Wednesday, March 19, 2014

နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေး ‘ဝ’၊ မိုင်းလား လက်နက်ကိုင်အဖွဲ့များနှင့် ဦးသိန်းဇော် တွေ့ဆုံမည်


နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP/UWSA၊ မိုင်းလား လက်နက်ကိုင် တပ်ဖွဲ့တို့နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် ထပ်မံတွေ့ဆုံ မည် ဖြစ်ကြောင်း အဆိုပါ တပ်ဖွဲ့များ၏ ဆက်ဆံရေးရုံးများထံမှ သိရှိရသည်။ 
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဇော်သည် မတ်လ ၁၉ ရက်နေ့တွင် မိုင်းလားတပ်ဖွဲ့နှင့် တွေ့ဆုံမည်ဖြစ်ပြီး မတ်လ ၂၀ ရက်နေ့တွင် ‘ဝ’ အထူးဒေသ ပန်းဆန်း၌ UWSP/UWSA နှင့် တွေ့ ဆုံမည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့အစည်းများထံမှ စုံစမ်းသိရှိရသည်။ 

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေးမည်ဟု ဆိုသော်လည်း မည်သည့် အကြောင်းအရာများ ဆွေးနွေးမည်ကို ကြိုတင် သတင်းထုတ်ပြန်ခွင့် မရှိကြောင်း UWSP ၏ ပြင်ပဆက်ဆံရေးဌာန ရုံးတာဝန်ခံ ဦးအားမင်က ဆိုသည်။ 

‘ဝ’ ပြည်သွေးစည်း ညီညွတ်ရေးပါတီသည် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးပြီးနောက်ပိုင်း ပြုလုပ်မည့် တိုင်းရင်းသားအားလုံး ပါဝင်သော နိုင်ငံရေး ဆွေးနွေးပွဲတွင် ‘ဝ’ ပြည်နယ် သီးသန့် သတ်မှတ်ရေးအတွက် တောင်း ဆိုမည် ဖြစ်ကြောင်း ပြောဆိုထားပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံလည်း မကြာခဏ တင်ပြတောင်းဆိုထားသည်။ 

ပြီးခဲ့သည့် ဖေဖော်ဝါရီအတွင်း နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သော သန်းခေါင်စာရင်းနှင့် နေအိမ်အကြောင်းအရာ ဆိုင်ရာ ဆွေးနွေး ပွဲသို့ UWSP ခေါင်းဆောင်အချို့ နေပြည်တော်သို့ ပထမဆုံး လာရောက်ကာ ပါဝင်ဆွေးနွေးခဲ့ကြသည်။ 

‘ဝ’ ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP) သည် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့အများစု ပါဝင်သည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအဖွဲ့ (NCCT) နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ထိပ်သီးညီလာခံများတွင် ပါဝင်ခြင်း မရှိဘဲ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း ထုတ်ပြန် ပြောဆိုထားသည့် အဖွဲ့အစည်းလည်း ဖြစ်သည်။ 

ယခုနှစ် မတ်လ ၉ ရက်နှင့် ၁၀ ရက်နေ့တို့တွင် မြန်မာ ငြိမ်းချမ်းရေးစင်တာ၌ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအဖွဲ့ NCCT နှင့် တပ်မတော် ခေါင်းဆောင်အချို့ ညှိနှိုင်းပြီး ဧပြီလ ပထမပတ်အတွင်း နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် ကရင်ပြည်နယ် ဘားအံမြို့တွင် အကြိုဆွေးနွေးပွဲ ပြုလုပ်ရန် သဘောတူခဲ့သည်။

The Voice Weekly

No comments:

Post a Comment

My Blog List