Thursday, September 26, 2019

“၂ဝ၂ဝ မှာလည်း ၂ဝ၁၅ တုန်းကလို နိုင်အောင်တော့ ကျွန်မတို့အားလုံး ကြိုးစားရမယ်။ ကျွန်မတို့ ပြင်ဖို့အချိန်တွေရှိနေသေးတယ် . . .” (ဒေါ်စန္ဒာမင်းနှင့် အင်တာဗျူး)


Image may contain: 1 person, sitting and text

ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံတော်ဘတ်ဂျက်ဖြင့်ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများ၊ ဘတ်ဂျက်တွင် ပါဝင်ခြင်း  မရှိဘဲ လုပ်ငန်းရှင်များက proposal တင်ဆောင်ရွက်မည့် စီမံကိန်းများသည် နိုင်ငံနှင့် နိုင်ငံသားများ အတွက် အကျိုး ရှိမည့် စီမံကိန်းဟုတ်၊ မဟုတ် စစ်ဆေးခြင်းများကို တိုင်းလွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီက အဓိကထားဆောင်ရွက်နေသည်။ 


အလားတူ ကော်မတီသို့ ရောက်ရှိလာသည့် တိုင်ကြားစာများ၊ လူထုနစ်နာမှုများနှင့်ပတ်သက်သည့်လုပ်ငန်း စီမံကိန်း များကိုလည်း မြေပြင်ကွင်းဆင်းမှုများ ဆောင်ရွက်လျက်နေသည်။ ကော်မတီကကွင်းစစ်ဆေးတွေ့ရှိချက်များကို တိုင်းအစိုးရသို့ အစီရင်ခံစာရေး အသေးစိတ်တင်ပြခြင်း၊ လွှတ်တော်တွင်မေးခွန်းမြန်းခြင်းများ ဆောင်ရွက်နေသည်။ ယင်းအခြေအနေများနှင့်ပတ်သက်၍ ကော်မတီဥက္ကဋ္ဌဒေါ်စန္ဒာမင်းအား တွေ့ဆုံမေးမြန်းထားသည်များကို ဆက်လက်ဖော်ပြပါသည်။
မေး - ၃ နှစ်ကျော်ကာလအတွင်းမှာ ကော်မတီရဲ့ လုပ်ငန်းတာဝန်တွေ ကို ဘယ်လောက် အတိုင်းအတာထိ ဆောင်ရွက်ပေးနိုင်ခဲ့လဲ။အားရ ကျေနပ်မှုရှိလား။
ဖြေ - ကော်မတီအနေနဲ့တော့ တာဝန်ကျေအောင်ဆောင်ရွက်ခဲ့ပါတယ်။ သို့သော်လည်း အားလုံးကျေနပ်အားရ မှုရှိအောင် ဆောင်ရွက်နိုင်ခဲ့လားဆိုတော့ မဆောင်ရွက်နိုင်ခဲ့ပါဘူး။ ကျွန်မတို့ကတော့ မြေပြင်ကွင်းဆင်းစစ် ဆေးပြီးတော့ဖြစ်ပေါ်နေတဲ့ကိစ္စတွေကိုလွှတ်တော်ဥက္ကဋ္ဌကြီးကတဆင့် တိုင်းဒေသကြီးအစိုးရကိုတင်ပြတယ်။ တင်ပြတဲ့အခါမှာတော့ အောင်မြင်မှုနည်းပါတယ်။ တခါတခါကျလို့ရှိရင် ကိုယ်လုပ်ချင်တိုင်းလည်း လုပ်လို့မရဘူး။ လွှတ်တော်ဥက္ကဋ္ဌကြီးဆီက ခွင့်ပြုချက်ရမှလည်းလုပ်လို့ ရတယ်။ ခွင့်ပြုချက်မရတဲ့အတွက် လုပ်ခွင့်မရတာတွေ အများကြီးရှိပါတယ်။ ကျွန်မတို့က စက်မှုဇုန်ဥက္ကဋ္ဌတွေနဲ့ အများဆုံးထိတွေ့တယ်။ အကြိမ်အများဆုံး အစည်းအဝေးလုပ်တယ်။ အများဆုံး နီးနီးကပ်ကပ်ဆက်ဆံပြီး အခက်အခဲရှိတာတွေ ဖြေရှင်းပေးတယ်။ ဒါကြောင့်လည်း စက်မှုဇုန်တွေကိုကော်မတီဖွဲ့ပြီး အဆင့်မြှင့်တင်တဲ့ကိစ္စတွေမှာ ကျွန်မတို့ ကော်မတီကကူညီဆောင်ရွက်ပေးပါရစေလို့ ပြောပေမဲ့လည်း ကျွန်မတို့ကို တာဝန်မပေးဘူး။ ကျွန်မတို့ ကော်မတီက အကြံဥာဏ်ပေးလို့ပဲရတယ်။ ဆုံးဖြတ်ချက်နဲ့ ဆောင်ရွက်ရတာကတော့ တိုင်းဒေသကြီး အစိုးရဘက်ကပဲ ဆောင်ရွက်ရတာဖြစ်တဲ့အတွက် ကျွန်မတို့အကြံပေးတိုင်းလည်း လိုက်ပါဆောင်ရွက်ပေးမှု မရှိတော့ ကော်မတီအနေနဲ့ မတတ်နိုင်ဘူးဆိုတဲ့ အခြေ အနေမှာရှိတယ်။
မေး - ကိုယ်စားလှယ်တွေရဲ့ မေးခွန်းတွေကို ပြန်လည်ဖြေကြားတဲ့ သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ ဝန်ကြီးတွေရဲ့ အဖြေတွေဟာ အားရကျေနပ်မှုရှိလား။
ဖြေ - အားရကျေနပ်မှုရှိသလို ကိုယ်မေးခွန်းမေးပေးလိုက်တဲ့အတွက် အဆင်ပြေသွားတဲ့ကိစ္စမျိုးတွေလည်းရှိသလို တချို့ကိစ္စတွေဆိုရင် အဆင်မပြေတဲ့အပြင် ဝန်ကြီးတွေဖြေဆိုတာက မြေပြင်လက်တွေ့မှာ တခြားစီဖြစ်နေ တယ်။ အထူးသဖြင့်တော့ စည်ပင်သာယာနဲ့ပတ်သက်တဲ့ ကိစ္စမျိုးတွေဆိုရင် မြေပြင်နဲ့ကွဲလွဲနေတာတွေက ပိုများပါတယ်။ နောက်ပြီးတော့ လယ်ယာမြေနဲ့ပတ်သက်တဲ့ကိစ္စ၊ မြစ်ကြောင်းဖြိုးနဲ့ပတ်သက်တဲ့ကိစ္စတွေ ဆိုရင်လည်း မြေပြင်နဲ့ကွဲလွဲနေတာတွေများတယ်။ ဥပမာ မြစ်ကမ်းပါး ပြိုတဲ့ကိစ္စအပါအဝင်မြစ်လယ်မှာ သဲခိုးစုပ်တာတွေ၊ ကျောက်ခိုးစုပ်တဲ့ လှေတွေကိုတွေ့နေရတယ်ဆိုပေမဲ့ ဒီကိစ္စတွေကို လွှတ်တော်မှာ မေးလိုက် တယ်ဆိုရင်တော့ စည်းမျဉ်းစည်းကမ်းအရ ဘယ်လိုလုပ်ဆောင်နေပါတယ်။ ဘယ်လိုဖမ်းဆီးပါတယ်ဆိုပြီး ပြောနေတာတွေက တကယ်တမ်း မဟုတ်ဘူး။ လက်တွေ့နဲ့ ကွာဟနေတာမျိုးတွေ တွေ့နေရတယ်။
