Friday, June 20, 2014

ဦးဆန်းဆင့် ပြည်သူပိုင်ငွေအလွဲသုံးစား အမှုအပြင် အခြားပြစ်ချက်များရှိနေသေးဟု ဦးရဲထွဋ်ပြောဆို


သာသနာရေးရာဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်သည် ပြည်သူငွေအလွဲသုံးစားလုပ်သည့် ကိစ္စအပြင် တခြားသော အကြောင်းအရာများလည်းရှိနေခြင်းကြောင့် ပြည်ထောင်စုဝန်ကြီးတာဝန်ကနေ ရပ်ဆိုင်းခြင်းဖြစ်ကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားလိုက်သည်။

“သူ့ကိုတာဝန် ရပ်ဆိုင်းရတာက အကြောင်းအရင်းတွေအများကြီးထဲက တစ်ခုပေါ့။ အကြောင်းအရင်း အကျဉ်းချုပ်ကတော့ သူ့ကို သာသနာရေးဝန်ကြီးအဖြစ် တာဝန်ပေးအပ်တဲ့အခါမှာ ဘာသာ သာသနာတွေ ကြားထဲမှာ တည်တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်းနဲ့ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးဖို့ဖြစ်တယ်။ အဲ့ဒါကို မလုပ်နိုင်ဘူး။ လူအများစုကိုးကွယ်တဲ့ ဗုဒ္ဓသာသနာအတွင်းမှာ သာသနာရေးရာ ၀န်ကြီးဌာန ၀န်ကြီး တစ်ယောက်အနေနဲ့ သာသနာအတွင်းမှာ သာသနာအချင်းချင်းသော်လည်းကောင်း သံဃာ တစ်စုနဲ့ မဟာ သံဃနာယကအဖွဲ့ကြား၊ သံဃာနဲ့ပြည်သူကြား၊ သံဃာတွေ၊ သံဃနာယကအဖွဲ့နဲ့ အစိုးရကြားမှာ အထင်အမြင် လွဲမှားအောင် လုပ်တဲ့လုပ်ရပ်တွေ တည်ငြိမ်အေးချမ်းမှုပျက်ပြားစေအောင် ပြောဆိုလုပ် ဆောင်ရွက်ချက်တွေ ရှိတဲ့အတွက် ကျွန်တော်တို့က တာဝန်ကရပ်စဲတာဖြစ်တယ်။”ဟု ဦးရဲထွဋ်က ပြောကြားသည်။

ပြည်ထောင်စုအစိုးရ၀န်ကြီးတစ်ယောက်အနေဖြင့် သန့်ရှင်းသောအစိုးရဖြစ်ရေးအတွက် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကိုလည်း ပျက်ကွက်ခြင်းကြောင့် တာဝန်ကရပ်ဆိုင်းရခြင်းဖြစ်သည်ဟု ၄င်းက ဆက်လက်ပြောဆိုခဲ့သည်။

ဇွန်လ(၁၉)ရက် နံနက်ပိုင်းတွင် နိုင်ငံတော် သမ္မတရုံးက ၀န်ကြီး ဦးဆန်းဆင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၅ ပုဒ်မခွဲ(ဂ)၊ ပုဒ်မခွဲငယ်(၁)ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၆၉ ၊ ပုဒ်မခွဲ(က)တို့ပါ ပြဌာန်းချက်များအရ တာဝန်မှရပ်စဲသည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

ဇွန်လ(၁၉)ရက် နေ့လည်(၂း၀၀)နာရီဝန်းကျင်၌ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စစစ)က ၀န်ကြီး ဦးဆန်းဆင့်ကို နိုင်ငံပိုင်ငွေ အလွဲသုံးစားလုပ်သည်ဟုဆိုကာ နေပြည်တော် ဥတ္တရသီရိမြို့နယ် ဘုရားကုန်းမြို့မ ရဲစခန်း၌ ပုဒ်မ ၄၀၉/၁၀၉ ဖြင့် အမှုဖွင့်ခံခဲ့ရခြင်းဖြစ်သည်။

“ဦးဆန်းဆင့် ကျပ်သိန်း(၁၀၀)တည်းနဲ့ အခုလို အမှုဖွင့်အရေးယူခံရတာ မတန်ဘူးလို့မြင်တယ်။ ဒါကလဲ တစ်ဦးဦးက ချောက်တွန်းလိုက်တာဖြစ်နိုင်တယ်။ကျပ် သန်းပေါင်း၊ သိန်းပေါင်း ရာနဲ့ချီပြီး လုပ်စားနေတဲ့ သူတွေ ပြည်သူပိုင်ငွေတွေကို သုံးစွဲပြီး စားသောက်နေတဲ့သူတွေ အများကြီး အဲ့ဒါမျိုးကိုတော့ မမိဘဲ ဒီလောက်ငွေ ပမာဏနဲ့ လူကိုပဲ အမှုဖွင့်ခံရတယ် ရာထူးကရပ်နားခံရတယ်။ သူ့လိုမျိုး အလွဲသုံးစားလုပ် တဲ့သူကို အခုလို အရေးယူတာလဲကောင်းပါတယ်။ ဒါပေမယ့် သူထက် အဆတစ်ရာလောက် လုပ်စားနေတဲ့ ၀န်ကြီးတွေရဲ့ မျက်ကွယ်က ပြည်သူပိုင်ငွေ အလွဲသုံးစားလုပ်တာတွေလာဘ်ပေးလာဘ်ယူ တွေကိုလဲ ဖော်ထုတ်နိုင်ဖို့လိုတယ်” ဟု ၀ါရင့် နိုင်ငံရေးသမားတစ်ဦးက သုံးသပ်ပြောဆိုသည်။

ဦးဆန်းဆင့်သည် နေပြည်တော် လယ်ဝေးမြို့နယ် ယက္ကန်းစင်တောင်ကျေးရွာ၌ မိသားစုအလှူပြုလုပ်ရာဌာန ပိုင် မော်တော်ယာဉ်ဝန်ထမ်းများကို အသုံးပြုသည့်အတွက် အလှူငွေပစ္စည်း၊ စက်သုံးဆီနှင့် ငွေကျပ် (၃၃)သိန်း ကျော်ကို မိသားစုအလှူအဖြစ် လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာ(၂၀)ရက်နေ့တွင်လည်း ဌာနပိုင် ဘဏ္ဍာငွေကျပ် သိန်း(၁၀၀)ကျော်ကို ထုတ်ယူသုံးစွဲခဲ့ကြောင်း သို့သော် ၂၀၁၃ ခုနှစ် နိုဝင်ဘာလဆန်းပိုင်းတွင် ငွေကျပ် (၂၈)သိန်းကျော်ကို ပြန်လည်ပေးအပ် ခဲ့ခြင်းကြောင့် (၇၂)သိန်းကျော်ထပ်မံ ပေးရန် ကျန်ရှိနေသေးသည်ဟု သိရှိရသည်။

The Myanmar Age

No comments:

Post a Comment

My Blog List