Friday, January 24, 2014

ကချင်ပြည်နယ် NDFပါတီ ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာ လွတ်ပြီ

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF)၏ ကချင်ပြည်နယ် ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာကို အပြစ်ကျူးလွန်ခြင်း မရှိဟု ဆိုကာ ဖားကန့်မြို့နယ် တရားရုံးက ယနေ့ ဇန်နဝါရီလ ၂၄ ရက်တွင် အမိန့်ချမှတ်လိုက်ပြီဟု လွတ်မြောက်လာ သူ ဒေါ်ဘောက်ဂျာက မဇ္ဈိမကို ပြောသည်။
တရားဝင် လိုင်စင်မရှိဘဲ ဆေးဝါးကုသကြောင်း ဆေးကောင်စီ ဥပဒေပုဒ်မ(၄၁) ဖြင့် ခိုင်လုံမှုမရှိသဖြင့် လွတ်ပေး လိုက်သော်လည်း ဆေးထိုးပြွန်နှင့် ဆေးဝါးများကို လက်ရှိထား သုံးစွဲသည်ဟုဆိုကာ ယစ်မျိုး ဥပဒေပုဒ်မ(၃၃)ဖြင့် ဇန်နဝါရီလ ၂၄ရက်တွင် ဒေါ်ဘောက်ဂျာကို ထောင်ဒဏ် ၆လ ဖားကန့်မြို့နယ် တရားသူကြီး ဦးဇော်ဇော်ထွန်းက အမိန့်ချမှတ်ခဲ့သည်။

သို့သော် ဒေါ်ဘောက်ဂျာကို ၂၀၁၃ခုနှစ် ဇူလိုင်လ ၁၈တွင် လူသေစေမှု၊ မှတ်ပုံတင်မရှိဘဲ ဆေးပစ္စည်းကိုင်ဆောင်မှု၊ လိုင်စင် မရှိဘဲဆေးဝါးများ ကိုင်ဆောင်ထားမှုစသည့် အမှုသုံးမှုဖြင့် ဖမ်းဆီးခဲ့ပြီး ဖားကန့်မြို့နယ် ရဲစခန်းတွင် ၆ လနှင့် ၆ ရက် ချုပ်နှောင်ခံရပြီးဖြစ်ရာ ပြစ်ဒဏ် ၆ လမှာ ချုပ်ရက်များဖြင့် ပြန်လည် လွတ်မြောက်လာပြီ ဖြစ်သည်။

“ပုဒ်မ ၄၁က အမှုလည်း ခိုင်လုံမှုမရှိတဲ့အတွက် လွတ်ပေးလိုက်တယ်။ ပြီးတော့ ယစ်မျိုး ၃၃ က ဆေးခန်းဖွင့် ထားပါတယ်ဆိုတာ ပေါ်ပေါက်တဲ့အတွက် ပြစ်ဒဏ် ၆ လချပေးလိုက်တယ်။ ၃ လက လျော့ရက်နေ့ ပြန်လွတ်ပေး လိုက်တယ်။ တရားလို၊ တရားခံ သက်သေတွေရော အကုန်လုံး ထွက်ဆိုချက်အရ အမှုမှန်ကို တရားသူကြီးက ချမှတ်လိုက်တာပါ”ဟု လွတ်မြောက်လာသူ ဒေါ်ဘောက်ဂျာက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်နေ့က ဖားကန့်မြို့နယ် တရားရုံးက တရားလို ဒေါ်ကိုင်ထန်ကိုယ်တိုင် အမှု ရုပ်သိမ်းလွှာ တင်ခဲ့သဖြင့် ဒေါ်ဘောက်ဂျာကို ဆေးကုသ၍ လူသေမှု ပုဒ်မ ၃၀၄ ဖြင့် တရားစွဲဆိုထားမှုကို ရုပ်သိမ်းကြောင်း အမိန့်ချမှတ် ခဲ့ပြီး ဖြစ်သည်။

ဒေါ်ဘောက်ဂျာကို ယခုကဲ့သို့ လွတ်ပေးလိုက်သဖြင့် လူ့အခွင့်အရေးချိုးဖောက်ခံနေရသော တိုင်းရင်းသား ပြည်သူများ အတွက် များစွာ အကျိုးရှိမည် ဖြစ်ကြောင်း NDF ပါတီမှ ဖားကန့်မြို့နယ် ဥက္ကဌ ဦးသန်းဦးက ပြောသည်။

“ဒေါ်ဘောက်ဂျာက သူ့အမျိုးသားရေးကိစ္စတွေရော၊ ပြည်နယ်ကိစ္စတွေရော၊ တိုင်းရင်းသား ကိစ္စတွေရော၊ နိုင်ငံတော် တစ်ခုလုံးအတွက် ထဲထဲဝင်ဝင် အော်နေတဲ့ အမျိုးသမီးတယောက် ဖြစ်တဲ့အတွက် သူ့ကို လွတ်ပေးလိုက်တဲ့ အခါမှာ အဖိနှိပ်ခံလူတန်းစားများလို့ ခေါင်းစဉ်သတ် ရမှာပေါ့ဗျာ။ အဲဒီလို တိုင်းရင်း သားတွေအတွက် ကောင်းမွန်လာနိုင်တယ်လို့ ကျွန်တော့်အနေနဲ့ သုံးသတ်တယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

