Tuesday, December 25, 2012

ဧရာဝတီတိုင်း ယာဉ်လိုင်းအချို့ ယာဉ်ထွက်ခွာချိန် မမှန်မကန်ပြောဆိုမှုကြောင့် ခရီးသွားများ အခက်တွေ့

ရန်ကုန်မြို့မှ ဧရာဝတီတိုင်း ဓနုဖြူ၊ ပုသိမ်၊ ဟင်္သာတ အစရှိသည့် မြို့များသို့ ပြေးဆွဲလျှက်ရှိသော အဝေးပြေးယာဉ်လိုင်းအချို့ ယာဉ်ထွက်ခွာချိန် မမှန်မကန်ပြောဆိုမှုကြောင့် ခရီးသွားပြည်သူများ စိတ်အနှောင့် အယှက်ဖြစ်မှုကြုံတွေ့ရလျှက်ရှိကြောင်းသိရသည်။“ ကျွန်တော်တို့က ဘာမှ မပြောတာလည်းခက်တာပဲ။ ဒီလိုပဲ တစ်ယောက်မေး အချိန်တစ်မျိုးပြောတာပဲ ။ နောက်ဆုံးဒီအချိန်မှ ပဲထွက်တာပဲ။ ကျွန်တော်တို့ တစ်ခုခုပြောရင်တောတစ်မျိုးဖြစ်သွားမယ်ထင်တယ်” ဟု ကားထွက်ချိန် ၄နာရီဟု လက်မှတ်ရောင်းထားပြီး ၅ နာရီမှ ကားထွက်သည့် အကြိမ်ပေါင်း များစွာ ကြုံတွေ့ခဲ့သူ ရန်ကုန်- ဓနုဖြူ လွန်းပြန်သွားနေသော ခရီးသည် တစ်ဦးကပြောသည်။
အချို့သော ယာဉ်လိုင်းများသည် ယာဉ်ထွက်ခွာချိန် မမှန်မကန်ပြောဆိုသည့်အပြင် ထွက်ခွာမည့် ယာဉ်လိုင်းကိုပါ မမှန်မကန်ပြောဆိုမှုများကြုံတွေ့ရလျှက်ရှိကြောင်း ခရီးသည်အချို့က ပြောသည်။ “ အခြားယာဉ်လိုင်းတွေ ရှိသေးရဲ့သားနဲ့သူတို့ကပဲနောက်ဆုံးကားလိုမျိုး ။ ဒါပြီးရင် ထွက်ကားမရှိတော့ဘူးလိုမျိုး ခေါ်ကြတာ။ တစ်ခါတလေ အလျင်လိုတော့လည်း ယုံပြီးလိုက်မိတာပေါ့။ ” ဟုရန်ကုန်မြို့၌ အလုပ်လုပ်ရင်း ရံဖန်ရံခါ နယ်ရှိ မိဘများထံ ပြန်လေ့ရှိသူ ပုသိမ်သူ မမြတ်ဆု ကပြောသည်။

ယင်းကဲ့သို့ အချိန်မမှန်မကန်ပြောဆိုခြင်း မမှန်မကန်ပြောဆိုခြင်းသည် သယ်ယူ ပို့ဆောင်ရေး ကောင်းမွန် ရန်ဆောင်ရွက်လျှက်ရှိသော ကိစ္စရပ်ပေါ်၌ အခက်အခဲဖြစ်စေပြီး မည်မျှပင် လမ်းတံတားများကောင်းမွန်အောင်
တည်ဆောက်ထားသည်ဖြစ်စေ ယင်းသို့သော ယာဉ်လိုင်းများ၏ မမှန်ကန်မှုများရှိနေဦးမည်ဆိုလျှင် ကောင်းမွန် သည့် သယ်ယူပို့ဆောင်ရေးစနစ်ဖြစ်ထွန်းလာမည် မဟုတ်ကြောင်းကျွမ်းကျင်သူအချို့ကပြောသည်။

“ နိုင်ငံတကာမှာ ယာဉ်လိုင်းဘယ်အချိန်ထွက်မယ်။ ဘယ်အချိန်ရောက်မယ်ဆိုတာကို မပြောနိုင်၊တာဝန်မခံနိုင်ရင် အဲဒီယာဉ်လိုင်း အလုပ်လုပ်ခွင့်မရှိဘူး။ ဒီမှာကတော့ အယူသည်းသလိုလိုဘယ်အချိန်ရောက်မှာလဲ မေးမိရင်ကို တစ်ခုခုပဲ ဖြစ်တော့မလိုလို။ တစ်ခါတစ်ခါ သိပ်စိတ်ပျက်ဖို့ကောင်းတယ်။” ဟု ပြည်းတွင်းပြည်ပခရီးများ မကြာခဏသွားလေ့ရှိသူ တစ်ဦးကပြောသည်။

မြန်မာနိုင်ငံ၌ ဒေသတွင်း သွားလာရာတွင် လွယ်ကူစေရန် လမ်းတံတားများ တည်ဆောက်ဖောက်လုပ် ထားသော်လည်း ပြေးဆွဲလျှက်ရှိသော ယာဉ်လိုင်းများမှာ ထွက်ချိန်ဝင်ချိန်နှင့်ပတ်သက်၍ခရီးသွားပြည်သူများ အတွက် အာမခံချက်ပေးနိုင်ခြင်းမရှိသေးကြောင်းသိရသည်။

Popular Myanmar News Journal


No comments:

Post a Comment

My Blog List