Monday, January 20, 2014

တော်ဝင်မိသားစု ဆောက်လုပ်ရေးကုမ္ပဏီဥက္ကဋ္ဌ ဦးကိုကိုထွေးနှင့် တွေ့ဆုံခြင်း



တန်ဖိုးနည်းနှင့် တန်ဖိုးသင့်တင့်မျှတသောအိမ်ရာများ တည်ဆောက်ရာတွင် တည်ဆောက်သူနှင့် နေထိုင် သူများကြား မျှတသော နေထိုင်ရေး ဖြစ်စေရန် အဆိုပါ အိမ်ရာများ တည်ဆောက်။ အဆိုပါ အိမ်ရာများ တည်ဆောက်ခြင်းနှင့် ပတ်သက်သည့် ဥပဒေတစ်ရပ် ပြဌာန်းပေးရန် လိုအပ်ကြောင်းနှင့် တန်ဖိုးနည်းနှင့် တန်ဖိုးသင့်သင့်မျှတဟု ခေါ်ဆိုနေကြသော အိမ်ရာများ၏ အဓိပ္ပါယ်နှင့် အနှစ်သာရ ပိုမိုပီပြင်ပေါ်လွင်သင့် ကြောင်းကို တော်ဝင်မိသားစု ဆောက်လုပ်ရေး ကုမ္ပဏီဥက္ကဋ္ဌ ဦးကိုကိုထွေးမှ မဇ္ဈိမနှင့်တွေ့ဆုံ၍ သုံးသပ် ပြောကြားခဲ့သည်။
ရန်ကုန်မြို့မှာရှိတဲ့ ပြည်သူလူထုတွေရဲ့ နေထိုင်ရေး ပြေလည်စေဖို့ တန်ဖိုးနည်း အိမ်ရာတွေက တစ်ဖက် တစ်လမ်းက အထောက်အကူပြုတယ်လို့ ပြောနိုင်ပါလား။အခြေခံလူတန်းစားတွေအတွက် တန်ဖိုးနည်း အိမ်ရာတွေ ဆောက်ပေးရမယ်။ နောက်ပြီး ၀င်ငွေအသင့် အတင့် လူတန်းစားတွေအတွက် တန်ဖိုးသင့် တင့်မျှတတဲ့ တိုက်ခန်းတွေဆောက်ပေးဖို့လိုတယ်။ တစ်လ ကို တစ်သိန်း၊ နှစ်သိန်း၊ သုံးသိန်း သွင်းနိုင်တဲ့ ၀ယ်သူက တစ်လကိုငါးသောင်းပဲပေးနိုင်တဲ့သူထက် ပိုကောင်းတဲ့ တိုက်ခန်းကို ရနိုင်မှာပဲလေ။ ဒီတော့ ၀င်ငွေနည်းတဲ့ အခြေခံလူတန်းစားရော ၀င်ငွေအသင့် အတင့်ရှိတဲ့ လူလတ်တန်းစားတွေအတွက် တန်ဖိုး နည်းရော တန်ဖိုးသင့်တင့်မျှတတဲ့ တိုက်ခန်းတွေ အများကြီးဆောက်ပေးဖို့ လိုပါတယ်။ 

ရန်ကုန်မြို့မှာတည်ဆောက်ခဲ့ကြတဲ့ တန်ဖိုးနည်းလို့ ခေါ်ဆိုနေတဲ့အိမ်ရာတွေ ပီပြင်စွာ အကောင်အထည် ပေါ်လာဖို့ အစိုးရက နှစ်ရှည်စီမံကိန်းတွေ ဘယ်လိုစီမံဆောင်ရွက်ဖို့ လိုပါလဲ။