ယခုလ ၂၂ ရက်နေ့က ပြည်ပအခြေစိုက် ဥပဒေအထောက်အကူပြုကွန်ရက် တည်ထောင်သူ ရှေ့နေဦးအောင်ထူး “လူ့အခွင့်အရေးအတွက် လှုပ်ရှားရင်း လူ့အခွင့်အရေး ချိုးဖောက်ခံနေရသူ ဒေါ်ဘောက်ဂျာ” ခေါင်းစဉ်ဖြင့် စာတမ်း တစောင် ထုတ်ပြန်ခဲ့သည်။

ထိုစာတွင် ဒေါ်ဘောက်ဂျာ၏ အမှုမှန် တရားခံဘက်မှသက်သေများထွက်ဆိုချက်များ၊ အမှုအသေးစိတ်ကို ရှင်းပြထား သလို၊ အာဏာပိုင်များ၏ ရှာဖွေပုံစံများ ဖန်တီးခဲ့ပုံများကို အသေးစိတ်ဖော်ပြထားသည်။

ရဲတပ်ဖွဲ့က“မဟုတ်မမှန်သည့် စာတမ်းအမှတ်အသားကိုပြု” ခဲ့သဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၆၄ကို ချိုးဖောက်ခဲ့သဖြင့် ဖားကန့်မြို့နယ် တရားရုံးသည် ပြစ်မှုကျူးလွန်သည့် ရဲအရာရှိကို အရေးယူအပြစ်ပေးရန် တာဝန်ရှိကြောင်း ဖော်ပြ ထားသည်။

“မတရားလူ့အခွင့်အရေးချိးဖောက်ခံရတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ဒီအမှုကို ဖြစ်အောင် ဖန်တီးနေတဲ့ လူတွေက သူတို့ အာဏာတည်မြဲမှုအတွက် ကြိုးစားနေတဲ့အပေါ်မှာ ပြည်သူတွေက မရားခံရတာပါ။ ကျွန်မအနေနဲ့ နားလည် ပေးပါတယ်။ တကယ်လုပ်တဲ့လူတွေက သူတို့ လုပ်ချင်လို့ လုပ်တာ ဖြစ်ချင်မှ ဖြစ်မယ်။ အထက်က အမိန့်ကို မလွန်ဆန်နိုင်လို့ လုပ်ဆောင်နေတာပဲလို့ ခံယူလိုက်ပါတယ်”ဟု ဒေါ်ဘောက်ဂျာက ပြောသည်။

မြန်မာနိုင်ငံတွင် တရားမျှတသည့် ဥပေဒများ ဖြစ်ပေါ်ရန်၊ လူ့အခွင့်အရေးများ မှန်ကန်စွာ ဖြစ်ပေါ်လာရန်၊ ဖိနှိပ်ခံရသော ဘဝမှ လွတ်မြောက်နိုင်ရေးအတွက် သူ့အနေဖြင့် ရှေ့ဆက် လုပ်ဆောင်သွားမည်ဟု ပြောဆိုခဲ့သည်။

ဒေါ်ဘောက်ဂျာ လွတ်မြောက်လာသည်ကို ဖားကန့်မြို့နယ် ပြည်သူလူထု ၆၀ ခန့်က ပါတီအလံနှင့် “ပြည်သူ့တာဝန် ကိုယူ၊ ပြည်သူ့အကျိုးကို သယ်ပို့ ပြည်သူ့အတွက် အနစ်နာခံ ကိုယ်ကျိုးမဖက် ကချင်ပြည်နယ် သာယာဝပြောရေး ကို ရှေး ရှုသော NDF ပါတီ လွတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ဘောက်ဂျာ (ခ) ဒေါ်လွမ်းညွယ်အား ကချင်ပြည် နယ် ပြည်သူလူထုမှ ထားဝရ တန်ဖိုးထား လေးစားဂုဏ်ပြုလျက်”ဆိုသော စာတမ်းများ ကိုင်ဆောင်ကာ ဖားကန့်မြို့နယ် တရားရုံးရှေ့တွင် လာရောက်ကြိုဆိုကြသည်ဟု သိရသည်။

NDF ပါတီအနေဖြင့် ဒေါ်ဘောက်ဂျာ လွတ်မြောက်လာသည့်အပေါ် ဘာသာရေးအရ ဆုတောင်းပွဲများ ပြုလုပ်ခြင်းနှင့် ပါတီ ကိုယ်စားလှယ်များနှင့်တွေ့ဆုံကြမည် ဖြစ်ကြောင်း သိရသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ဖားကန့်မြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူ ဒေါ်ဘောက်ဂျာသည် သူ၏ ပြိုင်ဘက်ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အငြိမ်းစားဗိုလ်ချုပ်ဟောင်း သမ၀ါယမ၀န်ကြီးဦးအုန်းမြင့်ကို မဲလိမ် သည်ဟု နေပြည်တော် ရွေးကောက် ပွဲခုံရုံးသို့ တိုင်းတန်းခဲ့ပြီးနောက် အမှုကိုနှစ်ဖက်ကြေအေးမှု ယူကာ ပြန်လည်ရုပ်သိမ်းခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List