Sunday, September 8, 2013
အော်ရီဒိုးမြန်မာက သူ့ရဲ့မိုဘိုင်းဖုန်းလိုင်းသုံးသူတွေဟာ အီလက်ထရွန်နစ်စနစ်နဲ့ ငွေဖြည့်နိုင်မယ် လို့ သြဂုတ်လ ရန်ကုန်မြို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။လက်ရှိ (MPT) တို့ရဲ့နည်းက ငါးထောင်တန်/ တသောင်းတန် ငွေဖြည့်ကတ် ၀ယ်ပြီး ဂဏန်းသိရဖို့ ဖုံးထားတဲ့ခဲကိုခြစ်ထုတ်ပြီး တလုံးချင်း ရိုက်ထည့် ရတဲ့နည်းလမ်းပါ။တခါတရံ တမိနစ် နှစ်မိနစ်အတွင်း ကိစ္စပြတ်ပါတယ်။တခါတရံတော့ စိတ်ကို ဆွဲဆန့်ပြီးလုပ်ဆောင်ပါမှကိစ္စပြတ်ပါတယ်။အီလက်ထရွန်နစ်စနစ်နဲ့ ငွေထည့်နိုင်မယ်ဆိုတော့ ငွေဖြည့်ကတ်ကိုပဲ အားကိုးစရာ မလိုတော့ဘူးပေါ့။အိမ်နီးချင်းထိုင်းနိုင်ငံမှာတော့ အီလက်ထရွန်နစ်စနစ်နဲ့ ငွေဖြည့်ကြတာ တွေ့ ရ မှာပါ။
၁။ 7-11 ကုန်စုံဆိုင်လေးတွေမှာ အနည်းဆုံး ဘတ်တရာဖိုး သို့မဟုတ် နှစ်ရာသုံးရာဖိုး ၀ယ်ဖြည့်ကြတယ်။ (ဘတ်တရာ = US$ 3 ခန့်)
ဒီလိုဆိုင်တွေက ထိုင်းတနိုင်ငံလုံး နေရာအနှံ့ ရှိပြီး ၂၄ နာရီ ဖွင့်တာကြောင့် ကြိုက်တဲ့အချိန်မှာ သွားဖြည့်နိုင်ပါတယ်။
ဆိုင်တွေလည်း အမြတ်ရ၊ ဖုန်းကုမ္ပဏီလည်း ၀င်ငွေရ၊ ဖုန်းသုံးသူများလည်း အဆင်ပြေစေတဲ့နည်းပါပဲ။
ရာဂဏန်းဖိုးသာမက ထောင်ဂဏန်းဖိုး ၀ယ်ထည့်လည်း ရပါလိမ့်မယ်။
ကောင်တာရှေ့တပ်ထားတဲ့ စက်ပိစိလေးမှာ ကိုယ့်ဖုန်းနံပတ်ကို နှိပ်၊ ပြီးရင် ဘယ်လောက်ဖိုးထည့်မယ်ဆိုတာ ဆိုင်ဝန်ထမ်းကို ပြောလိုက်ရုံပါပဲ။
ကောင်တာမှာ အဲဒီစက်နဲ့ ကွန်ပြူတာနဲ့က ကျောချင်းကပ်ပြီး ကြိုးနဲ့ချိတ်ဆက်ထားတာပါ။
ဆိုင်ဝန်ထမ်းက ကွန်ပြူတာမှာ ကလစ် တချက်နှစ်ချက်နှိပ်ပြီး အတည်ပြုလိုက်တာနဲ့ ငွေဖြည့်ခြင်းကိစ္စ ပြီးမြောက်ပါပြီ။
ပိုက်ဆံရှင်းပြီးတာနဲ့ ဘယ်လောက်ဖိုးဝယ်တယ် ဆိုတဲ့ ဘောက်ချာစာရွက်ပိစိလေး ပေးပါလိမ့်မယ်။
ဆိုင်ထဲက ထွက်တဲ့အချိန်/ဆိုင်တံခါးဝ ရောက်တဲ့အချိန်မှာပဲ ကိုယ့်ဖုန်းကို message ၀င်လာပါတယ်၊ လူကြီးမင်းရဲ့ဖုန်းထဲ ငွေ ဘယ်လောက် ၀င်သွားပြီ။ ငွေပမာဏ စုစုပေါင်း ဘယ်လောက် ရှိနေပါပြီ စသဖြင့်...။
ရန်ကုန်မှာ ခပ်စိတ်စိတ် တွေ့လာရတဲ့ 108 ဆိုင်တွေ၊ ABC ဆိုင်တွေမှာ ဒီစနစ် တပ်ဆင်ဖို့ ဖုန်းကုမ္ပဏီတွေ အခုကတည်းက စဉ်းစားနေပြီလို့ ယူဆရပါတယ်။
