Wednesday, September 11, 2013

မလေးရှားရှိ မြန်မာသံရုံးနှင့်ဝေးရာသို့ အမျိုးသမီးလုပ်သား စေလွှတ်မှု ရပ်ဆိုင်းမည်

Wednesday, September 11, 2013
မလေးရှားနိုင်ငံတွင် မြန်မာအမျိုးသမီးများ မုဒိမ်းကျင့် အကြမ်းဖက်ခံရမှုကြောင့် မြန်မာသံရုံးနှင့် အလှမ်းဝေးသည့် နေရာများကို အမျိုးသမီးအလုပ်သမား စေလွှတ်မှု ရပ်ဆိုင်းမည်ဖြစ်ကြောင်း အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးအောင်က မလေးရှားနိုင်ငံရောက် မြန်မာလူမှု အဖွဲ့အစည်းများနှင့် စက်တင်ဘာလ ၉ ရက် နေ့က တွေ့ဆုံစဉ် ပြောကြားသည်။ မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် ဧရာဝတီတိုင်းဒေသကြီးမှ အမျိုးသမီးတစ်ဦး ၂၀၁၂ ခုနှစ်တွင် မုဒိမ်းကျင့်ခံခဲ့ရပြီး ယခုနှစ် သြဂုတ်လအတွင်း ကလည်း မြန်မာအမျိုးသမီးတစ်ဦး နေထိုင်သည့် အဆောင်ကို လူအုပ်စုလိုက် ဝင်ရောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားပြီး မုဒိမ်းကျင့်ကာ လမ်းဘေးတွင် ပစ်ထားခဲ့မှု များနှင့် အခြားအကြမ်းဖက်မှုများကို လူမှုအဖွဲ့အစည်းများ တင်ပြသဖြင့် ဦးမျိုးအောင်က ယင်းသို့ ပြောဆိုခြင်းဖြစ်ကြောင်း ကပုန်း ခုနစ်ရက်သားသမီး နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးဆန်းဝင်းက ပြန်လည်ပြောဆိုသည်။
မြန်မာအမျိုးသမီးများ လုံခြုံရေး အခြေအနေ ယခုထက် ပိုမိုဆိုးဝါးလာပါက မလေးရှားနိုင်ငံသို့ မြန်မာအမျိုးသမီး လုပ်သားစေလွှတ်မှုကို ပြည်ထောင်စု အစိုးရအဖွဲ့ထံ တင်ပြ၍ ရပ်ဆိုင်းသွားမည်ဟု ၄င်းကပြောဆိုကြောင်း ဦးဆန်းဝင်းက ပြန်လည်ပြောဆိုသည်။

မလေးရှားနိုင်ငံတွင် မေလကုန်နှင့် ဇွန်လဆန်းတို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများ အပါအဝင် မြန်မာများ သတ်ဖြတ်ခံရမှု များတွင် အမှုမှန်တစ်စုံတစ်ရာ ပေါ်ပေါက်လာခြင်း မရှိခြင်း တို့အတွက် မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနကို ဖိအားပေးလုပ်ဆောင်ရန် မလေးရှားနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာအထူး ကိုယ်စားလှယ်အဖွဲ့ထံ တောင်းဆိုထားကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

မြန်မာလုပ်သားများ သေဆုံး၊ ထိခိုက်မှုများတွင် နစ်နာကြေးများရရှိခြင်း မရှိကြောင်း မလေးရှားနိုင်ငံရောက် မြန်မာလုပ်သား များထံမှ သိရှိရသည်။

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား အမျိုးသမီးများ၏ ဣနြေ္ဒအရှက်တရား နှင့် ဂုဏ်သိက္ခာများကို ဥပဒေကြောင်းအရ လုံခြုံမှုပေးရန် မလေးရှားနိုင်ငံ အခြေစိုက် ၈၈ မျိုးဆက်နှင့် မျိုးဆက်သစ် လူ့အဖွဲ့ အစည်းနှင့် NLD (LA) တို့က မြန်မာနိုင်ငံ အစိုးရထံ တောင်းဆိုသည့် ကြေညာချက် တစ်စောင်ကို စက်တင်ဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

မလေးရှားနိုင်ငံတွင် တရားမဝင် နေထိုင်နေသည့် နိုင်ငံခြားသားများကို ဖမ်းဆီးနေသဖြင့် မြန်မာနိုင်ငံက အလုပ်သမား စေလွှတ်မှုကို ယာယီ ရပ်ဆိုင်းထားသည်။

မလေးရှား၊ ထိုင်း၊ စင်ကာပူနှင့် ဂျပန်တို့ရှိ စက်ရုံအလုပ်ရုံ လုပ်ငန်းများတွင် မြန်မာအမျိုးသမီး အလုပ်သမားများကို ၂၀၁၁ ဒီဇင်ဘာလမှစတင်ကာ တရားဝင် သွားရောက် အလုပ်လုပ်ခွင့် ပြုထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List