ဥပမာပြောရရင် အစိုးရက လူငါးသိန်းစာနေထိုင်ဖို့အတွက် တန်ဖိုးနည်းအိမ်ရာတစ်ခု တည်ဆောက်မယ် ဆိုရင် လူငါးသိန်းစာအတွက် တိုက်ခန်းတွေအပြင် ရေ၊ မီး အပြည့်အစုံ၊ သွားလာဆက်သွယ်ရေးအတွက် လမ်းတွေ၊ နောက်ပြီး ကျောင်းဆေးရုံစတဲ့ ပံ့ပိုးမှုအင်္ဂါရပ်တွေ သေသေချာချာ ထည့်သွင်းဆောင်ရွက်ဖို့ လိုတယ်။ နောက်ပြီး အစိုးရကပဲဦးဆောင်ပြီး တဲပေါ်ကနေ တိုက်ပေါ်တင်စီမံကိန်းတွေ ဆောင်ရွက်မယ် ဆိုလည်း နေရေးအတွက်ပြည့်စုံညီညွတ်တဲ့ ပံ့ပိုးမှုအင်္ဂါရပ်တွေ အပြည့်အစုံ ဖြည့်ဆည်းဆောင်ရွက်မယ် ဆိုရင် ရန်ကုန်မြို့က အခြေခံလူတန်းစားတွေရဲ့နေရေး ပိုပြေလည်မှာပါ။ ဒီလိုစီမံကိန်းတွေကိုရေရှည် ငါးနှစ်စီမံကိန်းရေးဆွဲချမှတ်ပြီး ဆောင်ရွက်မယ်ဆိုရင် သန်းချီနေပြီဖြစ်တဲ့ အခြေခံလူတန်းစားတွေ အတွက် နေထိုင်ရေး ပြေလည်မှာပါ။ 

လက်ရှိမှာ မုဒိတာအိမ်ရာ စီမံကိန်းတွေ ဆောင်ရွက်နေတဲ့ အခြေအနေကရော။

မုဒိတာ (၁) ကတော့ နေထိုင်သူတွေကို အပ်ပြီးပါပြီ။ မုဒိတာ (၂) ကတော့ ဇန်န၀ါရီလကုန် သို့မဟုတ် ဖေဖော်ဝါရီထဲမှာ အပ်သွားမှာပါ။ (၃) ကတော့ မဆောက်ရသေးပါဘူး။

မုဒိတာအိမ်ရာတွေက တန်ဖိုးသင့်တင့်မျှတတဲ့ အိမ်ရာလို့ ပြောနိုင်လား။ ဘယ်လို အခက်အခဲတွေ ကြုံတွေ့ခဲ့ရပါလဲ။ 

မုဒိတာ (၁) မှာ ဘယ်လိုအခက်အခဲ တွေ့ခဲ့ရသလဲဆိုရင် ၀ယ်ထားတဲ့သူတွေက ငွေမသွင်းချင်ဘူး။ တိုက်ခန်းအရောင်းအ၀ယ်စာချုပ်ကိုလိမ်ပြီး လျှောက်ရောင်းစားတယ်။ မုဒိတာရဲ့ပြဿနာက တကယ် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ အင်အားနည်းတယ်။ မုဒိတာ (၁) နဲ့ (၂)ပေါင်းမှ အခန်း ၃,၃၀၀ ကျော် ပဲရှိတယ်။ ဒီတော့ အခန်းဈေးတွေ တအားတက်သွားတယ်။ အခန်းပေါင်း ၃၃,၀၀၀ သာဖြစ်ခဲ့မယ်ဆိုရင် ဈေးတွေ ဒီလောက်မတက်တော့ဘူး။ မြောက်ဒဂုံက ဗိုလ်ဗထူးအိမ်ရာကို အစိုးရဆီကနေ တောင်းခဲ့ဖူးပါ တယ်။ မြေ ၁၀၅ ဧကပေါ်မှာ မြေဖိုးကျပ်သန်း ၇၀ သွင်းပြီး ဆောက်ပေးမယ်ပေါ့။ တစ်ခန်းကို ၄၄ သိန်းနဲ့ အခန်းပေါင်း ၂၀,၀၀၀၊ တစ်ခန်းကို ၈၄ သိန်းနဲ့ အခန်းပေါင်း ၁၀,၀၀၀၊ တစ်ခန်းကို ၁၂၄ သိန်းနဲ့ အခန်း ပေါင်း ၅၀၀၀ ကို ရောင်းပေးမယ်။ စုစုပေါင်း အခန်း ၃၅,၀၀၀ ထွက်အောင်လုပ်ပေးမယ်။ဒါ့အပြင် ဈေး၊ ကျောင်း၊ ကလေးကစားကွင်း၊ မူကြို၊ နေ့ကလေးထိန်း အဆောက်အအုံတွေပါမယ်။ ဒါပေမဲ့ နိုင်ငံတော်က မပေးတော့ မလုပ်ရဘူးပေါ့။ တိုက်ခန်း ၁၅၀ လောက်ဆောက်လည်း အမြတ်က ဒီထက်ရပါတယ်။ တန် ဖိုးမျှတတယ်ဆိုတာက စကားပဲရှိတာ။ တကယ်တမ်း အဲဒီနေရာမှာရှိတဲ့ပေါက်ဈေးနဲ့ ဘယ်လိုမှ မရောင်း နိုင်ဘူး။ 