ရှေ့လာမယ့်နှစ်ထဲ အပြိုင်ကြဲကြမယ့် ဖုန်းကုမ္ပဏီ ၄ ခုအကြောင်း ဧရာဝတီဘလော့မှာ ဖော်ပြပြီးပါပြီ။
http://blog.irrawaddy.org/2013/08/blog-post_451.html မှာ ဖတ်နိုင်ပါတယ်။
၂။ မိုဘိုင်းဖုန်းဆိုင်တချို့မှာ ငွေပေးပြီး ဖြည့်တယ်။
ဒီနည်းက အထက်က နည်းလမ်းနဲ့ ဆင်တူပါတယ်။
သို့သော်လည်း ဒီဆိုင်တွေမှာ ကွန်ပြူတာစနစ်နဲ့ ဖြည့်တာ မဟုတ်ပါဘူး။
ဆိုင်မှာရှိတဲ့ လက်ကိုင်ဖုန်းထဲကို နံပတ်တွေ ရိုက်ထည့်ပြီး ငွေဖြည့်ပေးတာ တွေ့ရပါတယ်။
အထက်ကအတိုင်းပဲ ဆိုင်ထဲက ထွက်တဲ့အချိန်/ဆိုင်တံခါးဝ ရောက်တဲ့အချိန်မှာ ငွေလက်ခံရရှိကြောင်း ကိုယ့်ဖုန်းထဲ message ၀င်လာပါလိမ့်မယ်။
ကိုယ်က တယောက်ယောက်အတွက် ငွေဖြည့်ပေးရင်လည်း
အထက်က နည်းလမ်း ၂ ခု ကျင့်သုံးဖို့ ဆိုရင် ဖုန်းကုမဏီ နဲ့ ဆိုင်လေးတွေချည်းပဲ အချိတ်အဆက်လုပ် သဘောတူဖို့တင်မက ဘဏ်တွေနဲ့ပါ ချိတ်ဆက်ဖို့ လိုပါမယ်။
၃။ လမ်းဘေးဖုန်းနဲ့ ဆင်တူတဲ့ စက်လေးထဲ ငွေထည့်ပြီး ဖြည့်တယ်။
စက်အရွယ်အစားက လမ်းဘေးဖုန်းသေတ္တာအရွယ်ပါ။ တခါမှတော့ မသုံးဖူးပါဘူး။
ကိုယ့်နံပတ် ရိုက်ထည့်၊ စက်ထဲကို ထိုင်းနိုင်ငံသုံးငွေကို ထည့်ပြီး ငွေဖြည့်တဲ့စနစ် ဖြစ်ဖွယ်ရှိပါတယ်။
ကလေးတွေ၊ ဆယ်ကျော်သက်တွေကအစ သုံးလေ့ရှိပါတယ်။
ငွေပမာဏနည်းနည်းပဲဖြည့်လည်း ရပါလိမ့်မယ်။
ရှေ့နှစ်ထဲ မြန်မာပြည်မှာ ဒီစနစ် ကျင့်သုံးမယ်လို့ မထင်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ မြန်မာတွေက စက်နဲ့ ဈေးဝယ်တာ အတွေ့အကြုံ မရှိသေးလို့ပါ။
မြန်မာပြည်မှာ အကြွေစေ့ မရှိဘူး၊ ပြီးတော့ ငွေစက္ကူတွေကလည်း အရွယ်အစားစုံလင်လွန်းပါတယ်။
ဖုန်းကုမဏီတွေက ဒီအချက်တွေကို ထည့်တွက်မယ်လို့ ယူဆရပါတယ်။
၎။ ဖုန်းသုံးသူ မိတ်ဆွေအချင်းချင်း ဖြည့်ပေးတယ်။
ကိုယ့်ဖုန်းမှာ ငွေပမာဏ နည်းနေပြီ သို့မဟုတ် ကုန်သွားပြီ ဆိုရင် သူငယ်ချင်းတယောက်ရဲ့ ဖုန်းထဲကနေ ချေးယူလို့ ရပါတယ်။
ကိုယ်က လှမ်းယူလို့ မရပါဘူး။
ရှိတဲ့သူက ပေးမှ ဝင်လာမှာပါ။
