Wednesday, January 22, 2014

၁၉၆၂ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ နိုင်ငံရေး အကျဉ်းသားများစာရင်း စတင်ကောက်ခံ


AAPP နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPs) တို့ပူးပေါင်းပြီး ၁၉၆၂ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ဖမ်းဆီးခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားများ စာရင်းကို စတင်ကောက်ခံနေပြီဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့၏ ရုံးအဖွဲ့မှူး ဦးသက်ဦးက The Daily Eleven သို့ ပြောကြားသည်။

ရန်ကုန်တိုင်းအတွက် ဦးထွန်းကြည်နှင့် ဦးလှဌေးတို့က တာဝန်ယူကောက်ခံမှာဖြစ်ပြီး မန္တလေးတိုင်းအတွက် နိုင်ငံရေး အကျဉ်းသားဟောင်းများကွန်ရက် (နိုင်ကွန်) မှ တာဝန်ယူဆောင်ရွက်ကာ မကွေးတိုင်းအတွက် ဦးညွန့်ဝေ၊ ဧရာဝတီတိုင်းအတွက် ဦးအောင်မျိုးကျော်(ခေါ်)ပွကြီးကလည်းကောင်း၊ ပဲခူးတိုင်းအရှေ့ပိုင်းကို ဦးဘိုတောက်နှင့် ဦးကျော်ကျော်တို့ကလည်းကောင်း၊ ပဲခူးတိုင်းအနောက်ခြမ်းအတွက် ကိုကျော်နိုင်ဦးနှင့် ကိုကျော်ဆန်းတို့ကလည်းကောင်း၊ စစ်ကိုင်းတိုင်းအတွက် ဦးသန်းဌေးနှင့် ဦးဝင်းအောင်တို့ကလည်းကောင်း ဒေသခံနိုင်ငံရေး အကျဉ်းသားဟောင်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ဦးသက်ဦးက ပြောကြားသည်။

ဒေသအသီးသီးအား တစ်လအတွင်းကောက်ခံရန် စီစဉ်ထားသော်လည်း နိုင်ငံရေးအကျဉ်းသားအားလုံး၏ စာရင်းရရှိစေရန်အတွက် စောင့်ဆိုင်းမှုများလည်း ပြုလုပ်မှာဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

နိုင်ငံရေး အကျဉ်းသားစာရင်းကောက်ယူရာတွင် တတ်နိုင်သမျှ မှန်ကန်တိကျစေရန်အတွက် ထောင်မကျခင် စစ်ကြောရေးအတွေ့အကြုံများ၊ ထောင်တွင်းဖြတ်သန်းမှုများနှင့် ပြန်လည်လွတ်မြောက် လာပြီးနောက် ဘ၀ပြန်လည်ထူထောင်ရာတွင် အာဏာပိုင်အဖွဲ့အစည်းများ၏ နှောင့်ယှက်ခဲ့မှုများ၊ စစ်ကြောရေးမှရရှိလာသည့် ဒဏ်ရာဒဏ်ချက်များအား ကုသခွင့်ရမရ စသည်တို့အပြင် ယခုလက်ရှိတွေ့ကြုံခံစားနေရသည့် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် အချက်အလက် များ ထည့်သွင်းထားသည့် မေးခွန်းများအား မေးမြန်းမှာဖြစ်ကြောင်း သိရသည်။

ထိုသို့ စာရင်းကောက်ယူမှုနှင့် ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးရဲအောင်က" ၁၉၆၂ ခုနှစ် ဦးနေ၀င်း အာဏာသိမ်းလိုက်တဲ့အချိန်ကစပြီး ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှု တွေကြောင့် ထောင်ကျခဲ့တဲ့လူတွေ ရှိပါတယ်။ အဲဒါတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့နိုင်ငံမှာ စနစ်တကျမရှိ သေးဘူး။ အဲဒီ့အတွက် သမိုင်းမှတ်တမ်းကျန်ခဲ့ဖို့ ရည်ရွယ်တာပါ။ စာရင်းအတိအကျ ရပြီဆိုတာနဲ့ ကျန်တဲ့ကူညီဆောင်ရွက်မှုတွေ လုပ်ပေးဖို့ စီစဉ်နေပါတယ်။ ရလာတဲ့သမိုင်းဆိုင်ရာ အချက်အလက်တွေကို ပြည်သူတွေသိအောင်၊ နိုင်ငံတကာသိအောင်ပါ ဖြန့်ဝေပေးဖို့ အစီအစဉ်ရှိပါတယ်"ဟု ပြောကြားသည်။

