Wednesday, June 18, 2014

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် မြန်မာ့စီးပွားရေးတိုးတက်မှု ၈ ဒသမ ၅ ရာခိုင်နှုန်း သို့ ရောက်ရှိလာနိုင်သော်လည်း ဘဏ္ဍာရေးဆိုင်ရာအန္တရာယ်များ ကျရောက် နိုင်ကြောင်း IMF ခန့်မှန်း


၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှု ၈ ဒသမ ၂၅ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းအထိ ရှိလာနိုင်ကြောင်း အပြည်ပြည် ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF) ၏ ၂၀၁၄ ခုနှစ် ဇွန် ၁၇ ရက်က ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချမှုနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှု တိုးတက်လာမှုတို့ကြောင့် မြန်မာ့ ဂျီဒီပီ ယင်းကဲ့သို့ တိုးတက်လာခြင်းဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး ငွေကြေးဖောင်းပွမှု အနေဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်းအထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ စီးပွားရေးတိုးတက်မှုနှင့်အတူ ငွေကြေးဖောင်းဖွမှုသည်လည်း မြင့်တက်နေသည့်အတွက် မြန်မာ့ စီးပွားရေးအပေါ် ရိုက်ခတ်လာနိုင်မှုများရှိကြောင်း၊ ယင်းအတွက် မက်ခရိုစီးပွားရေးစီမံခန့်ခွဲမှုအပေါ် သက်ရောက်မှုများရှိနိုင်ကြောင်း၊ မကြာမီက ဘတ်ဂျက်လိုငွေပြမှုကို လျှော့ချနိုင်ခဲ့သော်လည်း ဘဏ္ဍာရေး ဆိုင်ရာ အန္တရာယ်ကျရောက်နိုင်ခြေများ မြင့်တက်နိုင်ကြောင်း IMF ကသုံးသပ်ထားသည်။

"မြန်မာနိုင်ငံအနေနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကြောင့် စီးပွားရေးတိုးတက်လာမယ့် အလားအလာ ရှိပါတယ်။ ဒါပေမဲ့ အဲဒီတိုးတက်မှုတည်မြဲဖို့ မူဝါဒနဲ့တည်ဆောက်ပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့လည်း လိုအပ်ပါသေးတယ်" ဟု ဇွန် ၁၇ ရက်တွင်ကျင်းပသော အစည်းအဝေးတွင် အပြည်ပြည် ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ Mission Chief မစ္စတာမတ်ဒေဗီးစ်က ပြောကြားသည်။

ယင်းကဲ့သို့ အန္တရာယ်ကျရောက်နိုင်ခြင်းမှာ ဘတ်ဂျက်ပြင်ပမှလည်ပတ်နေသည့် လုပ်ငန်းများကို ပံ့ပိုးပေးရန် ပြင်ပမှ ငွေချေးရခြင်း၊ အခွန်ကင်းလွတ်ခွင့်များ တိုးတက်များပြားလာခြင်း၊ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများနှင့် ဆက်စပ်မှုအနေအထားများ ပြောင်းလဲလာခြင်းတို့ကို အခြေပြု၍ အဆိုပါအန္တရာယ်ကျရောက်နိုင်ခြေတို့ ပေါ်ပေါက်လာနိုင်ကြောင်း သုံးသပ်ထားသည်။

ယင်းကဲ့သို့ အန္တရာယ်ကျရောက်မှုကိုကာကွယ်နိုင်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် သီးခြားလွတ် လပ်သော အဖွဲ့ အစည်းတစ်ရပ်အဖြစ်သို့ ကူးပြောင်းနိုင်ရန် လိုအပ်ကြောင်း၊ လက်ရှိကျင့်သုံးလျက်ရှိသော နှုန်းရှင်ငွေလဲစနစ်ကို ဆက်လက်ထိန်းသိမ်းပြီး ဗဟိုဘဏ်နိုင်ငံခြား အရန်ငွေဆက်လက် တိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ငွေကြောင်းဖောင်းပွမှုကြောင့် ဖြစ်ပေါ်လာနိုင်သော ဖိအားများကို ဖြေရှင်းရန်နှင့် နိုင်ငံခြားငွေကြေး စီးဆင်းဝင်ရောက်မှုများကို စီမံခန့်ခွဲနိုင်ရန် ငွေကြေးမှုဝါဒများချမှတ်ရာတွင် ပိုမိုတိုးတက်မှုရှိရန် လိုအပ်ကြောင်း၊ အလားတူ ၂၀၁၅ ခုနှစ်တွင် စတင်ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ရ သည့် ငွေတိုက်လက်မှတ် Treasure Bill များကို လေလံတင်ရောင်းချခြင်းနည်းလမ်းများသည် ဘတ်ဂျက် လိုငွေပြမှုအား ဗဟိုဘဏ်မှ ဖြည့်ဆည်းပေးရခြင်းဖြစ်ပြီး ယင်းဖြစ်စဉ်များကိုလျှော့ချရန် လိုအပ်ကြောင်း ဖော်ပြထားသည်။

Eleven Media Group 

No comments:

Post a Comment

My Blog List