Tuesday, September 10, 2013

ရစ်ခ်ျစတာစကေး ၇ အဆင့်ထိ ငလျင်ဒဏ်ခံနိုင်ရည်ရှိအဆောက်အအုံများတည်ဆောက်မည်

 Tuesday, September 10, 2013

တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရ၏ ထောက်ပံ့မှုဖြင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ငလျင်ဒဏ်ခံ (modular house) အဆောက်အအုံအလုံးရေ ၃၅၀ ကို တည်ဆောက် မည်ဖြစ်ကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးအောင် က ပြောကြားသည်။ အဆိုပါ အဆောက်အအုံများကို ငလျင်လှုပ်ခတ်မှု များနိုင်ခြေရှိသည့် ဒေသများတွင် တည်ဆောက်မည်ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးတွင် အလုံးရေ ၁၅၀၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် အလုံးရေ ၅၀ နှင့် ရခိုင်ပြည်နယ်တွင် အလုံးရေ ၁၅၀ ခွဲတမ်းချထားကြောင်း ၎င်းကဆိုသည်။
ငလျင်ဒဏ်ခံအဆောက်အအုံမှာ၂၁ပေပတ်လည်ရှိနှစ်ထပ်အဆောက်အအုံဖြစ်ပြီးအဆိုပါဒေသများရှိ ဒေသခံ များအတွက် ရပ်ရွာအခြေပြုကာကွယ်ရေးအဆောက်အအုံများအဖြစ်အသုံးပြုနိုင်မည် ဖြစ်ကြောင်း ဦးစိုးအောင်က ရှင်းပြသည်။၂၀၁၁ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင်လည်း ရှမ်းပြည်နယ်တောင်ပိုင်း တာချီလိတ်မြို့နယ် တာလေမြို့နယ် ခွဲတွင် အင်အား ရစ်ခ်ျစတာစကေး ၆ဒသမ ၈ အဆင့်ရှိ အင်အားပြင်းထန်သော ငလျင်ကြီး လှုပ်ခတ် မှုကြောင့် ရွာပေါင်း ၉၀ နှင့် ပြည်သူပေါင်း နှစ်သောင်းနီးပါး ငလျင်ဒဏ် သင့်ခဲ့ပြီး လူပေါင်း ၃၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြောင်း အစိုးရက တရားဝင် သတင်းထုတ်ပြန်ထားသည်။
အလားတူ စစ်ကိုင်း ပြတ်ရွေ့ကြောပေါ်ရှိ သပိတ်ကျင်းမြို့နယ်တွင် ၂၀၁၂ ခုနှစ်တွင် အင်အား ရစ်ခ်ျစတာ စကေး ၆ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး ပျက်စီး ဆုံးရှုံးမှုနှင့် လူအသေအပျောက်များ ဖြစ်ပေါ် ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ငလျင်တိုင်းတာရေးဌာနထံမှ သိရသည်။
ရခိုင်ကမ်းရိုးတန်း တစ်လျှောက် ၁၇၆၂ ခုနှစ် ဧပြီလ ၂ ရက်နေ့က ပြင်းထန်စွာ လှုပ်ခတ်ခဲ့သော ငလျင် ကြီးကြောင့် မာန်အောင်ကျွန်းနှင့် ရမ်းဗြဲကျွန်း အနောက်ဘက်ကမ်းခြေတွင် ပင်လယ်ရေ အမြင့် ၁၂ ပေမှ ၂၂ ပေ အထိ ရောက်ရှိသည်ဟု ဗြိတိသျှလူမျိုး ဟော်လ်စတက်၏ ၁၈၄၁ ခုနှစ် စာတမ်း တွင် ဖော်ပြ ရေး သားထားကြောင်း မြန်မာနိုင်ငံ မြေငလျင် ကော်မတီအဖွဲ့အချက်အလက်များအရ သိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List