Monday, September 9, 2013
ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံတွင် ၅၀၀ မဂ္ဂါဝပ်ရှိ သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ် အားပေး စက်ရုံတည်ဆောက်ရန် အမေရိကန်ဒေါ်လာ သန်း ၅၀၀ မှ ၇၀၀ အထိ မြှုပ်နှံလုပ်ကိုင် မည် ဖြစ်ကြောင်း သိရသည်။လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းကို ကိုရီးယားနိုင်ငံ အခြေစိုက် Korea Western Power ကုမ္ပဏီမှ လုပ်ကိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံက အစုစပ် ကုမ္ပဏီအဖြစ် Hexa Group of Companies မှ စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းတွင်ဝင်ရောက်လုပ်ကိုင်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါစီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီးသာကေတမြို့နယ်တွင် အကောင်အထည်ဖော်လုပ်ကိုင်မည်ဖြစ် ပြီး မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍတွင် ပထမဆုံးအကြိမ် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဥပဒေအရ ၀င်ရောက်မြှုပ်နှံခြင်းဖြစ်ကာ စီမံကိန်းပြီးစီးပါက သီလ၀ါအထူး စီးပွားရေးဇုန်တွင် သုံးစွဲရန်အတွက် လျှပ်စစ် မီးအဓိက ပေးသွားမည်ဟု သိရသည်။

သာကေတမြို့နယ် ဧရာဝဏ်လမ်းမကြီးနံဘေးရှိစီမံကိန်းအကောင်အထည်ဖော်မည့် နေရာအား တွေ့ရစဉ် |
"ဒီစီမံကိန်းအတွက် ကိုရီးယားနိုင်ငံက အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကနေ ၇၀၀ ကြား
မြှုပ်နှံမယ်လို့ သိရပါတယ်။ စီမံကိန်းမှာ ကျွန်တော်တို့ ကုမ္ပဏီက Local
Partner အနေနဲ့ လုပ်ကိုင်မှာပါ။ ဓာတ်အားပေး စက်ရုံတည်ဆောက်ဖို့အတွက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ သဘောတူညီမှုစာချွန်လွှာ (MOA)
ထိုးပြီးပါပြီ။ လိုအပ်တဲ့သဘောတူချက်စာချုပ်တွေ ထိုးပြီးတာနဲ့
စပြီးတည်ဆောက်မှာပါ။ အခုလဲ သဲဖို့ တာ မြေကြီးပြင်တာနဲ့ မြေစမ်းသပ်တာတွေကို
စလုပ်နေပါပြီ။ သာကေတလျှပ်စစ်ဓာတ်အားပေး စက်ရုံဘေး နားက MEP ပိုင်တဲ့ မြေဧက
၅၀ ကျော်မှာ တည်ဆောက်သွားမှာပါ" ဟု ပြည်တွင်းအစုစပ် ကုမ္ပဏီအဖြစ် ၀င်ရောက်
လုပ်ကိုင်မည့် Hexa Group of Companies မှ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာစုံဟန် က
ပြောကြား သည်။ လက်ရှိတွင် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနနှင့်
ဓာတ်အားဝယ်ယူရေး သဘောတူညီမှုစာချုပ် (PPA) အတွက် ဆွေးနွေးမှုများပြုလုပ်နေပြီး စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရန်
ရှောင်ကြဉ် ရမည့် အချက်များကို သိရှိနိုင်ရန် EIA ဖြင့် ဆောင်ရွက်နေကြောင်း
Korea Western Power ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ Mr. Lim Soung Tai က
ပြောပြခဲ့သည်။
စီမံကိန်းအား အောင်မြင်စွာ ပြီးစီးနိုင်ရန်အတွက် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ပူးပေါင်း ပါဝင် ဆောင်ရွက် မှုများ ပြုလုပ်သွားမည်ဟု လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးအောင်သန်းဦးက ပြောပြသည်။
Korea Western Power ကုမ္ပဏီသည် ကိုရီးယား အစိုးရပိုင် ကုမ္ပဏီတစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလအတွင်း ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ် တွင် သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းအား BOT စနစ်ဖြင့် လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းအား နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေအရ လုပ်ကိုင်ရန် Toyo-Thai Corporation Public ကုမ္ပဏီအား လုပ်ကိုင်ခွင့် ချထားပေးခဲ့ကြောင်း သိရသည်။
Eleven Media Group

No comments:
Post a Comment