Tuesday, January 21, 2014

မိခင်ရဲ့ ပံ့ပိုးပေးမှုကြောင့်သာ အနုပညာအလုပ် လုပ်နိုင်တာပါ ဆိုတဲ့ ပက်ထရစ်ရှာ

အနုပညာ လောကထဲမှာ ကြော်ငြာတွေနဲ့ တဖြည်းဖြည်း နာမည်ရလာသူ ပက်ထရစ်ရှာက အနုပညာ လောကမှာ ကိုယ်ပိုင် နေရာလေး တစ်ခု ရလာအောင် ကြိုးစားတဲ့အခါ ပရိသတ်တွေရဲ့ အားပေးမှုက အရေးကြီးဆုံးပါလို့ ပြောပါတယ်။ ကြော်ငြာ မင်းသမီး တစ်ယောက် အနေနဲ့ အိုက်တင်နဲ့ ဖက်ရှင် ဘယ်ဟာက အဓိက ကျသလဲလို့ ပက်ထရစ်ရှာကို မေးကြည့်တော့ ”ကြော်ငြာလို့ ပြောရင် ကိုယ် ကြော်ငြာမယ့် ကုန်ပစ္စည်းပေါ် မူတည်ပြီး အိုက်တင်နဲ့ ဖက်ရှင်ကို ကြည့်လုပ်ရတာပေါ့။ ဖက်ရှင်က ညီမအတွက် အရေးပါပါတယ်။ 
အခုခေတ်က ပရိသတ် မျက်လုံးမှာ မရိုးအောင် တီထွင်နိုင်မှ ဆိုတော့ ညီမ ကိုယ်တိုင်လည်း ဖက်ရှင်ကို စိတ်ဝင်စားတဲ့ အတွက် အမြဲ လေ့လာဖြစ်တယ်။ အနုပညာရှင် တစ်ယောက် အတွက် ဖက်ရှင်နဲ့ အိုက်တင်က အရေးကြီးသလို ခန္ဓာကိုယ်လည်း အရေးပါပါတယ်။ ညီမအတွက် ကံကောင်းတာက ဘယ်လောက်စားစား ဝမလာပါဘူး။ အသက် ၂ဝ ကျော်လာရင်တော့ မပြောတတ်ဘူး။ အခုတော့ ကြည့်လို့အဆင်ပြေသေးတယ်” လို့ ပြောပြခဲ့ပါတယ်။ 

အနုပညာ အလုပ်ကို ဘဝ အသက်မွေးဝမ်းကျောင် အဖြစ် ရွေးချယ်လိုက်တဲ့အခါမှာ လူငယ် တစ်ယောက် အနေနဲ့ ဖိအားတွေ ကြုံတွေ့တာမျိုးကော ခံစားဖူးလား မေးကြည့်တော့ ”အနုပညာ အလုပ်ကို ဘဝ အသက်မွေးဝမ်း ကျောင်းအဖြစ် ရွေးချယ် ကတည်းက ဝါသနာ တစ်ခု အနေနဲ့ ဆိုပေမယ့် အမေရဲ့တိုက်တွန်းမှု၊ ပံ့ပိုးမှု၊ ဖေးမမှုကြောင့်သာ ညီမ လုပ်နိုင်ခဲ့တာပါ။ ကိုယ်က လူငယ်၊ အသက်လည်း ငယ်တော့ စဉ်းစား ဆုံးဖြတ်တဲ့ နေရာမှာ အမေရဲ့ ပံ့ပိုးမှုကြောင့်သာ ဒီအလုပ်ကို အသက်မွေးဝမ်းကျောင်း အနေနဲ့ လုပ်နိုင်တာပါ” လို့ ပြောပြခဲ့ပါတယ်။ 

ကြော်ငြာနဲ့ ပတ်သက်ပြီး လေးစား အားကျတဲ့ ကြော်ငြာ မင်းသမီးကော ရှိလားလို့ ပက်ထရစ်ရှာကို မေးကြည့်တော့ ”ကြော်ငြာ မင်းသမီးတွေ အားလုံးကို ကြိုက်တယ်။ တစ်ယောက် တစ်မျိုး တော်ကြတယ်။ ပညာရှိကြတယ်။ မတူညီတဲ့ သူတို့ အိုက်တင်တွေကို ညီမက လေ့လာတယ်။ အင်တာနက်ကနေ တစ်ဆင့် နိုင်ငံခြား မင်းသမီး၊ မင်းသား တွေကိုလည်း လေ့လာဖြစ်တယ်။ ကိုယ်တိုင် လည်း လေ့ကျင့်တယ်” လို့ ပြောပြခဲ့ပါတယ်။ ပက်ထရစ်ရှာက အခု လတ်တလောမှာ ကျောင်းပိတ်ထားတဲ့ အတွက် အနုပညာ အလုပ်ကို အေးအေး ဆေးဆေးလုပ်ခွင့်ရပြီး ကျောင်းပြန်ဖွင့်ရင်တော့ စာကိုအာရုံထားလုပ်မှာ ဖြစ်ကြောင်း၊ လက်ရှိမှာ ကြော်ငြာတွေ ကို လက်ခံ ရိုက်ကူးထားတာ ရှိသလို ကျောင်းပြီးရင် အနုပညာအလုပ်ကို ဖိလုပ်မှာ ဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

ထူးထူး
popular myanmar

No comments:

Post a Comment

My Blog List