Friday, January 24, 2014

၂၀၁၅ အာဆီယံပေါင်းစည်းရေးနှင့်အတူ ကျွမ်းကျင်လုပ်သားများ လွတ်လပ်စွာ ရွှေ့ပြောင်းသွားလာမှုများ ပေါ်ပေါက်လာတော့မည်ဖြစ်ကြောင်း ဒုဝန်ကြီး ဦးထင်အောင် ပြောကြား



၂၀၁၅ အာဆီယံပေါင်းစည်းရေးနှင့်အတူ ကျွမ်းကျင်လုပ်သားများ လွတ်လပ်စွာရွှေ့ပြောင်း သွားလာနိုင်တော့မည် ဖြစ်ကြောင်း ဇန်န၀ါရီ ၂၃ရက် အမရာဟိုတယ်၌ ကျင်းပသည့် မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု စံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့NSSA ၏ ဖွံ့ဖြိုးမှု မိတ်ဖက်များနှင့် အလုပ်ရုံ ဆွေးနွေးပွဲတွင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးထင်အောင်က ပြောကြားသည်။

“အသစ်ပေါ်ပေါက်လာတဲ့ အလုပ်အကိုင်နဲ့ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေနှင့်အတူ NSSA ဟာ မြန်မာနိုင်ငံကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အဖြစ် အသွင်ပြောင်းသွားမှာဖြစ်သလို အလုပ်အကိုင်နဲ့ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဗဟိုအဖွဲ့၊ အလုပ်အကိုင်မြှင့်တင်ရေးအဖွဲ့များ ပေါ်ပေါက်လာတော့ မှာဖြစ်ပါတယ်” ဟု ဒုတိယ၀န်ကြီးဦးထင်အောင် က ပြောကြားသည်။

ထို့အပြင် အလုပ်အကိုင်ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဥပဒေနှင့် NSSA လုပ်ငန်းစဉ်များကို အကောင် အထည်ဖော်နိုင်ရန် နိုင်ငံတကာ အထောက်အပံ့များ၊ အကူအညီများ လိုအပ်လာပြီဖြစ်သဖြင့် အလုပ်အကိုင် နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေအောက်တွင် အကျုံးဝင်နယ်ပယ်များဖြစ်သည့် အလုပ်အကိုင်နှင့် အလုပ်သမားရေးရာ သတင်းအချက်အလက်စီမံခန့်ခွဲမှုစနစ်၊ အမျိုးသားအဆင့်ကျွမ်းကျင်မှု စံလေ့ကျင့်ရေး၊ လုပ်ငန်းတွင်း၊လုပ်ငန်းဌာန၊ အလုပ်ရှင်၊ အခြေပြုလေ့ကျင့်သင်ကြားရေးစနစ်၊ အလုပ်သင်စနစ် အစရှိသည့် စနစ်များကို အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးထင်အောင် က “ဒီဥပဒေ အသေးစိတ်အပိုင်းများ စနစ်တကျအကောင်အထည်ဖော်ဖို့အတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား၊ ကျွမ်းကျင်သူအဖွဲ့အစည်းများ၊NGOများ၊ နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများရဲ့ နည်းပညာနှင့် ဖွံ့ဖြိုးရေး အထောက်အကူများ၊ ကျွမ်းကျင်သူ အကူအညီများစွာ လိုအပ်လာမှာဖြစ်ပါတယ်။ ၂၀၁၅ အာဆီယံ ပေါင်းစည်းရေးနဲ့အတူ ကျွမ်းကျင်လုပ်သားများ လွတ်လပ်စွာရွှေ့ပြောင်းသွားလာမှုများ ပေါ်ပေါက်လာ တော့မှာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment

My Blog List