Saturday, September 14, 2013

မွေးမြူရေးလုပ်ငန်း ၄၃ ခု ဖက်စပ်လုပ်ကိုင်ရန် တင်ဒါခေါ်

Saturday, September 14, 2013
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပိုင် မွေးမြူရေးခြံနှင့် စက်ရုံများ အပါအဝင် လုပ်ငန်း ၄၃ ခု ကို ဝန်ကြီးဌာနနှင့် အကျိုးတူဖက်စပ် လုပ်ကိုင်ရန်အတွက် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များကို စက်တင်ဘာ ၁၃ ရက်နေ့တွင် တင်ဒါစတင် ခေါ်ယူလျက် ရှိကြောင်း အဆိုပါ ဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူး ဦးအောင်ဇံထွေးက ပြောကြားသည်။
အကျိုးတူ ဖက်စပ်လုပ်ကိုင်နိုင်သည့် လုပ်ငန်း ၄၃ ခုတွင် ရှမ်းပြည် နယ်တောင်ပိုင်း ဆီဆိုင်မြို့ရှိ ၃၀၅ ဧက ကျယ်သော ဆီဆိုင် မွေးမြူရေးခြံ၊ မကွေးတိုင်းဒေသကြီး မြိုင်မြို့ရှိ ၆၆၈ ဧကအကျယ်ရှိ မြိုင် ဆိတ်မွေးမြူရေးခြံ၊ ပဲခူးတိုင်းဒေသကြီးရှိ ၁၂၉ ဧကကျယ်သော ဘုရားကြီးကြက်ခြံ၊ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့ရှိ ၂၀၄ ဧကကျယ်သော ပုသိမ်ကြီး ကြက်ခြံနှင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းရှိ ၂၂၉ ဧက ကျယ်သော ရွာသာကြီး ကြက်ခြံတို့ ပါဝင်သည်ဟု ၎င်းကဆိုသည်။ အဆိုပါလုပ်ငန်းများအတွက် စိတ်ဝင်စားသည့် လုပ်ငန်းရှင်များသည် ရင်းနှီးမြှုပ်နှံလိုသည့် ပမာဏနှင့် အကျိုးအမြတ် ခွဲဝေလိုသည့် ပမာဏကို ဝန်ကြီးဌာနထံ တင်ပြရမည်ဟု ၎င်းပြောကြားသည်။

“လုပ်ငန်းတစ်ခုလုံးက ကျပ်သိန်းတစ်ရာဆိုပါစို့။ မြေယာ၊ အဆောက်အအုံက သိန်းငါးဆယ်ကျပြီး ကျန်တဲ့ထုတ်လုပ်မှုက သိန်းငါးဆယ်ဆိုရင် လုပ်ငန်းရှင် က တတ်နိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုကို တင်ပြနိုင် ပါတယ်။ မြေယာနဲ့ အဆောက် အအုံပိုင်းကိုတော့ ဌာနကပဲ ရင်းနှီးမြှုပ်နှံမှာ ဖြစ်ပါတယ်” ဟု ၎င်းကရှင်းပြ သည်။

တင်ဒါခေါ်ယူထားသည့် လုပ်ငန်း ၄၃ ခုတွင် မွေးမြူရေးအစာစပ်စက်ရုံ အပါအဝင် စက်ရုံ ၁၀ ရုံနှင့် မွေးမြူရေးခြံ ၃၃ ခြံ ပါဝင်ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်များအရ သိရသည်။

တင်ဒါခေါ်ယူရာတွင် ပြည်ပလုပ်ငန်းရှင်များပါ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ပြု ထား၍ ပြည်တွင်းလုပ်ငန်းရှင်များ ယှဉ်ပြိုင်ရာတွင် ခက်ခဲနိုင်သည်ဟု အသားတိုးကြက်မွေးမြူရေး လုပ်ငန်းရှင် ဒေါ်လှလှသိန်းက ပြောကြားသည်။

“Private - Public Partnership လုပ်မယ်ဆိုပြီး တစ်နှစ်ကျော် အကြာမှာ တင်ဒါခေါ်တာပါ။ ပြည်ပလုပ်ငန်းရှင်တွေကိုတော့ ရင်းနှီးမြှုပ်နှံမှုပိုင်းမှာ ဘယ်ယှဉ်နိုင်မလဲ” ဟု ၎င်းကဆိုသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် အကျိုးအမြတ် ခွဲဝေမှုတွင် ဝန်ကြီးဌာန ၃၀ ရာခိုင်နှုန်းနှင့် လုပ်ငန်းရှင် ၇၀ ရာခိုင်နှုန်း၊ ဝန်ကြီးဌာန ၄၀ ရာခိုင်နှုန်းနှင့် လုပ်ငန်းရှင် ၆၀ ရာခိုင်နှုန်းဖြင့် လုပ်ကိုင်မည့် လုပ်ငန်းပေါ် မူတည်၍ ရင်းနှီးမြှုပ်နှံမှုအချိုးကို သတ်မှတ်ထားသည်ဟု အဆိုပါဝန်ကြီးဌာနက ထုတ်ပြန်သည်။

အစိုးရပိုင် အခန်းကဏ္ဍကို လျှော့ချပြီး ပုဂ္ဂလိကပိုင် အခန်းကဏ္ဍကို မြှင့် တင်ရန်အတွက် မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍမှ လုပ်ငန်း ၄၃ ခုကို ပုဂ္ဂလိကပိုင် ပြုလုပ်မည် ဖြစ်ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က သြဂုတ်လ တတိယပတ်ခန့်က ပြောကြားပြီးနောက် ယင်းကဲ့သို့ တင်ဒါစတင်ခေါ်ယူခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List