Monday, January 20, 2014

ရှုံးပွဲမရှိ စံချိန်ဖြင့် မြန်မာအမျိုးသား ထိုင်လျက်ဘော်လီဘော ရွှေတံဆိပ် ဆွတ်ခူး


 
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပသည့် (၇) ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲတွင် ပါဝင်သည့် ထိုင်လျက် ဘော်လီဘော ဗိုလ်လုပွဲစဉ်များကို ဇန်နဝါရီလ ၁၉ ရက်နေ့က နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ (၁) တွင်ကျင်းပရာ မြန်မာအမျိုးသား ဘော်လီဘောအသင်းက ထိုင်းအသင်းကို သုံးပွဲပြတ် အနိုင်ရပြီး ပြိုင်ပွဲတစ်လျှောက် ရှုံးပွဲမရှိ စံချိန်ဖြင့် ရွှေတံဆိပ်ဆုကို ဆွတ်ခူးနိုင်ခဲ့သည်။

ရွှေတံဆိပ်ဆုရ မြန်မာအမျိုးသား ဘော်လီဘောအသင်းကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ကျပ်သိန်း ၃၀ ချီးမြင့်ခဲ့သည်။

ယင်းအားကစားနည်းသည် သာမန် ဘော်လီဘော ပြိုင်ပွဲကဲ့သို့ ယှဉ်ပြိုင်ရခြင်း ဖြစ်ရာ မြန်မာအသင်းသည် ပထမပွဲငယ်တွင် ၂၅ မှတ် ၁၉ မှတ်၊ ဒုတိယပွဲငယ်တွင် ၂၅ မှတ်၂၁ မှတ်၊ တတိယပွဲငယ်တွင် ၂၅ မှတ်၂၀ မှတ်တို့ဖြင့် ထိုင်းအသင်းကို သုံးပွဲပြတ် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

မြန်မာအသင်းသည် ပြိုင်ပွဲတစ်လျှောက် ထိုင်းအသင်းနှင့် ကမ္ဘောဒီးယား အသင်းတို့ကို တောက်လျှောက် အနိုင်ရခဲ့ပြီး ရာနှုန်းပြည့် နိုင်ပွဲဖြင့် ရွှေတံဆိပ်ဆုကို ရရှိခဲ့ခြင်းလည်း ဖြစ်သည်။

ယင်းအားကစားနည်းတွင် အိမ်ရှင် မြန်မာအသင်းက ပထမ၊ ထိုင်းအသင်းက ဒုတိယ၊ ကမ္ဘောဒီးယား အသင်းက တတိယ အသီးသီး ရရှိခဲ့ကြသည်။

အမျိုးသမီးထိုင်လျက် ဘော်လီဘောအသင်း ဗိုလ်လုပွဲစဉ်တွင် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အင်ဒိုနီးရှားအသင်းက မြန်မာအသင်းကို အနိုင်ရခဲ့သောကြောင့် မြန်မာအသင်းမှာ ငွေတံဆိပ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

ငွေတံဆိပ်ဖြင့်သာ ကျေနပ်ခဲ့ရသည့် မြန်မာ အမျိုးသမီးအသင်းကို သစ်တောရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တစ်ဦးလျှင် ကျပ်တစ်သိန်းစီ ဆုချီးမြှင့်ခဲ့ပြီး အောင်ပွဲရ မြန်မာ အမျိုးသားအသင်းကို တစ်ဦးလျှင် ကျပ်နှစ်သိန်းစီ ဆုချီးမြှင့်ခဲ့သည်။

The Voice Weekly

No comments:

Post a Comment

My Blog List