Monday, September 23, 2019

ရွေးကောက်ပွဲအောင်နိုင်ရေးကို ရှေ့လုပ်ငန်းစဉ်အဖြစ် NLD ဗဟိုကော်မတီ ချမှတ်



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဒုတိယဗဟိုကော်မတီ၊ တတိယအကြိမ်မြောက် အစည်းအဝေး အပြီးတွင် ဆုံးဖြတ်ချက် ၅ရပ်နှင့် ရှေ့လုပ်ငန်းစဉ် ၃ ရပ် ချမှတ်ခဲ့ပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေးကိုလည်း ရှေ့လုပ်ငန်းစဉ်အဖြစ် ထည့်သွင်းချမှတ်ခဲ့ကြောင်း NLD ပါတီမှ ဒုတိယဥက္ကဌ ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

ယနေ့ (စက်တင်ဘာလ ၂၂ ရက်) နေ့လယ် ၂ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ကျင်းပသော ဒုတိယဗဟိုကော်မတီ၊ တတိယအကြိမ်မြောက် အစည်းအဝေး ဒုတိယနေ့အပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
“ဒုတိယဗဟိုကော်မတီ၊ တတိယအကြိမ်မြောက် အစည်းအဝေးအပြီးမှာ ဆုံးဖြတ်ချက် ၅ ရပ်ချမှတ် ခဲ့ပါတယ်။ ဒုတိယအကြိမ်အစည်းအဝေးတုန်းက ရှေ့လုပ်ငန်းစဉ် ၅ ရပ် ချမှတ်ခဲ့ပါတယ်။ အဲဒီထဲကမှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးက ပြည်ထောင်စုလွှတ်တော်မှာ ပြင်ဆင်နေတဲ့အတွက် အခု တတိယအကြိမ်အစည်းအဝေးက ရှေ့လုပ်ငန်းစဉ် ၃ ရပ် ချမှတ်ခဲ့ပါတယ်”ဟု ပါတီမှ ဒုတိယဥက္ကဌ ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
ရှေ့လုပ်ငန်းစဉ် ၃ ရပ်မှာ (၁) အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ပြည်တွင်းစစ်ချုပ်ငြိမ်းရေး၊ ဒီမို ကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ (၂) အဖွဲ့ချုပ် အဖွဲ့ဝင်များကြား ညီညွတ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ (၃) ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီး အောင်နိုင်ရေးတို့ဖြစ်ကြောင်း သိရသည်။
ဆုံးဖြတ်ချက် ၅ ရပ်မှာ (၁) ပါတီဝင်များအား ဗဟိုအလုပ်မှုဆောင်အဖွဲ့မှ ဦးဆောင်၍ စွမ်းရည် မြင့်သင်တန်းများပေးခြင်း၊ (၂) တွေ့ဆုံဆွေးနွေးပွဲများပြုလုပ်ခြင်းဖြင့် ပါတီ၊ လွှတ်တော်၊ အစိုးရ ဟန် ချက်ညီညီဆောင်ရွက်ရေးအတွက် တွေ့ဆုံပွဲများတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ တက်ရောက်ရန်၊ (၃) လယ်ယာမြေပြဿနာများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာအစိုးရအဖွဲ့အား တိုက်တွန်းပေးပြီးဖြစ်ပါကြောင်း (၄) ရွေးကောက်ပွဲမဟာဗျုဟာများ ရေးဆွဲရန်အတွက် သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်မှ ရွေးကောက်ပွဲဆိုင်ရာ အခြေခံအချက်အလက်များ ပေးပို့ရန် (၅) တိုင်းရင်းသားရေးရာကော်မတီ ဖွဲ့စည်းရန် အကောင်အထည်ဖော်ခြင်းတို့ ဖြစ်ကြောင်း သိရသည်။
ရဲကျော်ထက်(အကုန်သိသတင်းဌာန)

No comments:

Post a Comment

My Blog List