Monday, January 20, 2014

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော် န၀မပုံမှန် အစည်းအဝေးတွင် ဆွေးနွေးအတည်ပြုဖွယ်ရှိ



အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေးတွင် တင်သွင်းခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား န၀မပုံမှန် အစည်းအဝေးတွင် ဆွေးနွေးအတည်ပြုဖွယ်ရှိကြောင်း သိရသည်။

အဆိုပါနိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအား ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁ မှ ဒေါက်တာအေးမောင်က ၂၀၁၃ ခုနှစ် သြဂုတ် ၈ ရက်တွင် တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တင်သွင်းခဲ့တဲ့ အဲဒီဥပဒေကို အခုကျင်းပနေတဲ့ န၀မအကြိမ်မှာ ဆွေးနွေးဖွယ်ရှိတယ်လို့ သိရပါတယ်။ သက်ဆိုင်ရာ ၀န်ကြီးဌာန တာဝန်ရှိသူတွေနဲ့လည်း ဆွေးနွေးပြီးပြီလို့ ဥပဒေကြမ်း ကော်မတီဆီက သိရပါတယ်။ ဘယ်နေ့ဆွေးနွေးဖြစ်မလဲတော့ မသိသေးဘူး” ဟု ဒေါက်တာအေးမောင်က ပြောကြားခဲ့သည်။ နိုင်ငံရေးပါတီများသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာ သုံးရပ်ကို ပြည်သူများကိုယ်စား ရွေးကောက်ပွဲမှ တစ်ဆင့်ချုပ်ကိုင်နိုင်ရန် နိုင်ငံရေးနည်းအရ ဦးတည်ရည်ရွယ်လျက် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ ယင်းပါတီများ၏ မူဝါဒလုပ်ငန်းစဉ်များ၊ ပါတီကို ဦးဆောင်သူများ၊ ထောက်ခံသူများသည် အမျိုးသားလုံခြုံရေးနှင့် အမျိုးသား အကျိုးစီးပွားများနှင့် တိုက်ရိုက်ဆက်စပ်လျက် ရှိမည်ဖြစ်ကြောင်း ဥပဒေကြမ်း တင်သွင်းစဉ်က ဒေါက်တာအေးမောင်က ပြောကြားခဲ့သည်။

တည်ဆဲနိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ (နအဖ-၂/၂၀၁၀) တွင် အလွန်အန္တရာယ်ကြီးမားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)နှင့် မကိုက်ညီသည့် ပြဋ္ဌာန်းချက်အချို့ကို ယင်းဥပဒေ အခန်း ၂ ပုဒ်မ ၄(က)၊ ပုဒ်မ ၅(ဃ)၊ ပုဒ်မ ၁၀(က)တို့တွင် ပါရှိနေသည်ကို တွေ့ရကြောင်း ပြောကြားခဲ့သည်။

ဥပဒေကြမ်း ပုဒ်မ ၄(က)တွင် နိုင်ငံသားမဖြစ်သေး၊ မဟုတ်သေးသည့် ‘ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများကို ခွင့်ပြုထားကြောင်း၊ ပုဒ်မ ၁၀ (က)တွင် နိုင်ငံသားမဖြစ်သေး၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူ များကို ပါတီတည်ဆောက်ခွင့်၊ ပါတီဝင်အဖြစ် စည်းရုံးခွင့်ပြုထားကြောင်း ဒေါက်တာအေးမောင်က ပြောကြားခဲ့သည်။

နိုင်ငံတော်၏ အချုပ်အခြာ အာဏာအတွက် အလွန်အရေးကြီးသည့် နိုင်ငံ့ကံကြမ္မာကို ဆွေးနွေး၊ ချမှတ်၊ ဦးဆောင်၊ အုပ်ချုပ်၊ ဥပဒေပြုကြမည့် ကဏ္ဍတွင် အရေးကြီးသည့် နိုင်ငံရေးပါတီများ တည်ထောင်ခွင့်ကို အခြေခံဥပဒေတွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ဦးတည်ချက်ထားရှိရမည်။ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေရမည်ဟု ပါရှိရာ နိုင်ငံသားပင် မဖြစ်သေးသူများသည် မွေးရာပါနိုင်ငံသား တိုင်းရင်းသားများကဲ့သို့ ဒို့တာဝန် အရေးသုံးပါးကို ဦးတည်ချက်ထားခြင်း၊ နိုင်ငံ့ကျေးဇူးသစ္စာကို စောင့်သိရိုသေခြင်း ရှိမည်မရှိမည်ကို စဉ်းစားကြည့်ရုံနှင့်ပင် သိရှိနိုင်ကြောင်း ဒေါက်တာအေးမောင်က ပြောကြားခဲ့သည်။