မေး - ဝန်ကြီးတွေရဲ့ လွှတ်တော်မှာဖြေကြားချက်တွေထဲမှာ လုပ်ပေးပါမယ်ဆိုတဲ့ ကတိကဝတ် ကိစ္စတွေရှိတယ်။ ဒီလိုလွှတ်တော်ရဲ့ ကတိကဝတ်တွေအပေါ် လိုက်ပါဆောင်ရွက်ပေးမှု အခြေအနေကရော။
ဖြေ - လုပ်ပေးမယ်ဆိုပေမဲ့ ကြာရှည်နေတာတွေကလည်း အများကြီးပေါ့။ ယုဇနဥယျာဉ်မြို့တော်မှာ ရေအခက် အခဲဖြစ်နေတဲ့၊ ပြည်သူလူထုအတွက် ဆောင်ရွက်ပေးမယ့်ကိစ္စတွေ အဲဒါမျိုးတွေက အလွန်တရာ ကြန့်ကြာတယ်။ ကတိကဝတ်ဖြစ်သွားပေမဲ့ အစိုးရဘက်ကနေ လိုက်ပါဆောင်ရွက်ပေးဖို့က အရမ်းကြန့်ကြာတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း မြို့နယ်အတွင်းမှာ အဆင်ပြေနိုင်အောင် ရေကိစ္စ၊ မီးကိစ္စ၊ လမ်းကိစ္စ မေးကြတယ်။ တိုင်းဒေသကြီးအစိုးရဘက်မှာလည်း လုပ်ငန်းတွေက များပြားရ တဲ့အပြင် ဝန်ကြီးတပါးကိုဌာနကိုလေး၊ ငါးခုလောက်ကိုင်နေရပြီး အဲဒီဌာနလေးခုစရဲ့ လုပ်ငန်းတွေက များပြားတော့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မေးခွန်းတွေကိုလိုက်ပါဆောင်ရွက်ပေးနေရတဲ့ ကိစ္စတွေကလည်း သူတို့အတွက် ပြဿနာတခုဖြစ်နေတာပေါ့။ ဒါကြောင့်လည်း လွှတ်တော်ဆိုရင် ရက်ကြာကြာလည်း မလုပ်ချင်ဘူး။ လွှတ်တော်ကိုလည်း သိပ်ပြီးတော့ ဝန်ကြီးများက မတက်ချင်ကြဘူး။ လွှတ်တော်လုပ်မယ့်ရက်ဆိုရင်လည်း တိုတိုတုတ်တုတ်နဲ့ပဲ မြန်မြန်ဆန် ဆန်ပဲ ပြီးချင်တယ်။ တခါတလေကျရင် မေးခွန်းလေး ၂ ခုနဲ့ပဲ လွှတ်တော် ကို လုပ်လိုက်တယ်ဆိုတဲ့ ရက်တွေမျိုးကို လည်းတွေ့ရမှာပါ။ ဒါဟာ ဘာလဲဆိုတော့ အစိုးရဘက်က လွှတ်တော်ကိုယ်စားလှယ်အတွက် ဖြေပေးနိုင်မယ့် အဖြေမရှိတာဖြစ်တဲ့အတွက် သူတို့ရဲ့မေးခွန်းတွေကို ပြန်မ ဖြေနိုင်ဘူးပေါ့။ ဒါမျိုးတွေ ကြုံတွေ့နေရပါတယ်။ အထူးသဖြင့် ကျွန်မမေးလိုက်တဲ့ မေးခွန်းတွေဆိုရင် အမြဲတမ်းပဲ အရမ်းကြာတတ်ပါတယ်။ ကျွန်မတို့ မေးတဲ့ မေးခွန်းတွေဆိုရင် လုပ်ဆောင်နေပါတယ်၊ လုပ်နေပြီ၊ လုပ်နေပါတယ်၊ မမေးပါနဲ့တော့။ ပြီးလို့ရှိရင် ကျွန်မမေးလိုက်တဲ့အတွက် အခက် အခဲဖြစ်တဲ့ ကိစ္စမျိုးတွေအစိုးရမှာရှိကောင်းရှိမှာပါ။ ဒါကြောင့် သူတို့ ကလည်း လွှတ်တော်ထဲမှာမဖြေချင်ဘူးပေါ့။
ဥပမာအားဖြင့် ပုလဲကွန်ဒိုစီမံကိန်းပေါ့။ ပုလဲကွန်ဒိုနဲ့ပတ်သက်တဲ့ ကိစ္စမျိုး၊ စာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာမှာ လည်း ပါတယ်။ ဒီကိစ္စသည် ပြီးခဲ့တဲ့ မြို့တော်ဝန် ဦးကိုလေး လက်ထက်ထဲကိုက မပြတ်ခဲ့တဲ့ကိစ္စ၊ ပုလဲကွန်ဒို တိုက် E နဲ့ပတ်သက်တဲ့ နိုင်ငံတော်ကို သိန်းပေါင်းနှစ်သောင်းခြောက်ထောင်ကျော် ငွေပြန်သွင်းရမယ့်ကိစ္စဆိုရင် ပြီးခဲ့တဲ့ အစိုးရလက်ထက်ကလည်း ပြတ်ပြတ်သားသား မဆုံးဖြတ်ခဲ့ဘူး။ ပြန်လည်ပေးလျော်ရပါမယ်ဆိုပြီး စာပဲထုတ်တယ်။ တကယ်တမ်း ထိထိရောက်ရောက်ဖြစ် အောင် ဥပဒေကြောင်းအရ မဆောင်ရွက်ခဲ့ဘူး။ အခု ဒီအစိုးရလက် ထက်ရောက်ပါပြီ။ လွှတ်တော်ကော်မတီမှာ ခေါ်စစ်တယ်။ မေးခွန်းတွေအကြိမ်ကြိမ် မေးတယ်။ ပြီးရင် မြို့တော်ဝန်ကို အကြိမ်ကြိမ်ပြောတယ်။ မြို့တော်ဝန်ကတော့ ဒီကိစ္စကို ပုဂ္ဂလိပိုင်ပြုလုပ်ရေးကော်မရှင်ကို တင်ထားပါတယ်ပြောတယ်။ ပုဂ္ဂလိပိုင်ပြုလုပ်ရေးကော်မရှင်က ဒုတိယသမ္မတကိုမေးခွန်းမေးပေးတယ်။ ဒုတိယသမ္မတကနေပြီးတော့ ဆုံးဖြတ်ချက်ချပေးလိုက်တယ်။ ပုလဲကွန်ဒိုစီမံကိန်းနဲ့ပတ်သက်ပြီးတော့ နိုင်ငံတော်ကိုပေးသွင်းရမယ့် လျော်ကြေးငွေကိုဆက်လက်ပေးသွင်းရမယ်ဆိုပြီး အမိန့်ချလိုက်တယ်။ ဒါပေမဲ့ ဒီကိစ္စကိုသက်ဆိုင်တဲ့ စည်ပင်သာယာကော်မတီကနေပြီး Notice ထုတ်ထားပါတယ်ဆိုပြီးတော့ ထိထိရောက် ရောက်မဆောင်ရွက်သေးဘူး။
