Friday, June 20, 2014

မဟာသန္တိသုခကျောင်းတိုက်ဆရာတော်များအရေး တရားရုံးမှာ စစ်ဆေးမည်


အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ တာမွေမြို့နယ်က မဟာသန္တိသုခ ကျောင်းတိုက်က ဗြိတိသျှ နိုင်ငံသား ဆရာတော် ဦးဥတ္တရ နဲ့ သံဃာ ၄ပါးအမှုနဲ့ပတ်သက်ပြီး ရန်ကုန်မြို့သံဃာ့မဟာနာယက အဖွဲ့ရုံးမှာ ရန်ကုန်တိုင်းအစိုးရ၊ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့နဲ့ ရန်ကုန်တိုင်း သံဃာ့နာယက ဆရာတော်တွေ ဒီနေ့ တွေ့ဆုံဆွေးနွေးရာမှာ တရားရုံးရဲ့ဆုံးဖြတ်ချက်အတိုင်း လိုက်နာသွားဖို့ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ ရန်ကုန်မြို့ သံဃာ့မဟာနာယကအဖွဲ့ရုံးက အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာနဲ့ပတ်သက်ပြီး မကွေး ပရိယတ္တိ စာသင်တိုက် ဆရာတော် ဦးပါမောက္ခက အခုလို မိန့်ပါတယ်။

"ရန်ကုန်တိုင်း အစိုးရဘက်ကလည်း အခြေအနေကောင်းတယ် မတင်းမာပါဘူး၊ တိုင်းသံဃာ့နာယကဘက် ကလည်း အခြေအနေမတင်းမာဘူး ကောင်းတယ်၊ တကယ်တင်းမာနေတာက နိုင်ငံတော်သံဃာ့နာယ ဆိုတော့လည်း အားလုံးမဟုတ်ဘူး၊ ၁၀ ပါးကကောင်းတယ်၊ ၅ ပါးကတင်းမာတယ် သို့သော်လည်းပဲ အများ ဆန္ဒအတိုင်းပဲဆိုပြီးတော့တရားရုံးရဲ့ အမိန့်အတိုင်းပဲဆိုတော့ ဘုန်းကြီးတို့ဘက်က အခြေအနေတော် တော်လေး ကောင်းသွားမယ်လို့ ဘုန်းကြီးယူဆပါတယ်"

ရန်ကုန်အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ တာမွေမြို့နယ် မဟာသန္တိသုခ ကျောင်းတိုက် က ဆရာတော်ဦးဥတ္တရနဲ့ သံဃာ ၄ ပါးတို့ကို မနက်ဖြန်မှာ တာမွေမြို့နယ် တရားရုံးမှာ ဒုတိယကြိမ် ရုံးထုတ်စစ်ဆေးသွားမှာဖြစ်ပါတယ်။

မနက်ဖြန်တရားရုံးချိန်းမှာ အဲဒီ ဆရာတော် ၅ပါးကို လွှတ်မပေးဘဲ ဖမ်းဆီးဖို့အမိန့်ချခဲ့ရင် ရွှေည၀ါ ဆရာတော် အရှင်ပညာသီဟ၊ မန္တလေးမစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝိရသူ၊ မကွေးပရိယတ္တိ စာသင်တိုက် ဆရာတော် ဦးပါမောက္ခ တို့က ဦးဆောင်ပြီး ဆန္ဒပြသွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့က တာမွေမြို့နယ် တရားရုံးမှာ အဲ့ဒီဆရာတော်ငါးပါးကို ရုံးထုတ်ပြီး အင်းစိန် အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်ပါတယ်။

RFA Burmese

No comments:

Post a Comment

My Blog List