ပုဂံမြို့ဟောင်း၏ အလှအပကို အပေါ်စီးကကြည့်ရှုခံစားနိုင်သော ရွှေနန်းတော်ဟိုတယ် နန်းမြင့်မျှော်စင် ဒုတိယထပ်ရှိ ထိုင်ခုံငါးဆယ်နီးပါးသာ မီဒီယာ အခန်းတွင် ပြည်တွင်း၊ ပြည်ပမီဒီယာ တစ်ရာကျော်ခန့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီး သီးသန့် အစည်းအဝေးအတွက် သတင်းယူရန် စောင့်ဆိုင်းနေကြသည်။
သတင်းယူခွင့် ဖောင်စာရင်း မှားယွင်းမှုကြောင့် သတင်းယူခွင့်ကတ်ကို နှစ်ရက်ကြာ စောင့်ဆိုင်းရ သည့်အပြင် လက်တွေ့သတင်းယူစဉ် အခါတွင်လည်း သတင်းထုတ်ပြန်မှုပိုင်း အားနည်းချက်၊ နေရာ ထိုင်ခင်းနှင့် အစားအသောက် အပြင်အဆင် နည်းပါးခြင်း တို့ကြောင့် အစည်းအဝေး မစမီကတည်းက ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများထံမှ ဝေဖန်သံများ ထွက်ပေါ်ခဲ့သည်။
“အာဆီယံ အစည်းအဝေးဆိုတယ်၊ ရေသောက်ဖို့ ခွက်တောင် မရှိလို့ ရေဘူးအဖုံးနဲ့ သောက်နေရတယ်” ဟု ဇန်နဝါရီလ ၄ ရက်နေ့ သတင်းယူခွင့်ကတ် လာရောက် ထုတ်ယူစဉ် ကြုံတွေ့ရပုံကို ပြည်တွင်း သတင်းမီဒီယာတစ်ဦးက ပြောဆိုသည်။
ယင်းအပြင် အစည်းအဝေး ကျင်းပရာနေရာနှင့် မီဒီယာသမားများကို သီးသန့် ခွဲခြားထားသလို လုံခြုံရေးပိုင်း တိုးမြှင့်ထားသောကြောင့် နိုင်ငံတကာ အဆင့်မြင့် အရာရှိများ၊ နိုင်ငံခြားရေး ဝန်ကြီးများနှင့် စကားလက်ဆုံ
ပြောဆို မေးမြန်းရန်ပင် ခက်ခဲလွန်းလှသည်။
သတင်းယူရန် အလွန်ခက်ခဲသော ကမ္ဘောဒီးယားတွင်ပင် အစည်းအဝေးအပြီး သက်ဆိုင်ရာ ဝန်ကြီးများကို ချဉ်းကပ် မေးမြန်းရန် အတန်ငယ် အခွင့်အရေး ရသေးသည်။
အလွတ်လပ်ဆုံးမှာ ၂၀၁၁ ခုနှစ်တွင် အင်ဒိုနီးရှားတွင် ကျင်းပခဲ့သော အာဆီယံ အစည်းအဝေး ဖြစ်ကြောင်း အာဆီယံ ထိပ်သီး အစည်းအဝေးများကို တောက်လျှောက် သတင်းယူခဲ့သော မြန်မာ သတင်းထောက် တစ်ဦးက ဆိုသည်။
အစည်းအဝေး စီစဉ်သူများ၏ ဒီမိုကရက်တစ် သဘောထားကို သတင်းသမားများအပေါ် မည်သို့ ဆက်ဆံ သည်၊ သတင်းရယူခွင့် မည်မျှ အခွင့်အရေးရသည် စသည်တို့ဖြင့် ကြည့်နိုင်ကြောင်း ၎င်းက ဆိုသည်။
မိမိမေးလိုသောနိုင်ငံမှ ဝန်ကြီးများကို မေးလိုသော မေးခွန်းမေးရန် အချိန်အနည်းငယ်မျှပင် အခွင့်အရေး မရသဖြင့် ပုဂံသို့ ရောက်လာသော ပြည်တွင်းပြည်ပ သတင်းထောက်အချို့က စိတ်ပျက်စကား ဆိုကြသည်။
ယခင်ဒေသတွင်း နိုင်ငံအချို့၏ အာဆီယံအဆင့် ဆွေးနွေးပွဲများတွင် သတင်းခန်းမထဲ၌ အင်တာနက်၊ နေရာထိုင်ခင်း၊ လျှပ်စစ်ပစ္စည်း အားသွင်းခုံများ၊ အချိန်နှင့် တစ်ပြေးညီ သတင်းပြန်တင်ရန် စားပွဲခုံ ကွန်ပျူတာများ ထားရှိပေးသည့်အပြင် အစည်းအဝေး ကျင်းပနေသော ခန်းမအတွင်း လှုပ်ရှားမှု အားလုံးကို သတင်းခန်းရှိ ရုပ်မြင်သံကြားများမှတစ်ဆင့် ကြည့်ရှုနိုင်ကြောင်း ဝါရင့် အာဆီယံ သတင်းထောက် တစ်ဦးက The Voice သို့ ပြောကြားသည်။
တံခါးပိတ် အစည်းအဝေးများကိုပင် အသံဖျောက်ထားသည်မှအပ အရုပ်ကို သတင်းခန်း အတွင်းရှိ ရုပ်မြင်သံကြားမှ ကြည့်နိုင်သည်။
သို့သော် မြန်မာနိုင်ငံ၏ ပထမဆုံး အာဆီယံအဆင့် ဆွေးနွေးပွဲတွင် ထိုင်ခုံ မလောက်၍ ကြမ်းပြင်ပေါ်တွင် ထိုင်နေရသူများ ရှိသလို သတင်းထုတ်ပြန်ချက် စာရွက် ရရှိရေးအတွက် Main Press Center ကို အကြိမ်ကြိမ် ဆက်သွယ်နေရသည်။
နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဆွေးနွေးခဲ့သော အကြောင်းအရာ အပြည့်အစုံနှင့် မည်သည့် ဝန်ကြီးများ ပျက်ကွက်ကြောင်းလည်း ကိုယ်တိုင်ကိုယ်ကျ မတွေ့မြင်လိုက်ရချေ။
ယင်းမှာ နှစ်ပေါင်း သုံးဆယ်နီးပါးအတွင်း မြန်မာနိုင်ငံက ပထမဆုံးအကြိမ် လက်ခံကျင်းပသော အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို ဇန်နဝါရီလ ၁၆ ရက်မှ ၁၇ ရက်နေ့အထိ နှစ်ရက်ကြာ ကျင်းပသော အစည်းအဝေး အခင်းအကျင်းနှင့် စီမံခန့်ခွဲမှုသာ ရှိသေးသည်။
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ သီးသန့် အစည်းအဝေးအတွင်း ဆွေးနွေးခဲ့သော အကြောင်းအရာ များကလည်း ယခင် အာဆီယံ ဥက္ကဋ္ဌအချို့ အကြိမ်ကြိမ် ငြင်းပယ်ခဲ့သော အဖြေရှာခက်ခဲ့သော တောင်တရုတ်ပင်လယ် ရေပိုင်နက် အငြင်းပွားမှု ပြဿနာများ ပါဝင်ခြင်းကြောင့်ပင် နိုင်ငံတကာ အသိုင်းအဝိုင်းက အာရုံ စူးစိုက်ခဲ့ကြသည်။
အလားတူ လာမည့် ၂၀၁၅ ခုနှစ်တွင် အာဆီယံ အသိုက်အဝန်း ထူထောင်ရန် မျှော်မှန်းချက်များ ချမှတ်ခြင်း၊ လိုအပ်သော မူဘောင်များ ရေးဆွဲခြင်းတို့ကို အာဆီယံ အတွင်းရေးမှူးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးများ ပူးပေါင်း ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံထက် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုရှိသော ကမ္ဘောဒီးယားနိုင်ငံနှင့် ဘရူးနိုင်းနိုင်ငံတို့က ပယ်ချ ထားသော တောင်တရုတ်ပင်လယ် အငြင်းပွားမှုကို မြန်မာအာဆီယံဥက္ကဋ္ဌ လက်ထက်တွင် အခြေခံမူ (Code of Conduct) နှင့် မူဝါဒ ခြောက်ချက် အတည်ပြု ဆောင်ရွက်သွားရန် စီစဉ်ခြင်းကြောင့် ဒေသတွင်း နိုင်ငံများ၏ အာရုံစူးစိုက်မှုကိုတော့ ခံခဲ့ရသည်။
ထပ်မံ၍ ဒေသတွင်း နိုင်ငံအားလုံး ဈေးကွက်တစ်ခုဖြစ်ပြီး လွတ်လပ်စွာ ကုန်စည် စီးဆင်းရေးစနစ် အကောင်အထည် ဖော်ရန် ၂၀၁၅ ခုနှစ် အာဆီယံ စီးပွားရေး အသိုက်အဝန်း မူဘောင်မှာလည်း ၈၀ ရာခိုင်နှုန်းအထိ ပြီးစီးကြောင်း အာဆီယံ အတွင်းရေးမှူးချုပ် မစ္စတာလီယောင်မင်က ဇန်နဝါရီလ ၁၇ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲတွင် အသိပေး ပြောကြားသွားသည်။
ယင်းအချက်များကြောင့် ပထမဆုံးအကြိမ် မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော အာဆီယံ နိုင်ငံခြားရေးဝန်ကြီး သီးသန့် အစည်းအဝေးသည် လာမည့် အာဆီယံ ထိပ်သီး အစည်းအဝေးအတွက် ဆက်လက် သယ်ဆောင်သွားစရာ များစွာပေးခဲ့သည်။
သို့သော် သတင်းရယူခွင့်နှင့် လွတ်လပ်ခွင့်အတွက် ယခု အစည်းအဝေးအတိုင်း ဆက်လက် ပြုမူမည်ဆို လျှင် နိုင်ငံတကာ မီဒီယာများအလယ် ဝေဖန်မှုများ ထပ်မံပိုကြုံရနိုင်သည်။ ယင်းအပြင် လာမည့် ထိပ်သီး အစည်းအဝေးတွင် တက်ရောက်မည့် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာ ခုနစ်ရာကျော်ကို စီမံခန့်ခွဲရေး အတွက် မေးခွန်း သစ်များ ပေါ်လာသည်။
ပွဲဦးထွက် ဝန်ကြီး အစည်းအဝေးကတော့ မေးစရာ တစ်ပုံကြီးဖြင့် ကျန်ခဲ့သည်။
The Voice Weekly
No comments:
Post a Comment