Tuesday, March 18, 2014

ခရိုင်းမီးယားလွတ်လပ်ရေး ရုရှားသမ္မတအသိအမှတ်ပြု

ခရိုင်းမီးယားကို အချုပ်အခြာအာဏာပိုင် လွတ်လပ်တဲ့နိုင်ငံတခုအဖြစ် အသိအမှတ်ပြုကြောင်း အမိန့်ကြေ ညာချက်တခုကို ရုရှားသမ္မတ မစ္စတာပူတင်က လက်မှတ်ရေးထိုးလိုက်ပါတယ်။
ခရိုင်းမီးယားဒေသဟာ ယူကရိန်းနိုင်ငံအတွင်းကနေ လွတ်လပ်တဲ့နိုင်ငံတနိုင်ငံအဖြစ်သတ်မှတ်ဖို့အတွက် ဆန္ဒခံယူပွဲကျင်းပခဲ့ရာမှာ မဲပေးသူအရေအတွက်ရဲ့ ၉၇% က ထောက်ခံကြောင်း ကြေညာခဲ့အပြီးနောက် တနေ့ဖြစ်တဲ့ တနင်္လာနေ့မှာ ရုရှားသမ္မတ မစ္စတာပူတင်က အခုလို အမိန့်ကြေညာချက်ကို လက်မှတ်ရေး ထိုးခဲ့တာဖြစ်ပါတယ်။

ခရိုင်းမီးယားဒေသကို ယူကရိန်းနိုင်ငံကနေ ခွဲထုတ်ဖို့အရေး ထောက်ခံမှုပေးခဲ့တဲ့အပေါ် တုံ့ပြန်တဲ့အနေနဲ့ ရုရှားအစိုးရ တာဝန်ရှိသူတွေအပေါ် အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂတို့က ပိတ်ဆို့ အရေးယူ မှုတွေပြုလုပ်ကြောင်း ကြေညာခဲ့အပြီး နာရီပိုင်းအတွင်းမှာပဲ ရုရှားဘက်က အခုလို ကြေညာချက် ထွက်ပေါ်လာတာပါ။

ခရိုင်းမီးယားမှာ ပြုလုပ်ခဲ့တဲ့ ဆန္ဒခံယူပွဲအတွင်း တချို့မဲပြားတွေဟာ မဲမပေးခင်ကတည်းက ကြိုတင် အမှတ်အသားတွေ ဖြည့်စွက်ထားတဲ့ အထောက်အထားတွေ အခိုင်အလုံ ရရှိထားတယ်လို့ အမေရိကန် သမ္မတ အိမ်ဖြူတော် အကြီးတန်းအရာရှိတဦးက သတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။

ခရိုင်းမီးယားမှာ ကျင်းပတဲ့ ဆန္ဒခံယူပွဲဟာ ယူကရိန်းနိုင်ငံရဲ့ အခြေခံဥပဒေကို ချိုးဖေါက်တာဖြစ် သလို နိုင်ငံတကာဥပဒေနဲ့လည်း ကိုက်ညီမှုမရှိဘူးလို့ သမ္မတအိုဘားမား အစိုးရနဲ့ ဥရောပ သမဂ္ဂတို့ က စောပိုင်းကတည်းကပဲ ထပ်ခါတလဲလဲ သတိပေးပြောဆိုခဲ့ပါတယ်။

VOA

No comments:

Post a Comment

My Blog List