Thursday, January 23, 2014

တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းအား ၂ဝ၁၄ နှစ်ကုန်တွင် အပြီးသတ်ရေးဆွဲမည်



မြန်မာနိုင်ငံတွင် တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းအား ၂ဝ၁၄ နှစ်ကုန်တွင် အပြီးသတ် ရေးဆွဲသွား မည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၂ ရက် UNODC မှ ပြုလုပ်သည့် တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်း ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲတွင် သိရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲမှူးချုပ်ဝင်းနိုင်ထွန်းက “တရားခံလွှဲပြောင်းရေး ဥပဒေဟာ မြန်မာနိုင်ငံတွင် ၁၉ဝ၃ ခုနှစ်က အင်္ဂလိပ်အစိုးရလက်ထက် အိန္ဒိယနိုင်ငံရဲ့ တရားခံလွှဲပြောင်းရေး ဥပဒေကိုမှီ၍ မြန်မာနိုင်ငံ တရားခံလွှဲပြောင်းရေးဥပဒေ ၁၉ဝ၄ ခုနှစ် ဥပဒေကို ပြဌာန်းခဲ့ပါတယ်။ ၎င်းဥပဒေဟာ အချိန်ကာ လကြာမြင့်ခြင်း၊ ပြောင်းလဲနေသော ပြစ်မှုများ၊ အသစ်ပေါ်ပေါက်လျက်ရှိသော ပြစ်မှုများ၊ နိုင်ငံတော်က လက်မှတ်ရေးထိုး ပါဝင်သော အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းများနဲ့ လိုက်လျောညီထွေမှုရှိတဲ့ တရားခံလွှဲပြောင်းရေးဆိုင်ရာ ပြည်တွင်းဥပဒေတစ်ရပ် လိုအပ်လျက်ရှိပါတယ်” ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ၁၉ဝ၄ ခုနှစ်က ပြဌာန်းခဲ့သော တရားခံလွှဲပြောင်းရေး အက်ဥပဒေကို နိုင်ငံတကာ စံချိန် စံနှုန်းများနှင့် ကိုက်ညီစေရေးအတွက် ပြင်ဆင်ရေးဆွဲရန် ပြည်ထဲရေးဝန်ကြီးဌာန ဗဟိုထိန်းချုပ်ရေးအဖွဲ့မှ ၂ဝ၁၃ ခုနှစ် စက်တင်ဘာ ၃ဝ ရက်တွင် လုပ်ငန်းဆောင်ရွက်ရေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး ၎င်းအဖွဲ့တွင် သက်ဆိုင်ရာ ဌာနများမှ အဖွဲ့ဝင် ၁၆ ဦးပါဝင်ပြီး နိုင်ငံတကာ ဥပဒေများ၊ UNODC Model Law ဒေသတွင်း နိုင်ငံများနှင့် အိမ်နီးနားချင်း နိုင်ငံများမှ ဥပဒေများကိုလေ့လာ၍ ဥပဒေမူကြမ်းတစ်ရပ် ရေးဆွဲခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲမှူးကြီးကျော်ဝင်းသိန်းက “ကျွန်တော်တို့ ဥပဒေရေးဆွဲတဲ့အခါမှာ နိုင်ငံတကာ အိမ်နီးနားချင်းနိုင်ငံတွေက ကွန်ဗင်းရှင်းတွေ သူတို့ရဲ့ဥပဒေတွေ ကျွန်တော်တို့က UNODC ကနေ တစ်ကမ္ဘာလုံး သုံးဖို့စံဖြစ်တဲ့ Model Law ကို အခြေခံတယ်။ တရားခံလွှဲပြောင်းရေးဆိုတာ နိုင်ငံတကာဆက်ဆံရေးမှာ အများကြီး အထောက်အကူပြုတဲ့ ဥပဒေပါ။ နိုင်ငံရဲ့ ရပ်တည်ချက်တွေကို အဓိကထားပြီး ဖြည့်စွက်ထားတဲ့ နိုင်ငံတော်ရဲ့ ပြည်သူ့အကျိုးစီးပွားကို အခြေခံပြီး ကျွန်တော်တို့ ရေးဆွဲထားပါတယ်။ ဒီဥပဒေထွက်ပြီးသွားရင် ကျွန်တော်တို့နိုင်ငံအတွက် အများကြီး အကျိုးရှိသလို နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အခါမှာလည်း အထောက်အကူ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment

My Blog List