Tuesday, March 18, 2014

အင်းစိန်ထောင်မှ အကျဉ်းသား ခုနစ်ဦး တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆို


အင်းစိန် ဗဟိုအကျဉ်းထောင်တွင် ပြစ်မှုအသီးသီးဖြင့် ပြစ်ဒဏ်ကျခံနေရသူ အကျဉ်းသားများအနက် အသက် ၂၀ အောက် အကျဉ်းသား ခုနစ်ဦးသည် ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အဆိုပါ အကျဉ်းထောင်ရှိ အမှတ် ၃ အခြေခံပညာ အလယ်တန်းကျောင်းတွင် ဝင်ရောက် ဖြေဆိုကြောင်း အင်းစိန် ဗဟိုအကျဉ်းထောင် ထံမှ စုံစမ်း သိရှိရသည်။
အဆိုပါ အကျဉ်းထောင်မှ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုခွင့် လျှောက်ထားသူ အကျဉ်းသား ၁၀ ဦးအနက် သုံးဦးမှာ ပြစ်ဒဏ်မှ လွတ်မြောက်ခဲ့သည့် အတွက် ခုနစ်ဦးသာ ဖြေဆိုကြောင်း၊ အသက် ၂၀ အောက် အကျဉ်းကျ ခံနေရသူ မောင်ဟိန်းထက်၊ မောင်ဂျူလိုင်မိုး၊ မောင်ဟန်ဝင်း ၊ မောင်မျိုးလွင်ဦး၊ မောင်မျိုးအောင်နှင့် မောင်မျိုးညွှန့်ဦးတို့ ဖြစ်ကြောင်း အင်းစိန် ဗဟိုအကျဉ်းထောင်မှ တာဝန်ခံ ဦးကျော်ဌေးက ပြောကြားသည်။

အခြေခံပညာ အထက်တန်း တက်ရောက် သင်ကြားနေချိန် ထောင်ဒဏ် ကျခံနေရသော ကျောင်းသား အကျဉ်းသားများ၏ ပညာသင်ကြားမှု အခွင့်အရေး မဆုံးရှုံးစေရန် ပြည်ထဲရေး ဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာန၊ ဗဟိုအကျဉ်းထောင်နှင့် အမှတ်(၃) အခြေခံပညာ ဦးစီးဌာန ရန်ကုန် (မြောက်ပိုင်း) ခရိုင် ပညာရေးမှူးရုံးတို့ ညှိနှိုင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း အင်းစိန် ဗဟိုအကျဉ်းထောင်မှ တာဝန်ခံက ရှင်းပြသည်။

“ဒီလို (အကျဉ်းထောင်တွင်း စာမေးပွဲ ဖြေဆိုခွင့်) ကို တစ်နိုင်ငံလုံး အကျဉ်းထောင်တွေမှာ တစ်ပြေးညီ အကောင်အထည်ဖော် ကျင့်သုံးနိုင်ပြီ ဆိုရင် လူ့အခွင့်အရေး စံနှုန်းအရရော နိုင်ငံသား အခွင့်အရေး စံအရပါ အသိအမှတ် ပြုလောက်တဲ့ လှုပ်ရှားမှုတစ်ခု ဖြစ်လာနိုင်ပါတယ်။ အင်းစိန်ထောင်ရဲ့ ဆောင် ရွက်မှုကိုလည်း ကြိုဆိုပါတယ်” ဟု စာရေးဆရာ တစ်ဦးလည်း ဖြစ်သူ အငြိမ်းစား ထောင်မှူးကြီး ဦးခင်မောင်မြင့်က မှတ်ချက်ပြု ပြောကြားသည်။

တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် အကျဉ်းသားများကို စာသင် စာကျက်ရန် စားဝတ်နေရေး၊ သွားလာရေး တို့ကို ဆောင်ရွက်ပေးကြောင်း၊ အင်းစိန်အကျဉ်းထောင်တွင် အမှတ်(၃)အခြေခံပညာ အလယ်တန်းကျောင်းကို ဖွင့်လှစ် ထားရှိပြီး ပညာသင်ကြားနေချိန် ထောင်ဒဏ် ကျခံနေရသူ အခြေခံပညာ အလယ်တန်း ကျောင်းသား ကျောင်းသူများကို ပညာ ဆက်လက် သင်ကြားခွင့် ပေးခြင်းနှင့် စာမေးပွဲ ဖြေဆိုခွင့် စီစဉ်ပေးထားကြောင်း၊ အခြေခံပညာ အထက်တန်း ကျောင်းသား ကျောင်းသူများကို အင်းစိန်မြို့နယ် ပညာရေးမှူးရုံး၏ အစီအစဉ်ဖြင့် အထက်တန်းပြ ဆရာ၊ ဆရာမများက အကျဉ်းထောင် တွင်း ဝင်ရောက်ကာ ပညာ သင်ကြားပေးကြောင်း၊ ထောင်တာဝန်ခံ အရာရှိ၏ အစီအစဉ်ဖြင့် ဆရာတစ်ဦးက အနီးကပ် သင်ကြားပေးကြောင်း အဆိုပါ အကျဉ်းထောင်ထံမှ သိရှိရသည်။

အင်းစိန် ဗဟိုအကျဉ်းထောင်တွင် မတ်လ ၁၇ ရက်နေ့အထိ စာရင်းအရ အကျဉ်းသားနှင့် အချုပ်သား အပါအဝင် စုစုပေါင်း ၆၅၀၀ ကျော် ရှိကြောင်း၊ စာမေးပွဲ ဖြေဆိုသူ အကျဉ်းသား ခုနစ်ဦး ရှိကြောင်း အဆိုပါ အကျဉ်းထောင်ထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List