မုဒိတာအခန်းဈေးတွေက သိန်း ၈၀၀ လောက်ဈေးရှိတယ်ဆိုတော့ ဒါနဲ့ပတ်သက်ပြီးလည်း သိပါရစေ။

ဒါက နေရာအနေအထား၊ ဆောက်လုပ်မှုကုန်ကျစရိတ်တွေကြောင့်ပါ၊ ဥပမာ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ အကျယ်အ၀န်းတူတဲ့ တိုက်ခန်းတစ်ခန်းက သိန်း ၁၀၀ ဆိုရင် မရမ်းကုန်းမှာရှိတဲ့ မုဒိတာအိမ်ရာမှာ အကြမ်းထည်ဈေး သိန်း ၃၀၀-၄၀၀ တောင် မရချင်ဘူး။ ဘာကြောင့်လဲဆိုတော့ နေရာကြောင့်ပါ။ ပတ် ၀န်းကျင် စည်ကားတာနဲ့ မစည်ကားတာပေါ်မူတည်ပြီးလည်း ဈေးကွာပါတယ်။ ၀ယ်သူတွေရဲ့ ယူဆ ချက်အရ နေလို့ထိုင်လို့ သွားလို့လာလို့ အဆင်ပြေတဲ့နေရာကို ရွေးကြတယ်။ ခြံနဲ့ဝင်းနဲ့ နေနိုင်တဲ့ ပိုက်ဆံ ရှိတဲ့သူတွေက မြို့ပြင်ရောက်လည်း အရေးမကြီးဘူး။ ပိုက်ဆံရှိတယ်လေ၊ ကားစီးနိုင်တယ်၊ ဒါပေမဲ့ ပိုက်ဆံမရှိတဲ့သူက ဒဂုံဆိပ်ကမ်းသွားနေပါဆို ဘယ်လိုမှမနေနိုင်ဘူး။ လမ်းစရိတ်ကတင် အခက်အခဲ တစ်ရပ်။ ပံ့ပိုးမှုအင်္ဂါရပ် ပြည့်စုံအောင် လုပ်ပေးမယ်ဆိုတာက ဘယ်တော့လုပ်ပေးမယ်ဆိုတာ မသိဘူး။ ဒါကြောင့် ဒဂုံဆိပ်ကမ်း၊ မြောက်ဒဂုံတို့ဘက်မှာ တန်ဖိုးနည်းအိမ်ရာတွေ သွားတည်ဆောက်ထားတာက ဆင်းရဲမွဲတေမှုပပျောက်ရေးအတွက် ဘယ်လိုမှမဖြစ်နိုင်ဘူး။ 

