Wednesday, September 11, 2013

ဘေးထွက်ဆိုးကျိုး ကြောက်၍ ဆင်ခြေထောက်ကာကွယ်ဆေး သောက် သုံးသူနည်းပါး

Wednesday, September 11, 2013
ကျန်းမာရေးဝန်ကြီးဌာန၏ ဆင်ခြေထောက်ရောဂါ အမြစ်တွယ်မှု တိုက်ဖျက်ရေး စီမံကိန်းအရ နိုင်ငံတစ်ဝန်း မြို့နယ်များသို့ကာကွယ်ဆေးများအိမ်တိုင်ရာရောက်လိုက်လံပေးသော်လည်း ဆေး၏ ဘေးထွက်ဆိုးကျိုးကို ကြောက်၍ သောက်သုံးသူ နည်းပါးကြောင်း ရန်ကုန်မြို့တွင် နေထိုင် သူအချို့ထံမှ စုံစမ်းသိရှိရသည်။

Photo: ဘေးထွက်ဆိုးကျိုး ကြောက်၍ ဆင်ခြေထောက်ကာကွယ်ဆေး သောက် သုံးသူနည်းပါး
 Wednesday, September 11, 2013

ကျန်းမာရေးဝန်ကြီးဌာန၏ ဆင်ခြေထောက်ရောဂါ အမြစ်တွယ်မှု တိုက်ဖျက်ရေး စီမံကိန်းအရ နိုင်ငံတစ်ဝန်း မြို့နယ်များသို့ ကာကွယ်ဆေးများ အိမ်တိုင်ရာရောက်လိုက်လံပေးသော်လည်း ဆေး၏ ဘေးထွက်ဆိုးကျိုးကို ကြောက်၍ သောက်သုံးသူ နည်းပါးကြောင်း ရန်ကုန်မြို့တွင် နေထိုင် သူအချို့ထံမှ စုံစမ်းသိရှိရသည်။

ကျန်းမာရေးဝန်ကြီဌာနက ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီး နှင့် ပြည်နယ် ခြောက်ခုတွင် စက်တင်ဘာလ ၉ ရက်မှ ၁၅ ရက်အတွင်း ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေးများ အိမ်တိုင်ရာရောက် ဝေငှပေးရန် စီစဉ်ထားသည်။

သို့သော် ကာကွယ်ဆေးရရှိပြီးသော မြို့နယ်များတွင် နေထိုင်သူအများစုက အဆိုပါဆေးများသည် မူးမော်ခြင်း၊ ကျန်းမာရေး မကောင်းသူများအတွက် အန္တရာယ်များခြင်းတို့ ဖြစ်နိုင်ကြောင်း သိရသည့်အတွက် ဟုဆိုကာ သောက်သုံးသူ နည်းပါးကြကြောင်း စမ်းချောင်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက The Voice သို့ ပြောကြားသည်။

"အခု ကျွန်တော်သိသလောက် ဆေးလာပေးလို့သာ ယူလိုက်ကြတာ မသောက်ရဲကြဘူး။ ပိုဆိုးတာက ရွာက အမျိုးတွေက ရန်ကုန်ကိုတောင် ပြန်ဖုန်းဆက်ပြီး ဒီဆေးတွေမသောက်ဖို့ လှမ်းပြောသေးတယ်။ နယ်ဘက်တွေမှာ ပိုဆိုးနေတယ် ကြားတယ်" ဟု ၄င်းက ထပ်လောင်းပြောကြားသည်။

ကာကွယ်ဆေး တိုက်ကျွေးသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆေးမသောက်သင့်သူ အုပ်စုအကြောင်း ရှင်းလင်း ပြောကြားကြသော်လည်း ဆေးအပေါ် ယုံကြည်စိတ်ချမှု မရှိသောကြောင့် မိသားစုအားလုံး မသောက်သုံးကြောင်း သာကေတမြိုနယ်နေ အမျိုးသမီးတစ်ဦး က The Voice သို့ ပြောဆိုသည်။

ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေးနှင့် မတည့်သူများသည် အရေပြား တွင် အနီကွက်ကြီးများ ပေါ်လာတတ်ကြောင်း၊ စိုးရိမ်ရသော ဘေးထွက်ဆိုး ကျိုးမှာ မျက်လုံးနှင့် မျက်နှာတစ်ဝိုက်ယားယံပြီး ရောင်လာခြင်း ဖြစ်ကြောင်း အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက ပြောကြားသည်။

ဆေးသောက်ပြီးချိန် ခေါင်းမူးတတ်ခြင်းမှာ ဆေးအားလုံးလိုလို၏ ဘေးထွက်ဆိုးကျိုးသာ ဖြစ်ကြောင်း ၄င်းက ထပ်မံ ပြောကြားသည်။
"ဆေးပေးတဲ့နေရာမှာ တစ်ယောက်စာ ဆေးအိတ်တွေနဲ့ ပေးပါတယ်။ အဲဒီဆေးအိတ် ထဲမှာ ဘယ်လိုသူတွေ သောက်ရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေ ထည့်ထားပြီးသားပါ" ဟု ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မင်းသန်းညွန့်က ရှင်းပြသည်။

ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေး မတိုက်ရမည့်အုပ်စုတွင် အသက် ၂ နှစ်အောက် ကလေးများ ၊ ကိုယ်ဝန်ဆောင် မိခင်လောင်းများနှင့် အကြောင်းအမျိုးမျိုးကြောင့် နေမကောင်းဖြစ်နေသူများ၊ ဆီးချို ရောဂါရှင်များ ပါဝင်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယင်းကာကွယ်ဆေး DEC (Diethyl Carbamzine) အတွက် ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ဆင်ခြေထောက် ကာကွယ်ဆေးပြား ၄၆ သန်း ပံ့ပိုးထားပြီး ယင်းနှင့်အတူ တွဲပေးသော သန်ချဆေး (Albendazole) ကို GSK က ပံ့ပိုးကူညီခဲ့သည်။

စီမံချက်စတင်သည့် နယ်မြေများသည် မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး ၊ မန္တလေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့ ဖြစ်ပြီး ယခုအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့၌ ထပ်မံ ဆောင်ရွက်နေသည်။

မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်တို့မှလွဲ၍ ကျန်ဒေသများတွင် ဆင်ခြေထောက်ရောဂါ အမြစ်တွယ်မှုများ ရှိကြောင်း ဆင်ခြေထောက် ရောဂါ ကာကွယ်ရေး စီမံချက်ထံမှ သိရသည်။

The Voice Weekly 

No comments:

Post a Comment

My Blog List