Tuesday, June 17, 2014

ဒေါ်အောင်ဆန်းစုကြည်နှင့် နီပေါသီလရှင် ဒေါ်ဓမ္မဝတီ တို့ တွေ့ဆုံ


နီပေါဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ နီပေါနိုင်ငံသို့ ရောက်ရှိနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံတွင် ပညာသင်ကြားခဲ့သော နီပေါသီလရှင် ဒေါ်ဓမ္မဝတီ တို့ ခတ္တမန္ဒူမြို့တော်ရှိ ဓမ္မကိတ္တိကျောင်းတိုက်တွင် ဇွန်လ ၁၆ ရက်နေ့က တွေ့ဆုံခဲ့ကြောင်း နီပေါသတင်း ဌာနများတွင် ဖော်ပြထားချက်အရ သိရသည်။

ဒေါ်ဓမ္မဝတီသည် ဒေါ်အောင်ဆန်းစုကြည် ငယ်စဉ်အခါက ဗုဒ္ဓစာပေများ သင်ကြားပေးခဲ့သူ တစ်ဦးဖြစ်ပြီး ၎င်းတို့နှစ်ဦး ပြန်လည်တွေ့ဆုံပွဲမှာ နှစ်နာရီခန့် ကြာမြင့်ခဲ့ကြောင်း အဆိုပါ သတင်းဌာနများ၏ ဖော်ပြချက် အရ သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဓမ္မကိတ္တိခရီးစဉ်ကို နီပေါနိုင်ငံ ဒုတိယဝန်ကြီးချုပ်ပါ လိုက်ပါခဲ့ပြီး လူရာပေါင်း များစွာ ကြိုဆိုခဲ့ကြောင်း အဆိုပါ သတင်းများတွင် ဖော်ပြထားသည်။

“ဒီကိုပြန်ရောက်တော့ ဓမ္မကိတ္တိကျောင်းတိုက်မှာ ဖြတ်သန်းခဲ့တဲ့ ငယ်ဘဝ အချိန်တွေကို ပြန်အမှတ်ရစေ ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုကြောင်း နီပေါသီတင်းဌာန The Himalayan Times တွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၇၀ ပြည့်နှစ်များတွင် ဒေါ်ခင်ကြည် နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး တာဝန်ထမ်းဆောင်စဉ် ဓမ္မကိတ္တိဝိဟာရတွင် ကိုးလကြာ နေထိုင်၍ ဒေါ်ဓမဝ္မထံမှ ဗုဒ္ဓစာပေများ သင်ယူခဲ့ကြောင်း အဆိုပါ သတင်းဌာနတွင် ထပ်ဆင့် ဖော်ပြထားသည်။

နီပေါသီလရှင် ဒေါ်ဓမ္မဝတီမှာ အသယ် ၁၄ နှစ်အရွယ် ၁၉၄၇ ခုနှစ်၌ ဗုဒ္ဓစာပေများ သင်ယူလိုစိတ် ပြင်းပြသည့်အတွက် ဖခင်မသိစေဘဲ နေအိမ်မှ ထွက်ပြေးပြီး နီပေါမှ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ရာ အန္ဒိယနိုင်ငံ အာသံပြည်နယ်မှ ခြေလျင်ခရီးနှင်ခဲ့သူ ဖြစ်သည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ရောက်ရှိစဉ် တရားမဝင် နိုင်ငံဖြတ်ကျော် ဝင်ရောက်မှုဖြင့် ဖမ်းဆီး အကျဉ်းချခံထားရပြီး ထိုမှတစ်ဆင့်စာရင်းစစ်မင်းကြီး ဦးသာလွင်၏အကူအညီဖြင့် မော်လမြိုင်မြို့ ခေမာရာမ သီလရှင် ကျောင်းတိုက်တွင် ဓမ္မာစရိယ အောင်မြင်သည်အထိ ပညာသင်ယူခဲ့သည်။ မော်လမြိုင်မြို့ တွင် မနီပေါဟူ၍ ထင်ရှားခဲ့သူလည်း ဖြစ်သည်။

ဒေါ်ဓမ္မဝတီ၏ အတ္ထုပ္ပတ္တိ တစ်စိတ်တစ်ပိုင်းကို ရဟန်းတော် စာရေးဆရာ ရဝေထွန်းက သမီးချစ်အမည်ဖြင့် စာအုပ် ရေးသားထုတ်ဝေခဲ့ပြီး မြန်မာနိုင်ငံ ဗုဒ္ဓသာသနာပြု သမိုင်းတွင်လည်း သမီးချစ်မှာ ထင်ရှားသူအဖြစ် မှတ်တမ်းဝင်ထားသည်။

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် လေးရက်ကြာ နီပေါခရီးစဉ်အတွင်း နီပေါ ပါလီမန်နှင့် ဘုရားရှင်ဖွားမြင်ရာ လုမ္ဗိနီဥယျာဉ်တို့သို့ သွားရောက်ခဲ့ပြီး နီပေါဝန်ကြီးချုပ်ဟောင်း Koirala ၏ နှစ် (၁၀၀) ပြည့် အခမ်းအနားနှင့် နီပေါ ပါလီမန်တို့တွင် မိန့်ခွန်းပြောကြားခဲ့ကာ ဇွန်လ ၁၆ ရက်နေ့ ညတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။

The Voice Weekly

No comments:

Post a Comment

My Blog List