ဘဏ်စနစ်၊ အရစ်ကျချေးငွေစနစ်တွေ ပီပြင်ဖို့အတွက် တန်ဖိုးနည်းတိုက်ခန်းတွေနဲ့ ပတ်သက်တဲ့ ဥပဒေရှိမယ်ဆိုရင် ပိုကောင်းမယ်လို့ထင်ပါသလား။

တန်ဖိုးနည်းတိုက်ခန်းတွေနဲ့ပတ်သက်တဲ့ ဥပဒေဆိုတာ လိုအပ်ပါတယ်။ တချို့အခြေခံ လူတန်းစားတွေ ကဆို တိုက်ခန်းဝယ်ပြီးမှ ငွေဆက်မသွင်းနိုင်တော့ဘူးဆိုရင် ဆောက်တဲ့သူက ဘယ်လိုဆက်ဆောက် နိုင်မလဲ။ ဒါက ဥပဒေဖောက်ဖျက်တာ။ ဆောက်လုပ်သူဘက်ကလည်း ပြောထားတဲ့အတိုင်း တိတိကျကျ မတည်ဆောက်ခဲ့ရင် သူ့ကိုလည်းအရေးယူရမှာပဲ။ ဒီတော့ နှစ်ဦးနှစ်ဖက်စလုံးအတွက် ဥပဒေလိုအပ် တယ်။ 

တန်ဖိုးနည်းဆိုတဲ့အိမ်ရာလို့သာ ပြောဆိုနေကြတာ တကယ်တမ်းတန်ဖိုးနည်းဖြစ်အောင် တည်ဆောက်နိုင် ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။

ရန်ကုန်မြို့မှာ တန်ဖိုးနည်းဆိုတဲ့ အိမ်ရာတွေကို စီမံတဲ့သူတွေက စီမံမှုတွေ လွဲချော်နေတယ်။ တန်ဖိုး နည်းဆိုတဲ့ ဒီဇိုင်းနဲ့ ညီအောင်မဆွဲတာ၊ ဆောက်လုပ်ရေး နည်းစနစ်တွေအရ အမှန်တကယ်တန်ဖိုးနည်း အောင် ဆောက်တတ်တဲ့သူတွေကို မပေးတဲ့အတွက် တန်ဖိုးနည်းမဟုတ်တော့ဘဲ တန်ဖိုးတွေမြင့်သွား တာ။ နောက်ပြီးအစိုးရက မြေတန်ဖိုးကို ဘယ်လောက်နဲ့ တွက်ချက်ယူသလဲတော့မသိဘူး။ ဒီလိုတွက်ယူ တဲ့အတွက် တန်ဖိုးမြင့်သွားတယ်၊ တန်ဖိုးနည်းအိမ်ရာစီမံကိန်းတွေမှာ အစိုးရက ၄၀း၆၀ အချိုးအတိုင်း လည်း မယူသင့်သလို ၂၀း၈၀ အချိုးအတိုင်းလည်း မယူသင့်ဘူး။ မြေတန်ဖိုးကို အလကားပေးသင့်တာ။ ဒါပေမဲ့လည်း အလကားတော့လည်း မပေးနိုင်ဘူးပေါ့။ ဥပမာ တိုက်ခန်းတစ်ခန်းအတွက်မြေဖိုးနှစ်သိန်း ပေးရတယ်။ တိုက်ခန်းက ၃၀,၀၀၀ ရှိတယ်ဆိုရင် မြေဖိုးသိန်း ၇၀,၀၀၀ ရတယ်။ တစ်ဧကကို သိန်း ၇၀၀ ရတယ်။ မြောက်ဒဂုံလိုနေရာမှာပြောတာ။ ဒါပေမဲ့ စက်မှုဇုန်လိုနေရာတွေမှာကျတော့ အိုးအိမ်က တစ် ဧကကို မြေဖိုးသိန်း ၄၀ နဲ့ပေးတယ်။ နေရာတကယ်ကောင်းမှသာ တစ်ဧက သိန်း ၃၀၀၀၊ သိန်း ၇၀၀၀ ယူတာ။ ဒီလိုဖြစ်စေချင်တာကို ပြောပြတာပါ။ ဒီနေ့မှာလူတွေက မြေကိုပဲဝယ်လိုက် ရောင်းလိုက်လုပ်နေ တယ်။ ဒါတွေကို ငြိမ်သက်အောင် လုပ်ဖို့ကောင်းပြီ။ ဒါတွေက တိုင်းပြည်စီးပွားရေးကို ဖြိုဖျက်ရာ ရောက် နေတယ်။ 

