Tuesday, September 10, 2013

ကုလသမဂ္ဂမှ ကချင်ဒုက္ခသည် ၃၀၀၀ အတွက်တစ်လစာရိက္ခာ သွားရောက်ထောက်ပံ့

Tuesday, September 10, 2013
ကုလသမဂ္ဂလက်အောက်မှ အဖွဲ့အစည်းများ ပူးပေါင်း၍ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ် ရှိရာ လိုင်ဇာမြို့ရှိ ဒုက္ခသည်စခန်းတစ်ခုသို့ လူ ၃၀၀၀ အတွက် စားနပ်ရိက္ခာတစ်လစာကို စက်တင်ဘာ ၇ ရက်က သွားရောက်ထောက်ပံ့ခဲ့ကြောင်းရန်ကုန်ရှိကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ ဦးအေးဝင်းက ပြောကြား သည်။ကုလအဖွဲ့များသည် စစ်ဘေးရှောင်ရန် အိုးအိမ်စွန့်ခဲ့ရသည့် ဒုက္ခသည်များကို စားနပ်ရိက္ခာအပြင် တစ်ကိုယ်ရေသန့်ရှင်းရေးပစ္စည်းများ၊ ဆေးဝါးများလည်း ထောက်ပံ့ခဲ့သေးသည်ဟုလည်းဆိုသည်။
“ဒီလိုအခွင့်အရေးရတယ်ဆိုတာ တော်တော်ကြာကြာကြီးနေမှ ကူညီခွင့်ရတယ်။ ကျွန်တော်တို့လည်း ကြိုးစားနေ တာကြာပြီ” ဟု ဦးအေးဝင်းက ဆိုသည်။
ကုလသမဂ္ဂ၏အဖွဲ့အစည်းများ ကချင်ဒုက္ခသည်များကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာတွင် ပထမဆုံးအကြိမ် အကူအညီပေးခဲ့ပြီးတစ်နှစ်နှင့်ကိုးလကြာပြီးမှဒုတိယအကြိမ် ပြန်လည်အကူအညီများ ပေးအပ်နိုင်ခြင်းဖြစ်သည်။
အစိုးရသည် ယခင်က KIO ထိန်းချုပ်နယ်မြေအတွင်းမှ ကချင်ဒုက္ခသည်များကို ကုလသမဂ္ဂအဖွဲ့များ သွားရောက် ကူညီရန် ခွင့်မပြုခဲ့ရာမှ ယခုအကြိမ်ခွင့်ပြုလိုက်ခြင်းသည် ငြိမ်းချမ်းရေးဆွေးနွေးမှုများ၏ ရလဒ်ဖြစ်နိုင်ကြောင်း KIO ၏ ဒုက္ခသည်များ ကူညီရေးကော်မတီတာဝန်ခံ ဦးဒွဲပီဆားက သုံးသပ်သည်။
ကုလသမဂ္ဂ၏ အဖွဲ့များသည် ဒုက္ခသည် ၃၀၀၀ အတွက် ကူညီထောက်ပံ့မှုများ ပေးခဲ့သော်လည်း KIO ထိန်းချုပ် နယ်မြေအတွင်း၌ ဒုက္ခသည်ပေါင်း ခုနစ်သောင်းခန့်ရှိနေပြီး ဌာနချုပ်ရှိရာ လိုင်ဇာမြို့အတွင်း တွင်ပင် ဒုက္ခသည်နှစ်သောင်းကျော်ရှိသည်ဟု KIO မှ ဗိုလ်မှူးကြီးဇော်ရော်ကပြောသည်။
ကချင်ဒုက္ခသည်စခန်းများသို့ သွားရောက်ကူညီရာတွင် ကုလလက်အောက်မှ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)၊ကုလကလေးသူငယ်ရန်ပုံငွေအဖွဲ့(UNICEF)၊ကုလလူသားချင်းစာနာမှုဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ရုံး (UNOCHA) စသည် အဖွဲ့အစည်းများမှ လူပေါင်း ၂၆ ဦးပါဝင်ခဲ့ပြီး ၎င်းတို့သည် စက်တင်ဘာ ၉ ရက်ညနေတွင် လိုင်ဇာမြို့မှ ပြန်လည်ထွက်ခွာမည်ဟု ဗိုလ်မှူးကြီးဇော်ရော်ကဆိုသည်။
အဆိုပါ ကုလအဖွဲ့အစည်းများမှ ပုဂ်္ဂိုလ်များသည် ဒုက္ခသည်စခန်းများမှ ပြန်လည်မထွက်ခွာမီ ဒုက္ခသည် များ၏ လိုအပ်ချက်များကို စစ်တမ်းကောက်ယူမှုများ ပြုလုပ်နေသည်ဟုလည်း KIO မှအရာရှိများက ဆိုသည်။
မဇ္ဈိမ

No comments:

Post a Comment

My Blog List