
ဒီဆွေးနွေးမှာ ကေအန်ယူအနေနဲ့ လက်ရှိအစိုးရနဲ့ တိုင်းရင်းသားတွေအကြား လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ဖြစ်ပေါ်တိုးတက်မှု နောက်ဆုံးအခြေအနေကို ရှင်းပြခဲ့တယ်လို့ အာစီအက်စ်အက်စ်/အက်စ်အက်စ်အေက ဗိုလ်မှူးကြီး စိုင်းလက ပြောပါတယ်။
ဒါ့အပြင် လက်ရှိအစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးတည်ဆေက်ရေး ဖော်ဆောင်တဲ့ နေရာမှာ အချိန်အကန့် အသတ်ရှိလာတယ်လို့ ခံစားရကြောင်းနဲ့ ဒီ ၂၀၁၄ ခုနှစ်အတွင်း တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ဖို့ လိုအပ်တယ်လို့ မြင်ကြောင်း နှစ်ဦးနှစ်ဖက် အမြင်ခြင်း တူညီတယ်လို့လည်း ပြောပါတယ်။
ဒီတွေ့ဆုံပွဲမှာ ကေအန်ယူဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနဲ့ အဖွဲ့ဝင် ၄ ဦး၊ ရှမ်းပြည်တပ်မတော်ဘက်က ဥက္ကဋ္ဌ ရွက်စစ် ဦးဆောင်တဲ့ အဖွဲ့ဝင် ၅ ဦးပါဝင် ဆွေးနွေးခဲ့ပါတယ်။
ရှမ်းပြည်တပ်မတော် (တောင်ပိုင်း)ဟာ ကချင်လွတ်လပ်ရေးအဖွဲ့(ကေအိုင်အို)ရဲ့ လိုင်ဇာ ဌာနချုပ်မှာ ကျင်းပခဲ့တဲ့ တိုင်းရင်သားလက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေရဲ့ ကွန်ဖရင့်ကို တက်ရောက်ပေမယ့် တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ဘုံသဘောတူညီချက်ကို လက်မှတ်မထိုးခဲ့ပါဘူး။
ဒါ့အပြင် အာစီအက်စ်အက်စ်/အက်စ်အက်စ်အေအနေနဲ့ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး အမြန်ဆုံး လုပ်ဆောင်နိုင်ရေး၊ နိုင်ငံရေး ဆွေးနွေးပွဲတွေ အမြန်ဆုံးစတင်နိုင်ရေး ဒီရက်ပိုင်းတွေမှာ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရငြိမ်းချမ်းရေးဖော်ကော်မတီနဲ့ တွေ့ဆုံမယ်လို့ ပြောပါတယ်။
DVB
No comments:
Post a Comment