Thursday, January 23, 2014

၂၀၁၅ ရွေးကောက်ပွဲအကြို ပအို့ဝ် တိုင်းရင်းသား နှီးနှောဖလှယ်ပွဲ ကျင်းပမည်



၂၀၁၅ ရွေးကောက်ပွဲတွင် ပအို့ဝ်တိုင်းရင်းသား နိုင်ငံရေးအင်အားစုများအကြား စည်းလုံးမှု တည်ဆောက် ရန်နှင့် တိုင်းရင်းသားအရေးကိစ္စများ ဆွေးနွေးရန် ပထမဆုံးအကြိမ် ပအို့ဝ် တိုင်းရင်းသား နှီးနှောဖလှယ် ပွဲကို မတ်လဆန်းပိုင်းအတွင်း ကျင်းပမည် ဖြစ်ကြောင်း ပအို့ဝ် အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ပြောကြားသည်။

၂၀၁၅ ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ရာတွင် အမျိုးသား ညီညွတ်မှု ပြိုကွဲခြင်း မရှိစေရန်နှင့် ရွေးကောက်ပွဲ အောင်နိုင်ရေး၊ အမျိုးသား ညီညွတ်မှု ပိုမို တိုးတက်စေရေးတို့ကို အဓိက ဆွေးနွေးသွားမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

“ဒီနေ့ အချိန်အခါဟာ ပအို့ဝ် တစ်မျိုးသားလုံး၊ ဒေသစုံ၊ နယ်ပယ်စုံ၊ အဖွဲ့အစည်းအစုံမှာရှိတဲ့ ပအို့ဝ်တွေ အကုန်လုံး စုပေါင်းပြီးတော့ အမျိုးသား ညီညွတ်မှုရယူဖို့ အကောင်းဆုံး အချိန်အခါ ဖြစ်ပါတယ်” ဟု ဦးခွန်မြင့်ထွန်းက ပြောဆိုသည်။

ပထမဆုံးအကြိမ် ပအို့ဝ် တိုင်းရင်းသား နှီးနှောဖလှယ်ပွဲကို မွန်ပြည်နယ် သထုံမြို့တွင် သုံးရက်ကြာ ကျင်းပမည် ဖြစ်ပြီး ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်တွင် ပအို့ဝ် တစ်မျိုးသားလုံး ပါဝင်လာနိုင်ရေး၊ အစိုးရက ကျင်းပမည်ဟု ပြောဆိုထားသည့် ပင်လုံကဲ့သို့သော ညီလာခံတွင် ပအို့ဝ် အမျိုးသားများ တညီတညွတ်တည်း ပြောဆိုဆွေးနွေးနိုင်ရေး ဆွေးနွေးမည် ဖြစ်ကြောင်း PNLO တွဲဖက်အထွေထွေ အတွင်းရေးမှူး ဒေါ်နန်းနွယ်နွယ် က ပြောကြားသည်။

“သထုံဆိုတာ ပအို့ဝ် တိုင်းရင်းသားတွေရဲ့ ပုဂံပဲလေ။ ဒါကြောင့် ပထမဆုံးပွဲကို အဲဒီမှာ ကျင်းပမှာပါ” ဟု ၎င်းကဆိုသည်။

အဆိုပါ နှီးနှောဖလှယ်ပွဲတွင် ပအို့ဝ် တစ်မျိုးသားလုံးဆိုင်ရာ အခြေခံမူများ ချမှတ်သွားမည် ဖြစ်ပြီး အနေအထား၊ အဖွဲ့အစည်း မတူညီသည့် ပအို့ဝ် အမျိုးသားအားလုံး ကိုင်စွဲရမည့် မူဘောင်များ ဖြစ်လာစေရန် ကြိုးပမ်းမည် ဖြစ်ကြောင်း ဦးခွန်မြင့်ထွန်းက ရှင်းပြသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် PNLO တို့ ချုပ်ဆိုထားသည့် ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေး စာချုပ်တွင် ပအို့ဝ် အမျိုးသားညီလာခံ၊ လူငယ်ညီလာခံ၊ အလုပ်သမား ညီလာခံ၊ အမျိုးသမီး ညီလာခံများ ကျင်းပရေးကို ထည့်သွင်း ချုပ်ဆိုထားကြောင်း PNLO ထံမှသိရသည်။

ပအို့ဝ် တိုင်းရင်းသားများမှာ မြန်မာနိုင်ငံတွင် သတ္တမမြောက် လူဦးရေ အများဆုံး တိုင်းရင်းသား လူမျိုးဖြစ်ပြီး ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းဒေသကြီးတွင် ပျံ့နှံ့ နေထိုင်ကြောင်း PNLO ထံမှသိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List