Wednesday, June 18, 2014

"ယွန်းဝတီလွင်မိုး ရေးဆွဲတဲ့ ပထမဆုံး ပန်းချီကား"



ချစ်စဖွယ် ဟန်ပန်တွေ နဲ့ ပရိသတ်ရဲ့ အားပေးမှုကို ရရှိထားတဲ့ ဆယ်ကျော် သက် အနုပညာရှင်လေး ယွန်းဝတီလွင်မိုး က ငယ်စဉ်ကပင် ပန်းချီဆွဲခြင်းကို ဝါသနာပါခဲ့သူလည်း ဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုး က ပန်းချီကို ၅ တန်းလောက်ကစပြီး စိတ်ဝင်စား ဖြစ်ခဲ့ပြီး မိခင် ဖြစ်သူနဲ့အတူ ပန်းချီသင်တန်းလည်း တက် ရောက်ခဲ့ပါတယ်။



နောက်ပိုင်းမှာလည်း ပန်းချီဆွဲခြင်းကို လေ့လာဖြစ်ခဲ့ပြီး ပန်းချီဆွဲရတာ စိတ်ငြိမ်းချမ်း မှုလည်း ရရှိသလို စိတ်ကို တည်ငြိမ် အောင်ထားရပြီး တခြား အနှောင့် အယှက် ရှိရင် ပုံက တစ်မျိုးဖြစ်သွား နိုင်တယ်လို့ ယွန်းဝတီ လွင်မိုးက ပြောပါတယ်။ ယွန်းဝတီလွင်မိုး က ကျောင်းမှာလည်း ပန်းချီဆွဲဖြစ်ပြီး ပထမဆုံးဆွဲဖြစ်တဲ့ပုံကတော့ မင်းသမီးတစ်ယောက်ရဲ့ မျက်နှာပုံ ပဲဖြစ်ပါတယ်။ ပုံရဲ့ အဓိပ္ပာယ်နဲ့ ပတ်သက်ပြီး ယွန်းဝတီလွင်မိုးက..

“အကြည့်ကို စူးစူးလေး ဖြစ်နေအောင်ဆွဲချင်တာ။ တအားဆွဲဆောင်မှု ဖြစ်နေတာမျိုး ပေါ့။ အခက်အခဲကတော့ မျက်နှာ ပိုင်းမှာ ပုံစံမကျတာတွေရှိတယ်။ အဲဒါ အမျိုးစုံထပ်ထပ် ပြင်တယ်။ တအားပြင်တာများရင်လည်း ပန်းချီ ကားပျက်တာတွေ လည်းရှိတယ်။ ဒါကြောင့် အဲဒီ အပိုင်းမှာ သေချာဆွဲခဲ့ရတယ်။ 

ဒီပုံကတော့ သမီးရဲ့ ပထမဆုံး ပုံပါ။ သမီးက Profile ပုံဆွဲချင်တာလေ။ ဒါနဲ့ အင်တာနက်မှာ မော်ဒယ်တွေရဲ့ Profile ပုံတွေကို အများကြီးကိုရှာပြီး လိုက်ကြည့်တယ်။ ပြီး တော့မှ သူတို့ ပုံတွေအကုန်လုံးကို ရောစုပြီးတော့မှ ဆွဲလိုက်တာပါ” လို့ ပြောပြပါတယ်။ 

ယွန်းဝတီလွင်မိုးက မိဘတွေနဲ့အတူ ပန်းချီပြပွဲတွေလည်း လိုက်ကြည့်ဖြစ်ပြီး ပန်းချီဆရာကြီး တွေရဲ့ပုံတွေကို ကြည့်ပြီး တအားလည်း အားကျခဲ့ရကြောင်း၊ ဖခင်ဖြစ် သူရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံကိုလည်း ပန်းချီပြန်ဆွဲဖို့လည်း စိတ်ကူး ထားကြောင်း၊ ပန်းချီတွေက တော့ ဆက်ဆွဲဖို့ ရှိပြီး ပန်းချီပြပွဲပြုလုပ်ဖို့ အတွက်ကတော့ အချိန်တော်တော်ယူ ရဦးမှာ ဖြစ်ကြောင်း၊ ပန်းချီသင်တန်းကို သေချာမတက်ဘဲနဲ့ ပန်းချီဆွဲဖို့ ဆိုတာကတော့ မလွယ်ကူ ကြောင်း ပြောပြပါတယ်။

ပန်းချီကားနဲ့ပတ်သက်ပြီး ဖခင်ဖြစ်သူကကော ဘယ်လိုမှတ်ချက် ပေးလဲလို့ ယွန်းဝတီလွင်မိုးကို မေးတော့..

“ဖေဖေ ကတော့ ကောင်းတယ်တဲ့။ ထပ်ဆွဲဖို့တော့ အားပေးပါတယ်။ ပြီးတော့ ဖေဖေကလည်း အကြံပေးတယ်။ လူတစ်ယောက် ပန်းချီဆွဲမယ်ဆိုရင် မျက်လုံးကို ကြည့်ရတယ်တဲ့။ တကယ်လို့ပုံကိုကြည့်တယ်ဆိုရင်လည်း လူတွေက မျက် လုံးကိုပဲ ကြည့်တယ်ပေါ့။ အဲဒီတော့ ဒီပုံမှာဆိုရင် မျက်လုံး အားသန်တဲ့အတွက် သမီးကို ချီးကျူးပါတယ်”လို့ ပြောပြပါတယ်။

အခုဆွဲပြီးတဲ့ပုံကိုတော့ သူ့ အနေနဲ့ အားမရသေးဘဲ နောက်ပိုင်း ထပ်ဆွဲတဲ့ ပုံတွေမှာတော့ ဒီထက် ပိုမိုကောင်းမွန်အောင် ဆွဲပြီး ပရိသတ်ကိုလည်း ပြသသွားမှာဖြစ်ကြောင်း ယွန်းဝတီလွင်မိုး က ပြောပါတယ်။

လင်းအက္ခရာ
Popular Journal

No comments:

Post a Comment

My Blog List