နိုင်ငံရေးအကျဉ်းသားများစာရင်း ကောက်ယူရေးကို AAPP နှင့် FPPs တို့က ပူးပေါင်းကောက်ခံ မှာဖြစ်သော်လည်း ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း၊ NLD ပါတီ၊ SNLD ပါတီအပါအ၀င် နိုင်ငံရေးအဖွဲ့ အစည်းအချို့နှင့် တောင်သူလယ်သမားအရေး၊ အလုပ်သမားအရေး ဆောင်ရွက်နေသူအချို့ကလည်း ကူညီပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အစိုးရသစ်တက်လာပြီးနောက်ပိုင်း  အကျဉ်းထောင်များအတွင်းမှ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားအရေအတွက်မှာ ၁၁၀၀ ၀န်းကျင်ရှိခဲ့ပြီး အကျဉ်းထောင်များအတွင်း နိုင်ငံရေး အကျဉ်းသား ၃၄ ဦး ကျန်ရှိနေသည်ဟုလည်း သိရသည်။ ၁၉၈၈ တပ်မတော်မှ အာဏာသိမ်းပြီးနောက်ပိုင်း အကျဉ်းထောင်များအတွင်း နိုင်ငံရေး အကျဉ်းသားဦးရေ သိသာစွာမြင့်တက်ခဲ့သော်လည်း မြန်မာနိုင်ငံရှိ အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသား စဉ်ဆက်မပြတ်ရှိနေခဲ့သည်ဟုလည်း နိုင်ငံရေး အကျဉ်းသားများအရေး ဆောင်ရွက်နေသူများက ပြောကြားခဲ့ပြီး ၁၉၆၂ မှ ယနေ့အထိ နိုင်ငံရေး အကျဉ်းသားဦးရေ ၂၀၀၀၀ ၀န်းကျင်ရှိနိုင်သည်ဟုလည်း ခန့်မှန်းကြသည်။

လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားဟောင်းအများစုမှာ ဘ၀ပြန်လည် ထူထောင်နိုင်ရန်အတွက် အခက်အခဲရှိနေသည်ဟု နိုင်ငံရေးအကျဉ်းသားများနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းများက ပြောကြား လိုက်ပြီး ယခုလတ်တလော ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရင်းမှ နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ ကျန်းမာရေးအတွက် အခမဲ့ကုသနိုင်ရန် စီစဉ်ပေးလျက်ရှိသည်ဟုလည်း သိရသည်။ နိုင်ငံရေး အကျဉ်းသားများ ပြစ်ဒဏ်မှ လွတ်မြောက်လာသော်လည်း အာဏာပိုင်အဖွဲ့အစည်းများမှ စီးပွားရေး၊ လူမှုရေးတို့၌ အနှောင့်အယှက်ပေးခြင်းကို ခံစားခဲ့ရပြီး အချို့အကျဉ်းသားများမှာ မိသားစုဘ၀ ပြိုကွဲပျက်စီးသည်အထိ ခံစားခဲ့ရသည်ဟု AAPP မှ ဦးကျော်စိုးက ပြောကြားသည်။ 

နိုင်ငံရေးအကျဉ်းသားစာရင်း အတိအကျရရှိပြီးပါက နိုင်ငံတော်အနေဖြင့် နိုင်ငံရေးအကျဉ်းသားများအား အသိအမှတ်ပြုရန်နှင့် ဘ၀ပြန်လည်ထူထောင်ရေးကို အကူအညီပေးရန် တောင်းဆိုသွားမည်ဟုလည်း သတင်းရရှိသည်။   

Eleven Media Group

No comments:

Post a Comment

My Blog List