ပြောချင်တာက ဒီလမ်းဘေးမှာရှိနေတဲ့ ကွမ်းယာဆိုင်ဖျက်တဲ့ ကိစ္စမျိုးတွေ၊ ရပ်ကွက်ထဲမှာရှိနေတဲ့ ဆင်းရဲတဲ့ပြည်သူတွေအတွက်ကို Notice ထုတ်မယ်ဆိုတဲ့ ကိစ္စမျိုးတွေကိုတော့အတင်းဆွဲချတာမျိုး၊ Notice ထုတ်ပြီး ၃ ကြိမ်မြောက်ပြီဖြစ်တဲ့အတွက်ဆိုတာမျိုး ဥပဒေကြောင်းအရ အားနည်းတဲ့သူတွေဆိုရင်တော့ ထိထိရောက်ရောက်ဆောင်ရွက်နိုင်တာမျိုးကိုတွေ့ရပေမဲ့ နိုင်ငံတော်ကိုကျပ်သိန်းပေါင်းသောင်းနဲ့ ချီသွင်းရမယ့်ကိစ္စမျိုးတွေကျရင်တော့ ထိထိရောက်ရောက် မဆောင်ရွက်ပေးဘူး။ မဆောင်ရွက်ပေးဘဲနဲ့ Notice ထုတ်ထားပါတယ်ဆိုပြီးတော့ မြောနေတဲ့ကိစ္စမျိုးတွေကတော့ မဖြစ်သင့်ဘူးပေါ့။ ဒါမျိုးကိစ္စတွေ လွှတ်တော်မှာ မေးမယ်ဆိုရင်လည်း သူတို့မှာလာဖြေချင်တဲ့ဆန္ဒမရှိဘူး။ ရန်ကုန်တိုင်းလွှတ်တော် အခုနောက်ပိုင်းဆိုရင် လမ်းခင်းတာတို့၊ တံတားခင်းတာတို့၊ မီးသွယ်တာတို့ ဒီဟာလောက်ကလွဲပြီး ကျန်တဲ့ဟာကိုလွှတ်တော်က မေးခွင့်မရှိဘဲနဲ့ ဆောင်ရွက်ခွင့်မရှိတော့တဲ့အခြေအနေမှာရှိနေတယ်။
မေး - ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကျင်းပတဲ့ တရက်တာကုန် ကျစရိတ် ဘယ်လောက်ရှိလဲ။
ဖြေ - ကိုယ်စားလှယ်တဦးကိုတသောင်းခွဲ၊ ၁၂၃ ဦးဆိုတော့ အနည်း ဆုံး တရက်ကို သိန်း ၂ဝ လောက်ရှိတယ်။ ဒါက တနေ့ကို လုပ်တဲ့နေ့တွက်နော်။ လစာမပါသေးဘူး။ ဒါက ရေဖိုး၊ မီးဖိုး၊ paper ဖိုးမပါသေးဘူး။
မေး - လွှတ်တော်တရက်ကျင်းပစရိတ်ဟာ ကိုယ်စားလှယ်တွေကို ပေးရတဲ့စရိတ်ကတင် တရက်ကို သိန်း ၂ဝ လောက်ရှိတယ်ဆိုတော့ စောစောကပြောသလို လွှတ်တော်ကို ရက်တိုတိုတုတ်တုတ်နဲ့ ကျင်းပချင်တာမျိုး၊ မေးခွန်းနှစ်ခုလောက်နဲ့ ပြီးသွားတာမျိုးရှိနေတော့ အဲဒီအပေါ်မှာ ဘယ်လိုသုံးသပ်ချင်ပါသလဲ။
ဖြေ - ကျွန်မတို့က အဲလိုမျိုးမဖြစ်စေချင်ဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေပေးထားတဲ့မေးခွန်းဟာ လွှတ်တော် မကျင်းပခင် အနည်းဆုံး ၁ဝ ရက်မှာ ကြိုပေးထားရတာ။ ဒီ ၁ဝ ရက်အတွင်းမှာဖြေရမယ့် ဝန်ကြီးက ကိုယ်တိုင်ရှာထားတာလည်း မဟုတ်ဘူး။ အောက်ခြေကဝန်ထမ်းတွေကိုပဲ ပေးလိုက်တာ။အောက်ခြေက ဝန်ထမ်းတွေကလည်း အချိန်မီဒီအဖြေတွေကို ပြန်ပေးဖို့ လိုအပ်တယ်။ နောက်တခုက မေးခွန်းနဲ့ အဖြေပဲ လွှတ်တော်မှာ လုပ်တာမဟုတ်ဘူး။ အဆိုတွေ ဆွေးနွေးဖို့ရှိတယ်။ မေးခွန်းတွေကိုဖြေပေးဖို့ အချိန်မရသေး ဘူးဆိုရင် အဆိုတွေကိုဆွေးနွေးခိုင်းဖို့ လိုအပ်တယ်။ အဆိုတွေအပြင် တိုင်းဒေသကြီးအစိုးရက သူ့လုပ်မယ့် စီမံကိန်းကိုလွှတ်တော်ကိုတင်ပြဖို့ လိုအပ်တယ်။ ကိုယ်စားလှယ် ၁၂၃ ယောက်မှာ ကိုယ်စားလှယ် ၅ဝ လောက် ကတော့ အနည်းဆုံးတော့မေးခွန်းမေးကြတယ်။ ဒီ ၅ဝ သောမေးခွန်းတွေထဲက တနေ့ကိုမေးခွန်း ၅ ခု၊ ၁ဝ ခုလောက်ဖြေပေးလိုက်မယ်။ အဆိုကတော့ ၁ ခု ဆွေးနွေးပြီး တော့ နောက်ထပ်စီမံကိန်းကတော့ ဘယ်နှခု ဆွေးနွေးမယ်ဆိုတာမျိုးပေါ့။ ကျွန်မတို့က လွှတ်တော်ရဲ့သတ်မှတ်ထားတဲ့ အချိန်မနက် ၁ဝ နာရီ ကနေ ညနေ ၄ နာရီလောက်ကိုလွှတ်တော်ထဲမှာထိုင်ချင်တယ်။ နိုင်ငံတော်နဲ့ နိုင်ငံသားတွေကို အကျိုးရှိမယ့်ခေါင်းစဉ်တွေကို ဆွေးနွေးချင်တယ်။ အဲဒါမျိုးလုပ်မှသာလျှင် လွှတ်တော်ကြီးကို institution တခုအဖြစ်နဲ့ အသုံးချတယ်လို့ ပြောချင်ပါတယ်။ နောက်တခု ဥပဒေတွေ ပြဋ္ဌာန်းပေးဖို့လိုတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေဇယား(၂)မှာဆိုရင် တိုင်းဒေသကြီးနဲ့ ပြည်နယ်များက ပြုလုပ်ရမည့် ဥပဒေစာရင်းများဆိုပြီး တင်ပြထားတယ်။ အဲဒီဥပဒေပြုစာရင်းများ ကနေ ဘာတွေလုပ်ပြီးပြီလဲ။ ကျွန်မတို့ဥပဒေပြုစာရင်းက လက်ဆယ်ချောင်း မပြည့်ဘူး။ တိုင်းဒေသကြီးအစိုးရဟာ ကုမ္ပဏီတွေဖွဲ့ပြီး စီးပွားရေးလုပ်တယ်။ ဘာဥပဒေနဲ့လုပ်တာလဲ ဥပဒေမရှိသေးဘူး။ ဒီဥပဒေကို ပြဋ္ဌာန်းပေးဖို့လိုတယ်။ မြို့သစ်စီမံကိန်းကြီးတွေလုပ်တယ်။ မြို့သစ်စီမံကိန်းကြီးတွေလုပ်မယ့် ဥပဒေ မရှိသေးဘူး။
မေး - ဥပဒေဘယ်နှခုလောက် တိုင်းလွှတ်တော် က အတည်ပြုပေးနိုင်ခဲ့ပြီးပြီလဲ။
