Tuesday, March 18, 2014

အရေးပေါ်အခြေအနေ ရုပ်သိမ်းရန် ထိုင်းအစိုးရ သဘောတူ






ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်တွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများ အတန်ငယ် အားလျော့သွားခဲ့သည့်နောက် အရေးပေါ် အခြေအနေ ကြေညာမှုကို အဆုံးသတ်တော့မည် ဖြစ်သည်။ထိုင်းအစိုးရသည် ဇန်နဝါရီလ (၂၂)ရက်နေ့ ထုတ်ပြန်ခဲ့သည့် အရေးပေါ် အခြေအနေ သတ်မှတ်ကြေညာမိန့်ကို ရုပ်သိမ်းပေးရန် သဘောတူညီခဲ့သည်။ 
 
ယင်းလုပ်ဆောင်မှုသည် ဘန်ကောက်မြို့တော်သို့ ကမ္ဘာလှည့် ခရီးသွားများ ပြန်လည်ရောက်ရှိလာစေရန် ဆွဲဆောင်နိုင်မည်ဟု အစိုးရက မျှော်လင့်လျှက် ရှိသည်။ ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ် ယင်လက်ခ်ရှီနာဝါထရာကို ဆန့်ကျင်သည့် ဆန္ဒပြမှုများ အားကောင်း ပြင်းထန်လာသည့်နောက် အရေးပေါ် အခြေအနေ ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ဗုဒ္ဓဟူးနေ့တွင် အဆိုပါ အမိန့်ကြေညာချက် သက်ရောက်မှုအား ပယ်ဖျက်တော့မည်ဟု ထိုင်းဒုတိယ ဝန်ကြီးချုပ် ယူကိုလ် လင်လမ်သွန်က သတင်းထောက်များအား ပြောကြားခဲ့သည်။ “တကယ်လို့ နောက်ထပ် အကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာရင်လည်း အစိုးရ အနေနဲ့ ပြည်တွင်းလုံခြုံရေး ဥပဒေအရပဲ ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်”ဟုလည်း ယူကိုလ်က ဆိုသည်။ 

ယင်လက်ခ် နုတ်ထွက်ပေးရန် ဖိအားပေး တောင်းဆိုသော ဆန္ဒပြမှုများသည် အောက်တိုဘာလက စတင်၍ ပေါ်ပေါက်လာ ခဲ့ခြင်း ဖြစ်သည်။ အတိုက်အခံများက ယင်လက်ခ်သည် အစ်ကိုဖြစ်သူ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှီနာဝါထရာ၏ ဩဇာခံ သက်သက်မျှသာဖြစ်ကြောင်း စွပ်စွဲကြသည်။

ယင်လက်ခ်က “နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်း အတော်များများကလည်း အရေးပေါ် အခြေအနေ ကြေညာချက်ကို ပယ်ဖျက်ပေးဖို့ လိုလားကြပါတယ်။ ဒါကလည်း ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကို ထိရောက်လို့ပါ။ အတိတ်မှာ ကတည်းက ကျွန်မတို့ဟာ ဆူပူအကြမ်းဖက်မှုနဲ့ ပြဿနာတွေကို မဖြေရှင်းနိုင်ဘူး ဆိုတာကို သိရှိခဲ့ပြီးပါပြီ။ ခုချိန်မှာ ကျွန်မတို့ အနေနဲ့ လည်း ပြည်တွင်း လုံခြုံရေးအက်ဥပဒေနဲ့ပဲ ကိုင်တွယ်နေပြီး တရားဥပဒေစိုးမိုးရေးအတွက် အားထည့်လုပ်ဆောင်သွား မှာပါ”ဟု ပြောကြားသွား ခဲ့သည်။

ယခုလ အစောပိုင်းက ဘန်ကောက်တွင် ဆန္ဒပြသူများက ၎င်းတို့ပိတ်ဆို့ထားသည့် အရေးပါသော နေရာ(၄)ခုမှ ဖယ်ရှားပေးရန် သဘောတူညီခဲ့ပြီး ဘန်ကောက်မြို့လယ်ရှိ လွမ်ပီနီပန်းခြံတွင် သပိတ်စခန်း ပြောင်းရွှေ့ အခြေစိုက်ခဲ့သည့်နောက် ထိုင်းနိုင်ငံရေး တင်းမာမှုများ အတန်ငယ် လျော့ပါးသွားသည်။ 

ထိုင်းနိုင်ငံတွင် ဖေဖော်ဝါရီလက ရွေးကောက်ပွဲ ကျင်းပခဲ့သော်လည်း အတိုက်အခံတို့၏ သပိတ်မှောက်မှုကြောင့် လွှတ်တော်တွင်း အမတ်နေရာများ လျာထားချက် မပြည့်မီဘဲ ဖြစ်နေရာ ယင်းရွေးကောက်ပွဲ ရလဒ်အပေါ် ယင်လက်ခ်အနေဖြင့် သေချာပေါက် အားကိုးအားထား ပြုနိုင်ရန် အာမခံချက်မရှိသော အခြေအနေများနှင့် ဆက်လက်ရင်ဆိုင်နေရသည်။

Planet Myanmar Network

No comments:

Post a Comment

My Blog List