ပါတီတည်ထောင်သူများ၊ တည်ထောင်လိုသူများ၊ ပါတီဝင်များသည် ပြည်ထောင်စုအပေါ် အမျိုးသားသစ္စာရှိမှု အမြင့်ဆုံးတွင် ရှိရန်လိုအပ်ကြောင်း၊ မွေးရာပါနိုင်ငံသား မဟုတ်လျှင်လည်း ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူ အနိမ့်ဆုံးဖြစ်ရန် လိုအပ်သည့်အတွက် နိုင်ငံသား၏ အဓိပ္ပာယ်ကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၄၅ (က) တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ တိုင်းရင်းသား မိဘနှစ်ပါးမှ မွေးဖွားသူ၊ ပုဒ်မ ၃၄၅(ခ)တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြဋ္ဌာန်းသည့်နေ့တွင် ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူဟု ပြဋ္ဌာန်းထားကြောင်း သိရသည်။

ဥပဒေအရ နိုင်ငံသားဖြစ်ခွင့်နှင့် ပတ်သက်၍ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၂(ခ)တွင် နိုင်ငံသားဆိုသည်မှာ မြန်မာနိုင်ငံသားကို ဆိုလိုကြောင်း၊ ပုဒ်မ ၃ တွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစသည့် တိုင်းရင်းသားများနှင့် မျိုးနွယ်စုများသည် မြန်မာနိုင်ငံသားများဖြစ်ကြကြောင်း၊ ပုဒ်မ ၈ တွင် တိုင်းရင်းသားတိုင်းသည်လည်းကောင်း၊ တိုင်းရင်းသား မိဘနှစ်ပါးမှ မွေးဖွားသူများသည် လည်းကောင်း မွေးရာပါနိုင်ငံသားဖြစ်သည်ဟု ပြဋ္ဌာန်းထားကြောင်း သိရသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေရှိ ပုဒ်မ ၄ (က)၊ ပုဒ်မ ၅(ဃ)၊ ပုဒ်မ ၁၀ ပါ ပြဋ္ဌာန်းချက်များကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၃၆၉(က)၊ ပုဒ်မ ၃၄၅(က)(ခ)၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၂(ခ)၊ ပုဒ်မ ၃ နှင့်ပုဒ်မ ၅ တိုနှင့် ညီညွတ်စေရန် ယခုကဲ့သို့ ပြင်ဆင်သည့် ဥပဒေကြမ်းကို တင်သွင်းရခြင်းဖြစ်ကြောင်း ဒေါက်တာအေးမောင်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် သယံဇာတ ပေါကြွယ်ဝစွာဖြင့် နယ်မြေကျယ်ဝန်းသော်လည်း လူဦးရေနည်းပါးကြောင်း၊ လူမျိုးစုများပြားပြီး ညီညွတ်မှု လျော့ရဲနေကြောင်း၊ တောင်အာရှနှင့် အရှေ့တောင်အာရှ အမြန်လမ်း၏ ပထ၀ီနိုင်ငံရေး ဆက်ကြောင်းပေါ်တွင် ရှိနေကြောင်း၊ လူဦးရေ ပေါက်ပွားမှုနှုန်းမြင့်မားသည့် တရုတ်၊ အိန္ဒိ ယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများ အကြားတွင် ပိတ်မိနေကြောင်း၊ ကမ္ဘာအ၀ှမ်း ပေါ်ပေါက်နေသည့် Islamization နှင့် အခြားဘာသာများအကြား ထိတွေ့၊ ပွတ်တိုက်မှုများဖြင့် ကြုံတွေ့နေရသည့် ပစ္စက္ခအခြေအနေသည် အလွန်သတိထား ဆင်ခြင်သုံးသပ်ရမည့် ကဏ္ဍဖြစ်ကြောင်း၊ ပထ၀ီနိုင်ငံရေး ဆက်ကြောင်းပေါ်တွင် တည်ရှိနေသည့်အတွက် မဟာဗျူဟာမြောက် ရေရှည်ခံကတုတ် လိုအပ်နေကြောင်း ဒေါက်တာအေးမောင် က အဆိုတင်သွင်းစဉ် ပြောကြားခဲ့သည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း တင်သွင်းခြင်းကို အမျိုးသား လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး တွင်တင်သွင်းခဲ့ခြင်းဖြစ်ပြီး မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၁၂ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ကန့်ကွက်ခဲ့သော်လည်း မတ်တတ်ရပ်၍ ဆန္ဒပြုရာတွင် ထောက်ခံသူဦးရေမှာ ဆွေးနွေးရန် လုံလောက်သည့်အတွက် အမျိုးသားလွှတ်တော်တွင် ဆွေးနွေးရန် အတည်ပြုခဲ့ခြင်းဖြစ်သည်။

Eleven Media Group

No comments:

Post a Comment

My Blog List