Thursday, September 12, 2013

ရန်ကုန်မြို့တွင် ကားပါကင် အခက်အခဲ ဖြစ်နေသည့်အတွက် အထပ်မြင့် ကားပါကင်များ တည်ဆောက်ရန် ပြည်ပလုပ်ငန်းရှင်များအား ဖိတ်ခေါ်ဆွေးနွေးနေ

Thursday, September 12, 2013
ရန်ကုန်မြို့တွင် ကားပါကင်နေရာ အခက်အခဲ ဖြစ်နေသည့်အတွက် ပြည်ပလုပ်ငန်းရှင်များအား ဖိတ်ခေါ် ကာ အထပ်မြင့် ကားပါကင်များ တည်ဆောက်ရန်အတွက် ဆွေးနွေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေက ပြောကြားသည်။ "ကားပါကင်အတွက် အခြားနိုင်ငံတွေကနေ အထပ်မြင့်တဲ့ ကားပါကင် လုပ်မယ့်သူတွေကို ဖိတ်ခေါ်ပြီး ဆောက်ဖို့အတွက် ဆွေးနွေးနေတာတွေ ရှိပါတယ်။ Lift နဲ့ ဆောက်ဖို့ဆိုတာတော့ မသေချာဘူး။ လျှပ်စစ်က မသေချာလို့ ဖြစ်ပါတယ်။ ကွေ့ပတ်ပြီး ကားတက်တဲ့ ပုံစံမျိုးတွေနဲ့ တိုင်ပင်နေပါတယ်။ အခု အများဆုံးဒုက္ခတွေ့နေတာကတော့ ယာဉ်ကြောပိတ်ဆို့ မှု ဖြစ်ပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေက ပြောကြားသည်။ထို့အပြင် ယာဉ်ကြောပိတ်ဆို့မှုများကို ဖြေရှင်းရန်အတွက် ကားလမ်းများပေါ်တွင် လုံးဝကားမရပ်သည့် ကန့်သတ်ချက်များကို ထုတ်ပြန်သွားရန်အတွက် စဉ်းစားနေပြီး ယင်းအချက်တို့ကိုလည်း ဥပဒေတစ်ရပ် အနေဖြင့် တိုင်းဒေသကြီး လွှတ်တော်တွင် တင်ပြသွားရန် အစီအစဉ်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ကားအစီးရေ များပြားလာခြင်းနှင့်အတူ ကားပါကင် ထိုးရန်အတွက် အခက်အခဲများ ရှိလာသည့်အပြင် ကားပါကင်နေရာ မရှိမှုများနှင့် ကြုံတွေ့နေရကြောင်း သိရပြီး အဆိုပါ ကားပါကင် အခက်အခဲများ ဖြစ်ပေါ်နေသည့် အတွက်ကြောင့်လည်း ယာဉ်ကြောပိတ်ဆို့မှုများ ကို နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်နေကြောင်း သိရသည်။
"ရန်ကုန်မြို့မှာက ကားအစီးရေဟာ တစ်နေ့ထက်တစ်နေ့ ကားတွေများလာတယ်။ ကားပါကင်တွေ လုံလုံလောက်လောက် မရှိတဲ့အတွက် ကားတွေက ရပ်ချင်တဲ့နေရာ ရပ်တယ်။ အဲဒီလို ရပ်လိုက်တော့ ကားတွေက ဂျန့်ဖြစ်ပြီးတော့ ကားပိတ်ဆို့မှုတွေ ဖြစ် လာတာဖြစ်တယ်။ အပြင်ထွက်ဖို့တောင် ကြောက် လာတယ်။ ကားပိတ်တာနဲ့တင် အချိန်တွေက ကုန်နေလို့" ဟု လုပ်ငန်းရှင်တစ်ဦး က ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးသည် စီးပွားရေးလုပ်ငန်းကောင်းသည့် နေရာဖြစ် သည့်အ တွက် အခြားပြည်နယ်နှင့် တိုင်းများမှ ယာဉ်များသည်လည်း ရန်ကုန်မြို့သို့ စုပုံရောက်ရှိ လာသည့်အတွက်ကြောင့် ကားအစီးရေ များပြားလာခြင်းဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List