Saturday, September 14, 2013

ကိုယ်ပိုင်မော်တော်ယာဉ်များ မသုံးရနေ့ သတ်မှတ်မည့် အစီအစဉ် ဖျက်သိမ်း

Saturday, September 14, 2013
အများသုံးယာဉ်စနစ် မကောင်းသော မြန်မာနိုင်ငံ၌ ကိုယ်ပိုင် မော်တော်ယာဉ်များ မသုံးရနေ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရက သတ်မှတ်မည့် အစီအစဉ်ကိုဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း မထသ (ဗဟို) ပညာပေးရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဦးလှသောင်းမြင့်က စက်တင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းက The Daily Eleven သို့ ပြောကြားခဲ့သည်။
ယင်းကဲ့သို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စက်တင်ဘာ ၂၂ ရက်ကို ရန်ကုန်မြို့၌ ကိုယ်ပိုင်မော်တော်ယာဉ်များ မသုံးရနေ့အဖြစ် သတ်မှတ်မည့်အပေါ် ပြည်သူအများက ဝေဖန်မှုအမျိုးမျိုး ထွက်ပေါ်လာပြီးနောက် အဆိုပါအစီအစဉ်ကို ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ကိုယ်ပိုင်မော်တော်ယာဉ်များ မသုံးရ သည့်နေ့ သတ်မှတ်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ မထသ (ဗဟို) ပညာပေးရေး ဆပ်ကော်မတီက တင်ပြခဲ့ခြင်းဖြစ်ကြောင်း မထသ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောကြားသည်။

အဆိုပါ ကိုယ်ပိုင်မော်တော်ယာဉ်များ မသုံးရနေ့ဟု သတ်မှတ်မည့်အစီအစဉ် ဖျက်သိမ်းခြင်းနှင့် ပတ်သက်၍ မထသ(ဗဟို) ပညာပေးရေး ဆက်ကော်မတီဥက္ကဋ္ဌ မထသ (ဗဟို) ဒုတိယဥက္ကဋ္ဌ ဦးလှသောင်းမြင့်က''ကိုယ်ပိုင် မော်တော်ယာဉ်တွေ မသုံးစွဲရတဲ့ နေ့တွေကို ကမ္ဘာ့မြို့ကြီး ၁၅၀၀ မှာလည်း သတ်မှတ်ပြီး လုပ်နေတယ်။

ဒီလိုလုပ်ခြင်းအားဖြင့် လူတွေရဲ့ ကျန်းမာရေးတွေ ထိခိုက်မှုလျော့နည်းမယ်။ ယာဉ်ကြောပိတ်ဆို့မှုတွေ လျော့ကျမယ်။ ယာဉ်တိုက်မှုတွေ လျော့နည်းမယ် စတဲ့ အကြောင်းအရာတွေကြောင့် မသုံးစွဲရတဲ့နေ့ကို သတ်မှတ်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြရခြင်းဖြစ်တယ်။

ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီအစည်းအဝေးမှာတော့ ဒါကို ဆွေးနွေးခဲ့တယ်။ အစည်းအဝေး ဆုံးဖြတ်ချက်အရတော့ ကိုယ်ပိုင်မော်တော်ယာဉ်များ မသုံးစွဲရနေ့ သတ်မှတ်မယ့် အစီအစဉ်ကို ဖျက်သိမ်းပြီးတော့ ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်''ဟု စက်တင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။

မြန်မာနိုင်ငံ၌ ကိုယ်ပိုင်မော်တော်ယာဉ်များ မသုံးစွဲရနေ့ သတ်မှတ်မည်ဟု အစိုးရ သတင်းစာဖြစ်သည့် မြန်မာ့အလင်း သတင်းစာမျက်နှာဖုံးတွင် စက်တင်ဘာ ၅ ရက် ကြာသပတေးနေ့က သတင်းဖော်ပြခဲ့ပြီးလည်း ဖြစ်သည်။

ယင်းသို့ ဖော်ပြခဲ့ပြီးနောက် ပြည်တွင်း၌ အများသုံးယာဉ်စနစ် မကောင်းခဲ့သည့် အချိန်တွင် အဆိုပါကဲ့သို့ သတ်မှတ်မည့် အပေါ် ပြည်သူများက ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

''ကိုယ်ပိုင်မော်တော်ယာဉ်တွေ မသုံးစွဲရတဲ့နေ့ သတ်မှတ်မယ့် အစီအ
စဉ်ကို ဖျက်သိမ်းလိုက်တာက ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ရှိတဲ့ ပြည်သူအများစုရဲ့ ဆန္ဒနဲ့ တိုက်ဆိုင်မယ်လို့ ထင်ပါတယ်'' ဟု ကြည့်မြင်တိုင်မြို့နယ်တွင်နေထိုင်သူ ကိုလတ်က ပြောကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment

My Blog List