Wednesday, January 22, 2014

ဖေဖော်ဝါရီ ၄ ရက်တွင်စတင်မည့် ရွှေစက်တော် ဘုရားပွဲတော်အတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်



ဖေဖော်ဝါရီ ၄ ရက်မှ ဧပြီ ၁၇ ရက်အထိ ကျင်းပသွားမည့် မကွေးတိုင်း မင်းဘူး (စကု)မြို့နယ်အတွင်းရှိ ရွှေစက်တော် ဘုရားပွဲတော်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိပြီး ပွဲတော်တွင်း လုပ်ငန်း များအား ဂေါပကအဖွဲ့ သတ်မှတ်နှုန်းထားများအတိုင်း လိုက်နာမှုရှိစေရန် ယခင်နှစ်များထက် စောင့်ကြည့် အရေးယူမှုများ ပြုလုပ်သွားမည်ဟု ရွှေစက်တော် ဂေါပကအဖွဲ့ တာဝန်ရှိသူများထံမှ သိရသည်။

ရွှေစက်တော်ပွဲတော်အ၀င် လှေတင်တံတား ဖြတ်သန်းခနှင့် ပွဲတော်တွင်း ဆိုင်ကယ်အပ်နှံခများအား ဂေါပကအဖွဲ့မှ သတ်မှတ်နှုန်းထားအတိုင်း သတ်မှတ်ပြေစာဖြင့် ကောက်ခံရန် လုပ်ငန်းလေလံ ခေါ်စဉ်က တည်းက အသိပေးကြေညာထားကြောင်း ထိုသတ်မှတ်နှုန်းထားများအားလည်း ဗီနိုင်းဆိုင်းဘုတ် အကြီးစား များဖြင့် သိသာထင်ရှားစွာ ချိတ်ထားရမည်ဖြစ်ကြောင်း ရွှေစက်တော်ဂေါပကအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ပွဲတော်တွင်းမှာ ရေချမ်းစင်တို့ နဂါးစာကျွေးဖို့တို့ လုပ်ငန်းလုပ်ကိုင်ခွင့်ရသူတွေက သဒ္ဓါကြေးအဖြစ်ပဲ ကောက်ခံရမှာကို အလှူခံဌာနတွေလိုမျိုး ဖြစ်နေတယ်။ တဲကျောင်းခတွေက လူကျရင်ကျသလို တိုးကောက်ကြတယ်။ ငပလီတို့ ချောင်းသာတို့လို နေရာမှာ အုတ်တိုက်နဲ့မွေ့ရာနဲ့မှ တစ်ခန်းကို တစ်ညကျပ် ၇၀၀၀၀ ၀န်းကျင်ရှိပေမယ့် ပွဲတော်ထဲမှာ ထရံကာ၊ သက်ကယ်မိုး၊ ၀ါးကြမ်းခင်းထားတဲ့ အခန်းတစ်ခန်းကို လူကျတဲ့နေရာမျိုးမှာ တစ်ညကျပ် ၁၀၀၀၀၀ ကျော်အထိ တောင်းကြတယ်။ ဘုရားဖူး လာသူတွေအတွက် ၀န်ပိစေတာပေါ့” ဟု ရွှေစက်တော်ပွဲတော်တွင်း နှစ်စဉ်ဈေးရောင်းလေ့ရှိသူတစ်ဦးက ဆိုသည်။

ယခုနှစ် ပွဲတော်ဆိုင်ခန်းနှင့် တဲကျောင်းများ ဆောက်လုပ်ချိန်တွင် ယခင်နှစ်ကကဲ့သို့ သစ်ဝါးရှားပါးမှု မကြုံ တွေ့ခဲ့ရသော်လည်း နှစ်စဉ်တဲကျောင်းနှင့် ဆိုင်ခန်းထောင်နှင့်ချီ ဆောက်လုပ်ရလေ့ ရှိသာကြောင့် သစ်ဝါးအစား သံဖရိန်နှင့် မိုးကာသားများဖြစ်စေ အသုံးပြုသင့်ကြောင်း ဒေသခံများမှ ဝေဖန်မှုများရှိ နေကြောင်း သိရသည်။

မကွေးမြသလွန်ပွဲတော်တွင်း ဇာတ်ရုံနှင့် ဆိုင်ခန်းများ ဆောက်လုပ်မှုအတွက် အနည်းဆုံးပမာဏဖြင့် ဆောက်လုပ်နိုင်သူများအား လုပ်ငန်းလုပ်ကိုင်ခွင့် ပေးလေ့ရှိသော်လည်း ရွှေစက်တော်ပွဲတော်တွင်း ဆိုင်ခန်းနှင့် တဲကျောင်းများ ဆောက်လုပ်ခွင့်အတွက် အများဆုံး ပမာဏပေးနိုင်သူများအား လုပ်ငန်းလုပ် ကိုင်ခွင့် ချပေးလေ့ရှိခြင်းကလည်း ပွဲတော်သို့ လာရောက်သည့် ဘုရားဖူးများအတွက် ကုန်ကျစရိတ်ပိုစေ သည်ဟု ဒေသခံများမှ နှစ်စဉ်ဝေဖန်လေ့ရှိကြောင်း သိရသည်။

ယင်းပွဲတော်သို့ မြန်မာနိုင်ငံအနှံ့မှ ဈေးဆိုင်မျိုးစုံ လာရောက်ရောင်းချလေ့ရှိပြီး ဒေသအနှံ့မှ ဘုရားဖူးများ လာရောက်လေ့ရှိကြောင်း၊ စနေ၊ တနင်္ဂနွေရက်များ လပြည့်ရက်များနှင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲပြီး ဆုံးချိန်များတွင် ဘုရားဖူးများ အများဆုံး လာရောက်လေ့ရှိကြောင်း၊ ယင်းပွဲတော် ကာလအတွင်း မင်းဘူးမြို့ စက္ကိန်းတဲစေတီ၊ နဂါးပွက်တောင်၊ ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာစေတီတော်နှင့် မကွေးမြို့ မြသလွန် စေတီတော်တို့တွင်ပါ ဘုရားဖူးများ လာရောက်လေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List