ဖြေ - ၂ဝ၁၈ စည်ပင်ဥပဒေ၊ ရေချိုငါးဥပဒေတို့၊ စာကြည့်တိုက်ဥပဒေကတော့ ဆွေးနွေးနေဆဲပေါ့။ ၅ ခု လောက်ပဲရှိ တယ်။ သိပ်ပြီး အရေးမကြီးသေးတဲ့ ဥပဒေတွေ၊ စာကြည့်တိုက်ဥပဒေတို့၊ ရေချိုငါးဥပဒေတို့ဆိုတာ လူတွေစိတ် မဝင်စားဘူး။ လူတွေအတွက် ဒေသန္တရဥပဒေတွေဆိုတာ အများကြီးပြုရမှာ။ အခု အငှားယာဉ်မောင်းများ အတွက် အငှားယာဉ်မောင်းဥပဒေတွေကို ဘယ်လိုစည်းကမ်းဥပဒေတွေနဲ့ လိုက်နာရမယ်ဆိုတာမျိုး ဒီလိုဥပဒေတွေက အမြန်ထွက်သင့်တဲ့ ဥပဒေမျိုးတွေဖြစ်ပါတယ်။
မေး - နောက်ဆုံးမေးခွန်း ၂ ခု လောက်မေးချင်ပါတယ်။ ပထမမေးခွန်းကတော့ လာမယ့် ၂ဝ၂ဝ ဆိုရင် NLD ထင် သလောက်မလွယ်နိုင်ဘူး။ လူထု ထောက်ခံမှုနည်းသွားနိုင်တယ်။ ၂ဝ၁၅ လောက် မရနိုင်လောက်ဘူးဆိုတာမျိုး ဝေဖန်သုံးသပ်မှုအချို့ရှိနေပါတယ်။ ဒီအပေါ်မှာ ဘယ်လိုသုံးသပ်ချင် ပါသလဲ။
ဖြေ - ၂ဝ၁၅ တုန်းကလည်း ကျွန်မတို့ကို ဒီလိုပဲသုံးသပ်ခဲ့ပါတယ်။ မနိုင်နိုင်ဘူးပေါ့။ သောင်ပြိုကမ်းပြို လည်း မနိုင်နိုင်ဘူး။ ဘယ်ပါတီက ဘယ်လောက်ရာခိုင်နှုန်းရရင်ဘယ်သူနဲ့ ပေါင်းလို့ရှိရင် အစိုးဖွဲ့နိုင်တယ်။ NLD ပါတီကတော့ ဘယ်လောက်ရာခိုင်နှုန်းမှ မရဘူးဆိုရင် အစိုးရဖွဲ့လို့မရဘူးဆိုပြီး ၂ဝ၁၅ တုန်းကလည်း ဒီလိုပဲ သုံးသပ်ခဲ့ပါတယ်။ သို့သော်လည်း တကယ်တမ်းလက်တွေ့ကျတော့ သောင်ပြိုကမ်းပြိုနိုင်ခဲ့တာပါပဲ။ ဒါပေမဲ့ လာမယ့် ၂ဝ၂ဝ မှာ ဘယ်လောက်နိုင်မယ်ဆိုတာ ကျွန်မတို့က ရာခိုင်နှုန်းအပြည့်နိုင်ဖို့ပဲ ကြိုးစားရမှာပေါ့။ အခုကတည်းကိုက ငါတို့မနိုင်နိုင်ဘူးဆိုတဲ့ အားလျှော့စိတ်တော့မရှိပါဘူး။ ဒါပေမဲ့ ၂ဝ၂ဝ မှာလည်း ၂ဝ၁၅ တုန်းကလို နိုင်နိုင်အောင်တော့ ကျွန်မတို့အားလုံး ကြိုးစားရမယ်။ တကယ်လို့ ကျွန်မတို့မှာ အခုအချိန်မှာ ချို့ယွင်းချက်တွေရှိနေတယ်ဆိုရင် ကျွန်မတို့ ပြင်ဖို့အချိန်တွေရှိနေသေးတယ်။ ကျွန်မတို့မှာ ဘာချို့ယွင်းချက် တွေ ရှိနေသလဲ၊ ဒီရှိတဲ့ဟာတွေအားလုံးကို ပါတီက ပြန်လည်သုံးသပ်ပေးပါ။ ပါတီကပြန်လည် သုံးသပ်ပြီးရင် တော့ ကျွန်မတို့အနေနဲ့ ပြင်ဆင်ဖို့အဆင်သင့်ပါပဲ။

