Friday, January 24, 2014

စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ရရှိရန်အတွက် လူများစု ဗမာ တိုင်းရင်းသားများ၏ ထောက်ခံမှု အရေးကြီးကြောင်း UNFC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လပြောကြား



စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု ရရှိနိုင်ရန်အတွက် လူများစုဖြစ်သော ဗမာတိုင်းရင်းသားများ၏ ထောက်ခံမှု အရေးကြီးကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဇန်န၀ါရီ ၂၃ ရက်တွင် ပြုလုပ်သည့် လော်ခီးလာ ညီလာခံ စတုတ္ထနေ့ အဖွင့်တွင် ပြောကြားသည်။

တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ်မူကြမ်းနှင့် ပတ်သက် သော ဆုံးဖြတ်ချက်များနှင့် အတည်ပြုမှုများ လုပ်ဆောင်မည့် တိုင်းရင်းသား လက်နက်ကိုင်များ အဖွဲ့များ၏ လော်ခီးလာ ညီလာခံ စတုတ္ထနေ့တွင် ဗိုလ်ချုပ်ကြီး အင်ဘန်လက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အဖွင့်စကား ပြောကြားရာ၌ ယင်းကဲ့သို့ ထည့်သွင်းပြောဆို လိုက်ခြင်းဖြစ်သည်။

“ကျွန်တော်တို့ လိုချင်တဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု၊ အမျိုးသားကို အခြေခံတဲ့ ပြည်ထောင်စုကြီး ဖြစ်လာအောင် ဗမာလူမျိုးတွေက ထောက်ခံပေးရမှာ ဖြစ်တယ်။ ဗမာလူမျိုးတွေ မထောက်ခံလို့တော့ မရဘူး။ ဘယ်လိုမှ ဖြစ်လာမှာ မဟုတ်ဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့က ရှေ့ဆက်ပြီးတော့ တော်တော်ပဲ ကြိုးစားရဦးမှာ ဖြစ်တယ်” ဟု ဗိုလ်ချုပ်ကြီး အင်ဘန်လက ဆိုသည်။

သို့သော် လူများစုဖြစ်သော ဗမာတိုင်းရင်းသားများ၏ ထောက်ခံမှုကို ရယူရန် မည်သို့မည်ပုံ ကြိုးစားမည် ဆိုသည့်အချက်အား ၎င်းကထည့်သွင်း ပြောကြားခဲ့ခြင်း မရှိပေ။

“အစိုးရ အဆက်ဆက်ဟာ ကျွန်တော်တို့ တိုင်းရင်းသားများ အပေါ်မှာ ထားရှိတဲ့ သဘောထားဟာ တစ်ခုတည်းပဲ ဖြစ်တယ်။ မပြောင်းလဲဘူး။ ယနေ့အထိလည်း မပြောင်းလဲဘူး။ ကျွန်တော်တို့ လက်နက်ကိုင် တော်လှန်ကြတာဟာ ဆူပူသောင်းကျန်းတယ်ဆိုတဲ့ သဘောနဲ့ပဲ ကျွန်တော်တို့ကို ဆက်ဆံခဲ့တာ ယနေ့ အထိ ဖြစ်တယ်။ ဒီတော့ အပစ်အခတ်ရပ်စဲဖို့ သူ့မှာ ဒါပဲသဘောရှိတယ်။ နိုင်ငံရေး ဆွေး နွေးဖို့ သဘော မရှိဘူး။ ဒါကိုကျွန်တော်တို့က တွန်းအားပေးရမှာ ဖြစ်တယ်။ တွန်းအားပေးရာမှာ တစ်ဖွဲ့ချင်း တွန်းအားပေး လို့ မရဘူး။ အခုလို ကျွန်တော်တို့ စုစုစည်းစည်းနဲ့ တွန်းအားပေးရမှာဖြစ်တယ်။ ဒီစုစည်းမှုတောင်မှ အားမရှိသေးဘူး။ ပြည်သူလူထုပါရမှာ ဖြစ်တယ်” ဟု ဗိုလ်ချုပ်ကြီး အင်ဘန်လကဆိုသည်။ တိုင်းရင်းသား များ အနေဖြင့် မိမိတို့ လိုလားချက်များကို နှစ်ပေါင်းခြောက်ဆယ်ကျော် တောင်းဆိုလာခဲ့သော်လည်း ပြည်သူလူထုအားလုံး၏ ထောက်ခံအားပေးမှု ‘အား’ မရှိခဲ့ကြောင်း၊ ထို့ကြောင့် အစိုးရဘက်က အားသာမှု များ ရှိခဲ့ကြောင်း၊ မိမိတို့ အနေဖြင့် စည်းလုံးမှုကို ပိုကြိုးစားရမည် ဖြစ်ကြောင်း အမေရိကန်-ဗီယက်နမ်စစ် နှင့် နှိုင်းယှဉ်ပြီး ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောကြားသည်။