အပြင်ထွက်ပြီး ဖုန်းငွေဖြည့်ဖို့ အခြေအနေ မပေးဘူး ဆိုရင် ဒီနည်းက အတော်လေး အသုံးတည့်ပါလိမ့်မယ်။ တခြားမြို့တမြို့ကို ရောက်နေတဲ့သူက လှမ်းပြီး အကူအညီပေးတာမျိုးလည်း ရှိပါတယ်။ ထိုင်းမှာက မြန်မာပြည်သားတွေ ပြန့်ကျဲနေတာ မဟုတ်လား။
ဒီနည်းအတွက် ဆိုရင် သူနဲ့ကိုယ်နဲ့ ဆင်မ်ကတ် အမျိုးအစား တူမှ ဖြစ်ပါလိမ့်မယ်။ ဥပမာ - သူက အော်ရီဒူးသုံးပြီး ကိုယ်က တယ်လီနော သုံးတယ်ဆိုရင်လည်း အပေးအယူ လုပ်လို့ မဖြစ်ပါ။
ဒီအတွက် ဝန်ဆောင်တဲ့အတွက် ဝန်ဆောင်ခ ယူတဲ့ ကုမ္ပဏီလည်း ရှိပါတယ်။ ကုမ္ပဏီတွေက ၂ ခါ မြတ်တယ်လို့ ဆိုနိုင်ပါတယ်။
အွန်လိုင်းကနေ ငွေဖြည့်လို့ ရမလား
အွန်လိုင်းကနေ ငွေဖြည့်ဖို့ ဆိုရင် ကိုယ့်ရဲ့ အမည်၊ ဘဏ်ကတ်နံပတ်၊ မိုဘိုင်းဖုန်းနံပတ်တို့ လိုပါလိမ့်မယ်။
ထိုင်းမှာ အင်တာနက်ကနေ ငွေဖြည့်လို့ ရ မရ မစုံစမ်းကြည့်ရသေးပါဘူး။
အခု အင်တာနက်သုံးနေပေမယ့် လိုက်ရှာမကြည့်တော့ပါဘူး။ ရှာကြည့်နေရင် ဟိုဟာဖတ်မိ ဒီဟာဖတ်မိနဲ့ ဒီစာကို ဒီနေ့ တင်ဖို့ အခက်အခဲ ရှိလာနိုင်ပါတယ်း)
ပြီးတော့ ... မီးနဲ့နက်က ရန်ကုန်မှာ သိပ်ပြီး အစိုးမရပါ။
နိဂုံး
အော်ရီဒူးမြန်မာက သူ့ရဲ့မိုဘိုင်းဖုန်းလိုင်းသုံးသူတွေဟာ အီလက်ထရွန်နစ်စနစ်နဲ့ ငွေဖြည့်နိုင်မယ် လို့ သြဂုတ် ၁၆ ရန်ကုန်မြို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အထက်ဖော်ပြပါ စနစ် လေးမျိုးကို လာမယ့်နှစ် မြန်မာပြည်အတွင်း ကျင့်သုံးဖို့ ဆိုတာက အော်ရီဒိုးမြန်မာအတွက် အခက်အခဲ ရှိပုံ မရပါဘူး။ တခြားနိုင်ငံတွေမှာ အော်ရီဒိုးက အကျင့်ရနေပြီ လို့ ယူဆရပါတယ်။
အခက်အခဲကတော့ အင်တာနက် နဲ့ လျှပ်စစ်မီးပဲ ဖြစ်ပါလိမ့်မယ်။
နက်နဲ့မီး အခြေအနေ ဒီထက်ပိုပြီး တိုးတက်မယ်ဆိုရင်တော့ မိုဘိုင်းဖုန်းသုံးသူတွေ အီလက်ထရွန်နစ်စနစ်နဲ့ ငွေထည့်နိုင်မှာ ဖြစ်ပါတယ်။
အဲဒီလို ထည့်နိုင်ပြီ ဆိုရင် ခဲခြစ်ပြီး ငွေဖြည့်ရတဲ့အလုပ်ကို ကျနော်တို့ လုပ်စရာ မလိုတော့ဘူးပေါ့။
ခဲမှုန်တွေက ကျနော်တို့ရဲ့ ကျန်းမာရေးကို ဒုက္ခ လှလှပပ ပေးနိုင်တာကြောင့် အီလက်ထရွန်နစ်စနစ်နဲ့ ငွေထည့်နိုင်မယ့်ကာလ မြန်မြန် ရောက်လာပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
The Irrawaddy (Burmese Version)

No comments:
Post a Comment