တန်ဖိုးနည်းနဲ့ တန်ဖိုးမျှတ အိမ်ရာတွေ တည်ဆောက်ဖို့အတွက် ဘဏ်အင်အားခိုင်မာဖို့ ဘယ် လောက်လိုအပ်ပါသလဲ။ 

တန်ဖိုးနည်းအိမ်ရာတွေ ဆောက်လုပ်တဲ့အခါမှာ ဘဏ်ရဲ့အင်အားလိုပါတယ်။ ဘဏ်က တိုက်ခန်း တစ်ခန်း ကို သိန်း ၁၀၀ ချေးမယ်ဆိုရင် အခန်း ၁၀,၀၀၀ အတွက် ကျပ်ငွေပေါင်း ၁၀၀ ဘီလျံထုတ်ချေး ရမှာပါ။ ဒီတော့ ၁၀၀ ဘီလျံကိုဘဏ်က ထုတ်ချေးနိုင်သလား။ ဒါက ဘဏ်တစ်ခုရဲ့ ရပ်တည်နေတဲ့ အနေအထားမှာ လည်း မူတည်သလို ဘဏ်ရဲ့ငွေကြေးအင်အား ခိုင်မာတောင့်တင်းမှုပေါ်မှာလည်း မူ တည်တယ်။ ကျပ်ငွေ ၅၀၀ ဘီလျံလောက် ရင်းနှီးမြှုပ်နှံထားနိုင်တဲ့ဘဏ်ဆိုရင်တော့ တစ်မျိုးပေါ့။ အန် ကယ့်အမြင်မှာတော့ နိုင်ငံတော်ဘက်က ကျောထောက်နောက်ခံရပ်တည်ပေးမယ်ဆိုရင် ဘာမှမလုပ် နိုင်စရာမရှိဘူးလို့ မြင်တယ်။ 

ရန်ကုန်မြို့မှာရှိတဲ့ ကျူးကျော်အိမ်ရာတွေ နည်းပါးလာအောင် တန်ဖိုးနည်းအိမ်ရာတွေ များများ တည်ဆောက်သွားဖို့ လိုအပ်ပါလား။

အဲဒီတော့ တန်ဖိုးနည်းအိမ်ရာတွေလည်း တည်ဆောက်ရမယ်။ နှစ်ရှည်ချေးတဲ့ အစီအမံတွေလည်း လုပ်သွားရမယ်။ ၁၀နှစ် ၁၅ နှစ်အထိ အနည်းဆုံး ငွေချေးပေးရမယ်၊ တစ်ဖက်ကလည်း နေစရာမရှိတဲ့ သူတွေနေထိုင်စရာရှိလာဖို့အတွက် တစ်ဦးချင်းဝင်ငွေတိုးတက်အောင် လုပ်ပေးရမယ်။ အရစ်ကျ ဘဏ် စနစ်မှာ ချေးထားတဲ့ ၁၀-၁၅ နှစ်အတွင်း အရစ်ကျ ပြန်ဆပ်နိုင်ဖို့အတွက် အလုပ်သမားတွေရဲ့ လစာထဲ ကနေ သတ်မှတ်တဲ့ တန်ဖိုးအတိုင်း ဖြတ်တောက်သွားတဲ့စနစ်ကို စနစ်တကျလုပ်သွားဖို့လိုတယ်။ 

Mizzima - News in Burmese

No comments:

Post a Comment

My Blog List