Thursday, March 20, 2014

ကချင်ပြည်နယ် လွတ်မြောက်ရေး တပ်မတော် KIAက သန်ခေါင်း စာရင်းကောက်ခြင်းခွင့်မပြု

မြန်မာ နိုင်ငံတွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရန်အတွက်မြန်မာနိုင်ငံ အစိုးရ အနေဖြင့် ပြင်ဆင်နေချိန်တွင် ကေအိုင်အေ ကချင်လွတ်မြောက်ရေးအဖွဲ့ ထိန်းချုပ်နယ်မြေအတွင်း သန်းခေါင် စာရင်း ကောက်ခံခြင်းကို ခွင့်မပြုဘူးဟု ကေအိုင်အေအဖွဲ့မှပြောသည်။
၎င်းကိစ္စနှင့် ပတ်သက်၍ ကချင် ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလမိုင်ဂွန်ဂျာက “သမ္မတ ဦးသိန်းစိန်ရဲ့ ကချင်ပြည်နယ် ခရီးစဉ်အတွင်းမှာပဲ ဒီအကြောင်းက ပြောခဲ့ပြီးပါပြီ ဘာဖြစ်လို့လဲဆိုရင်တော့ ကချင်ပြည်နယ် အတွင်းမှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့်ပါ။ တိုက်ပွဲဖြစ်တဲ့ နေရာတွေမှာ လုံခြုံရေး စိတ်မချရတဲ့ အတွက် လက်မခံတာပါလို့ ကေအိုင်အေဖက်က ပြောကြားခဲ့လို့ သိရတာပါ” ဟု ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလမိုင်ဂွန်ဂျာက ပြောသည်။

ယခုအချိန်တွင် ကချင်ပြည်နယ် အတွင်း၌ ဖြစ်ပွားခဲ့သော စစ်ပွဲများကြောင့် စစ်ဘေးဒုက္ခသည် အရေ အတွက်မှာ လူဦးရေ(၈)သောင်းမှ (၁)သိန်းခန့်အထိရှိပြီး ဒေသခံများပါ ထည့်တွက်မည်ဆိုလျှင် လူဦးရေ (၂)သိန်းကျော် ရှိကြောင်း ၎င်းကပြောသည်။

ကေအိုင်အေ ထိန်းချုပ်နယ်မြေတွင် သန်းစာရင်း ကောက်ခံခြင်းကို ခွင့်မပြုသော်လည်း ဝလက်နက်ကိုင် တပ်ဖွဲ့ ထိန်းချုပ်နယ်မြေနှင့် မိုင်းလားလက်နက်ကိုင်တပ်ဖွဲ့ ထိန်းချုပ်နယ်မြေများတွင် သန်းခေါင် စာရင်း ကောက်ခံခြင်းများကို ကြိုတင်ကောက်ခံနေကြောင်း သိရပြီး လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန၊ ညွန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်စိုးက သန်းခေါင်စာရင်း ကောက်ခံခွင့်နှင့်ပတ် သက်၍ ကချင်ပြည်နယ် တစ်ခုလုံးက ငြင်းပယ်ခြင်း မဟုတ်ဘူးဟု ပြောကြားခဲ့ပါသည်။

လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ညွန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်စိုးက “ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ ခရိုင်(၄)ခုအနက် မိုးညင်း ခရိုင်ဘက်ကတော့ ဘာမှ မကြားရဘူး၊ ပူတာအို ခရိုင်မှာတော့ ကျေးရွာတချို့ကလွဲရင် ကျန်အားလုံးနီးပါးကို ကြိုတင် ကောက်ခံပြီးပြီး ဖြစ်သလို မြစ်ကြီးနား မှာလည်း ကောက်ခံနေပါတယ် ဒါပေမဲ့ အနည်းငယ်တော့ ကျန်သေးတယ် နိုင်ငံတကာကို ကြည့် လိုက်တော့ ရာနှုန်းပြည့် သန်းခေါင်စာရင်း ကောက်ခံနိုင်တယ်ဆိုတာ ကမ္ဘာမှာ မရှိသေးပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံမှာလည်း အလားတူ မကောက်ခံနိုင်တဲ့ နေရာတွေလည်း ရှိနိုင်ပါတယ် အဲ့ဒီနေရာတွေကိုတော့ တရားဝင် ကြေညာသွားမှာပါ ဒါပေမဲ့ ကျွန်မတို့အနေနဲ့ တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ ကောက်လို့ရအောင် အတတ်နိုင်ဆုံး ညှိနှိုင်း ဆောင်ရွက်နေတယ်”ဟု ဒေါက်တာ ခိုင်ခိုင်စိုး က ပြောသည်။

ချစ်မင်းထွန်း
The Myanmar Age

No comments:

Post a Comment

My Blog List