Monday, June 16, 2014

အီရတ်နိုင်ငံရေးတွင် စစ်ရေးအရ ဝင်ရောက် မစွက်ဖက်ရန် အီရန် သတိပေး


အစိုးရတပ်ဖွဲ့များနှင့် အစွန်းရောက်လက်နက်ကိုင်သူပုန်များကြား ပဋိပက္ခများ ဖြစ်ပွားလျက်ရှိသော အီရတ်နိုင်ငံအရေးတွင် ပြည်ပနိုင်ငံများအနေနှင့် စစ်ရေးအရ ဝင်ရောက်စွက်ဖက်ခြင်း မပြုလုပ်ရန် အီရန်နိုင်ငံက သတိပေး ပြောကြားလိုက်သည်ဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။

ပါရှန်းပင်လယ်ကွေ့သို့ စစ်သင်္ဘောတစ်စင်း စေလွှတ်ထားသည်ဟု အမေရိကန်ပြည်ထောင်စုက ပြောကြား ခဲ့ပြီးနောက်တွင် အီရတ်နိုင်ငံသို့ နိုင်ငံခြားတပ်များ ကျူးကျော်ဝင်ရောက်ပါက ပဋိပက္ခများ ပိုမိုဆိုးရွားသွား လိမ့်မည်ဟု အီရန်နိုင်ငံက သတိပေး ပြောကြားခဲ့သည်။

“အကြမ်းဖက်မှုနဲ့ အစွန်းရောက် ဝါဒီတွေကို တန်ပြန်နှိမ်နင်းဖို့ လိုအပ်တဲ့ ပြင်ဆင်မှုတွေနဲ့ စွမ်းဆောင် ရည်တွေ အီရတ်နိုင်ငံမှာ ရှိပါတယ်” ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ပြောကြားသည်။

အီရတ်နိုင်ငံတွင် ဆွန်နီသူပုန်များသည် နိုင်ငံမြောက်ပိုင်း ဒေသများတွင် တိုက်ခိုက်သိမ်းပိုက်မှုများ ပြုလုပ် ခဲ့ပြီးနောက် မြို့တော်ဘဂ္ဂဒက်နှင့် မိုင် ၅၀ ခန့် အဝေးထိ ချီတက်လာခဲ့ပြီး အစိုးရတပ်များနှင့် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့သည်။

အီရတ်နိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော အခြေအနေများအပေါ် တုံ့ပြန်သည့်အနေနှင့် အမေရိကန်အစိုးရက အမေရိကန် လေယာဉ်တင်သင်္ဘော USS George H.W. Bush ကို ပါရှန်းပင်လယ်ကွေ့သို့ စေလွှတ်ထားသည်ဟု ပြီးခဲ့သော စနေနေ့က ပြောကြားခဲ့သည်။

ထိုကဲ့သို့ USS George H.W. Bush လေယာဉ်တင် သင်္ဘောကို ပင်လယ်ကွေ့သို့ စေလွှတ်ထားသည်ဟု အမေရိကန်အစိုးရက ပြောကြားအပြီး တစ်ရက်အကြာတွင် အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေး ဆိုခွင့်ရပုဂ္ဂိုလ် အက်ဖ်ခန်က သူ့အနေနှင့် အီရတ်နိုင်ငံသည် အကြမ်းဖက်မှုကို တွန်းလှန်နိုင်သည့် အရည် အသွေးရှိပြီး အိမ်နီးချင်းနိုင်ငံများ၏ အကူအညီကို တောင်းခံလိမ့်မည်မဟုတ်ဟု ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

သို့သော် အမေရိကန်ပြည်ထောင်စုကသာ အီရတ်နိုင်ငံတွင် ဆွန်နီလက်နက်ကိုင် သူပုန်များကို ဝင်ရောက် တိုက်ခိုက် နှိမ်နင်းမည်ဆိုပါက အီရန်နိုင်ငံ အနေနှင့်လည်း အမေရိကန်တို့နှင့် ပူးပေါင်းကာ ဝင်ရောက် တိုက်ခိုက်ကောင်း တိုက်ခိုက်မည်ဟုလည်း မစ္စတာအက်ဖ်ခန်က ပြောကြားခဲ့သည်။

အီရန်နှင့် အမေရိကန်ကြားတွင် သံတမန်ရေးရာ ဆက်ဆံမှု မရှိသည်မှာ ဆယ်စုနှစ် သုံးခုခန့် ရှိနေပြီ ဖြစ်သဖြင့် အီရတ်နိုင်ငံအရေးတွင် အမေရိကန်တို့နှင့် ပူးပေါင်းဆောင်ရွက်ကောင်း ဆောင်ရွက်မည် ဟူသော မစ္စတာအက်ဖ်ခန်၏ ပြောကြားမှုမှာ နိုင်ငံတကာ အသိုင်းအဝိုင်းကြားတွင် အံ့အားသင့်စရာ ဖြစ်ခဲ့ရသည်။

“တကယ်လို့ အမေရိကန်ကသာ အီရတ်မှာအကြမ်းဖက် နှိမ်နင်းမှုတွေလုပ်မယ်ဆိုရင် ကျွန်တော်တို့ အဲဒီလို လုပ်ဖို့ စဉ်းစားရပါမယ်” ဟု မစ္စတာအက်ဖ်ခန်က ပြောကြားခဲ့သည်။

ဆွန်နီသူပုန်များ၏ အလျင်အမြန် ထိုးစစ်ဆင်မှုများကြောင့် အစောပိုင်းတွင် အီရတ်အစိုးတပ်များ အရေးနိမ့် ခဲ့သော်လည်း ပြီးခဲ့သော စနေနေ့ကမူ အစိုးရတပ်ဖွဲ့ဝင်များသည် ဘဂ္ဂဒက်မြို့ မြောက်ပိုင်းရှိ မြို့နှစ်မြို့ကို သူပုန်များလက်မှ ပြန်လည် သိမ်းယူနိုင်ခဲ့သည်။

The Voice Weekly

No comments:

Post a Comment

My Blog List