မေး - နောက်မေးခွန်းတခုကတော့ အခု ရွေး ကောက်ပွဲနီးလာပြီ။ အစိုးရအနေနဲ့၊ လွှတ်တော် အနေနဲ့ လူထုလက်တွေ့အကျိုးရှိမယ့်၊ ထင်သာမြင် သာရှိမယ့် ဘယ်လိုလုပ်ငန်းတွေကို ဘယ်လိုအားသွန် ခွန်စိုက်လုပ်သင့်တယ်လို့ ယူဆပါသလဲ။ တိုင်းဒေသ ကြီးအစိုးရကို ဘယ်လို အကြံပြုချင်ပါသလဲ။
ဖြေ - ကျွန်မအကြံပေးချင်တာကတော့ လူထုနိစ္စဓူဝကြုံတွေ့နေရတဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍတွေမှာလည်း ပိုမိုပြီး ချောမွေ့လာအောင် ဆောင်ရွက်ပေးစေချင်တယ်။ ပုဂ္ဂလိကပိုင်လုပ်နေတဲ့ စည်းကမ်းမဲ့ taxi တွေကို စည်းကမ်းရှိအောင်နဲ့ စနစ်တကျဖြစ်အောင် ဆောင်ရွက်ပေးစေချင်ပါတယ်။ ဒါက လက်တွေ့ကျပါတယ်။ နောက်တခုကတော့ လူတွေအတွက်အခက်အခဲဆုံးဖြစ်နေတဲ့ လျှပ်စစ်မီးကိစ္စကို အခုလာမယ့် တနှစ်ခွဲ အတွင်းမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ လုံလောက်အောင်သုံးနိုင်မယ့် အနည်ဆုံး မဂ္ဂါဝပ် ၆၆ဝ ထုတ်နိုင်မယ့်စက်ရုံမျိုးတွေကို တည်ဆောက်ပေးဖို့ လိုအပ်တယ်။ ဒါဟာ အခုလာမယ့် နွေရာသီမှာ ပြည်သူလူထုအတွက် ပြီးခဲ့တဲ့နှစ်ကလိုမျိုးအခက်အခဲမရှိအောင် လျှပ်စစ်ပေးနိုင်တဲ့ကဏ္ဍကို အဓိကထား ဆောင်ရွက်ပေးစေချင်တယ်။ နောက်တခုက လူတွေအတွက်အခက်အခဲဖြစ်နေတဲ့အခွန်ဆိုင်ရာကိစ္စတွေမှာ အတတ်နိုင်ဆုံးအခွန်လျှော့ပေါ့တဲ့စနစ်၊ လုပ်ငန်းရှင်တွေအတွက် ရန်ကုန်တိုင်းမှာ ရပ်တန့်နေ တဲ့လုပ်ငန်းတွေအားလုံးကို ကောင်းမွန်စွာပြန်လည်လည်ပတ်နိုင်စေဖို့ ထိထိရောက်ရောက်ဆောင်ရွက် ပေးစေချင်တယ်။ ဒီလိုမျိုးကိစ္စတွေမှာ အားနည်းမှုတွေရှိတယ်။ ဒါတွေကိုတော့ ၂ဝ၂ဝ မတိုင်ခင်မှာ အဆင် ပြေချောမွေ့အောင် ဆောင်ရွက်ပေးစေချင်ပါတယ်။
ကျေးဇူးတင်ပါတယ်။
တွေ့ဆုံမေးမြန်းသူ - လင်းလင်းအောင်

No comments:

Post a Comment

My Blog List