ထို့ပြင် အစိုးရကို တောင်းဆိုရာ၌ မရဲတရဲ ဖြစ်နေခြင်းများ ရှိနေပြီး သိမ်ငယ်သည့် စိတ်ထားများကို တိုက်ဖျက်ရမည်ဟု ဆက်လက် ပြောကြားသည်။

“ကျွန်တော်ထင်တယ်။ အစိုးရကို တောင်းဆိုတဲ့ နေရာမှာလည်း ကျွန်တော်တို့က မရဲတရဲ ဖြစ်နေ တာကိုလည်း တွေ့ရမှာ ဖြစ်တယ်။ ဒီလိုပြောလိုက်ရင် အစိုးရက မကြိုက်ဘူး။ အစိုးရ စိတ်ဆိုးမှာပဲ။ သမ္မတကြီးက ကြိုက်မှာမဟုတ်ဘူး။ ကာချုပ်ကြီးက ကြိုက်မှာ မဟုတ်ဘူးဆိုတဲ့ စိတ်ထားတွေ၊ ကျွန်တော်တို့ ဆီမှာ သိမ်ငယ်တဲ့ စိတ်ဓာတ်တွေရှိတယ်။ ဒါကို ကျွန်တော်တို့က တိုက်ဖျက်ရမယ်။ ကျွန်တော်တို့ လိုချင်တာကို ရဲရဲပြောရမယ်။ တစ်ခုမကျန် ထည့်ပြီးတော့ ရေးဆွဲတင်ပြနိုင်ရမှာ ဖြစ်တယ်။ ဒီလိုမှမလုပ်ရင် နောက်နောင်ကို ပိုပြီးတော့ နစ်နာသွားမယ်” ဟု ဗိုလ်ချုပ်ကြီး အင်ဘန်လက ဆိုသည်။

“ကျွန်တော်တို့ကို အုပ်ချုပ်နေတဲ့ အစိုးရဟာ အင်မတန်မှ ဥာဏ်များတယ်။ ဒါအားလုံး အသိဖြစ်တယ်။ ဟာကွက်လေး နည်းနည်းရှိရင်သူက အဲဒါကို အသုံးချပြီးတော့ ကျွန်တော်တို့ကို တိုက်ဖျက်နိုင်တယ်။ ကျွန်တော်တို့ရဲ့ စုစည်းမှုကိုလည်း တိုက်ဖျက်နိုင်တယ်။ ဒါကြောင့်မို့ ဒါတွေမဖြစ်ရအောင် ကျွန်တော်တို့ဟာ စုစုစည်းစည်းနဲ့ ခိုင်ခိုင်မာမာ ကျွန်တော်တို့ လိုချင်တာတွေကို ပြတ်ပြတ်သားသား တောင်းဆိုကြရအောင်” ဟု ၎င်းကဆက်လက် ပြောကြားသည်။

ဗိုလ်ချုပ်ကြီး အင်ဘန်လသည် UNFC ၏ ဥက္ကဋ္ဌဖြစ်ပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ ဒုတိယ ဥက္ကဋ္ဌ ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment

My Blog List