Thursday, January 23, 2014

မရမ်းကုန်းမြို့နယ် (၃) ရပ်ကွက်ရှိ မဟာဒုက်မဏ္ဍပ် ဆောက်လုပ်မှုအပေါ် စည်ပင်က တစ်နေ့ဒဏ်ငွေကျပ်တစ်သောင်း တပ်ရိုက်နေသည့်အတွက် ရပ်ကွက်သားများ ဆန္ဒပြ



မရမ်းကုန်းမြို့နယ် (၃) ရပ်ကွက်ရှိ မဟာဒုက်မဏ္ဍပ် ဆောက်လုပ်နေမှုအား မရမ်းကုန်းမြို့နယ် စည်ပင်မှ ခွင့်ပြုချက်မဲ့ ဆောက်လုပ်နေသည်ဟုဆိုကာ တစ်နေ့ဒဏ်ငွေကျပ်တစ်သောင်း တပ်ရိုက်နေသည့်အတွက် ရပ်ကွက်သူ၊ ရပ်ကွက်သား ၁၀၀ ခန့်က ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

အဆိုပါ ဆန္ဒပြမှုကို ဇန်န၀ါရီ ၂၂ ရက် မွန်းလွဲ ၁ နာရီခန့်က ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး မရမ်းကုန်းရဲတပ်ဖွဲ့၏ တရားဝင်ခွင့်ပြုမိန့်ဖြင့် မရမ်းကုန်းမြို့နယ်၊ အောင်သိဒ္ဓိလမ်းနှင့် ခိုင်ရွှေဝါလမ်းထောင့်ရှိ ဒဏ်ငွေအရိုက်ခံနေရသော ဓမ္ဓာရုံရှေ့တွင် ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မဟာဒုက်မဏ္ဍပ် စတင်ဆောက်လုပ်စဉ်က သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးတို့ အပါအ၀င် မြို့နယ်သံဃနာယကအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဆောက်လုပ်ခဲ့သော်လည်း မြို့နယ်စည်ပင်မှ ခွင့်ပြုချက်မဲ့ ဆောက်လုပ်သည်ဟုဆိုကာ တစ်နေ့လျှင် ဒဏ်ငွေတစ်သောင်း တပ်ရိုက်ခြင်းဖြစ်ကြောင်း ဆန္ဒပြသူများက ပြောကြားသည်။

“ဒီနှစ်နဲ့ပါဆိုရင် မဟာဒုက်မဏ္ဍပ်ဆောက်တာ ၁၅ နှစ်ရှိပါပြီ။ နဂိုနှစ်တွေက မကောက်ဘဲ အခုမှဘာလို့ ဒဏ်ငွေကောက်သလဲ။ အဲဒီဒဏ်ငွေတွေကို အမှုဆောင်အဖွဲ့က ပေးနေရတယ်။ ဒီလိုဒဏ်ငွေကောက်နေတာက ရပ်ကွက်ဘာသာရေး၊ သာသနာရေး ဆောင်ရွက်နေတာကို ပျက်စီးစေနိုင်တယ်။ တစ်နိုင်ငံလုံးမှာလည်း ဘာသာရေး၊ သာရေးနာရေး ဆောင်ရွက်နေတဲ့ သူတွေကို မဟုတ်မမှန် ခေါင်းစဉ်တပ်ပြီး ဒဏ်ငွေမရိုက်ဖို့ အခုလို ဆန္ဒထုတ်ဖော်တာပါ” ဟု မရမ်းကုန်းမြို့နယ် စည်ပင်၏ အမှုဖွင့်ခြင်း ခံထားရပြီး ဒဏ်ငွေပေးဆောင်နေရသည့် ကိုမိုးဇော်အောင်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

မဟာဒုက်မဏ္ဍပ်အား ဒဏ်ငွေတပ်ရိုက်မှုကို ဇန်န၀ါရီ ၆ ရက်က ဒဏ်ငွေငါးသောင်းနှင့် ဇန်န၀ါရီ ၇ ရက်က ဒဏ်ငွေတစ်သောင်း ပေးဆောင်ခဲ့ရပြီး မဟာဒုတ်မဏ္ဍပ်မှာ ရက် ၄၀ ခန့်ကြာမြင့်နိုင်သည့်အတွက် ဒဏ်ငွေလေးသိန်းခန့် ပေးဆောင်ရနိုင်ပြီး လက်ကျန်ဒဏ်ငွေများကို မဏ္ဍပ်ပြီးစီးသော အခါမှသာ ပေးဆောင်မည်ဖြစ်ကြောင်း ကိုအောင်မိုးဇော်က ဆက်လက်ပြောကြားခဲ့သည်။

ထို့ပြင် ယခုမဟာဒုက်မဏ္ဍပ် ဆောက်လုပ်ထားရာ မြေနေရာ၏ အနောက်ဘက်ရှိ အိမ်တစ်လုံးပါဝင်သော ခြံမြေနေရာတစ်ခုအားလည်း ရပ်ကွက်ဓမ္မာရုံအဖြစ် သတ်မှတ်ပေးပါရန် ဆန္ဒပြ တောင်းဆိုခဲ့ကြပြီး အဆိုပါ မြေနေရာသည် ၁၉၉၅ ခုနှစ်က အောင်သိဒ္ဓိလမ်းနှင့် မင်းဓမ္မလမ်း ဆောက်လုပ်စဉ် ရန်ကုန်မြို့တော် စည်ပင် လမ်းတံတားဌာနမှ ယာယီသိုလှောင်ရုံအဖြစ် အသုံးပြုခဲ့ပြီး နောက်ပိုင်းတွင် လမ်းဖောက်လုပ် ပြီးစီးခဲ့သော်လည်း မူလလျာထားသည့် ရပ်ကွက်ဓမ္မာရုံအဖြစ် ပြန်လည်လွှဲပြောင်းပေးအပ်ခြင်း မရှိခဲ့ဘဲ ရန်ကုန်မြို့တော်စည်ပင် လမ်းတံတားနှင့် ပန်းဥယျာဉ်ဌာနမှ ဒုဌာနမှူး (အငြိမ်းစား)က ရယူထားခဲ့ကြောင်း ဆန္ဒပြသူများက ပြောကြားသည်။

ယင်းဆန္ဒပြမှုနှင့် ပတ်သက်၍ မရမ်းကုန်းမြို့တော် စည်ပင်သို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း တာဝန် ရှိသူ အစည်းအဝေးသွားနေ၍ ညနေမှ ပြန်ဆက်ပါဟု ဖြေကြားခဲ့ပြီး တာဝန်ရှိသူ၏ လက်ကိုင်ဖုန်းနံပါတ် အား တောင်းခံခဲ့သော်လည်း ပေးခဲ့ခြင်းမရှိပေ။ 


Eleven Media Group

No comments:

Post a Comment

My Blog List