Thursday, March 20, 2014

သန်းခေါင်စာရင်း ကောက်ခံရာတွင် အပြည့်အဝ ပါဝင်မည်ဟု ရှမ်းပြည်တပ်မတော်ဆို


မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၃၀ ကျော်ကာလအတွင်း ပထမဆုံးအကြိမ် သန်းခေါင်စာရင်း ကောက်ခံရာတွင် ရှမ်းပြည် တပ်မတော် (တောင်ပိုင်း) က အပြည့်အဝ ပူးပေါင်း ပါဝင်မည် ဖြစ်ကြောင်း RCSS/SSA ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ မိုင်းဆတ်-မိုင်းတုံခ ဆက်ဆံရေးရုံး တာဝန်ခံ ဦးစိုင်းလောဝ်ဆန် က ပြောကြားသည်။
“အထက်ကတော့ ဘာမှညွှန်ကြားမှု မရှိသေးဘူး၊ အထောက်အကူ အနေနဲ့ နယ်ခံ ရှမ်းလူငယ်တွေနဲ့ အပြည့်အဝ ကူညီမယ်၊ သန်းခေါင်စာရင်း ကောက်ဖို့ ရှိတယ်ဆိုတာ အထက်ကို တင်ပြပါ့မယ်၊ တစ်တိုင်းပြည်လုံး အတိုင်းအတာ ကိစ္စဖြစ်တာကြောင့် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) အနေနဲ့ လုံးဝကူညီသွားမှာပါ” ဟု ၎င်းကဆိုသည်။

သန်းခေါင်စာရင်း ကောက်ခံရမည့် နယ်မြေများအတွင်း ရှမ်းပြည် တပ်မတော် (တောင်ပိုင်း) ၏ ဌာနချုပ် ဖြစ်သည့် လွယ်တိုင်းလျှန်စခန်းအပြင် ဆန်စု၊ လွယ်လန်း၊ လွယ်ပွတ်ကုလား စသည့် စခန်းကြီးများသည် မိုင်းတုံမြို့နယ် အတွင်းရှိ မုံးထမြို့နယ်ခွဲနှင့် ပုံပါကျင် မြို့နယ်ခွဲအတွင်းပါ ရှိသဖြင့် တပ်စခန်းများမှ တာဝန်ရှိသူများနှင့် စာရင်းကောက် အဖွဲ့ဝင်များ တွေ့ဆုံနိုင်မည် ဆိုပါက ပိုမိုကောင်းမွန်မည် ဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။

ဒီနယ်မြေမှာက SSA လုပ်ရှား တပ်ဖွဲ့တွေလည်း ရှိတာဆိုတော့ သူတို့နဲ့ တွေ့ထားရင် သန်းခေါင်ကောက်မယ့် အဖွဲ့ကို အကူအညီ ပေးနိုင်မှာ။ ဒီလိုမှမဟုတ်ရင် ထင်ရောင်ထင်မှား ဖြစ်ပြီး အန္တရာယ် တွေ့နိုင်တယ်ဟု ၎င်းကရှင်းပြသည်။

ရှမ်းပြည်နယ်တွင် သန်းခေါင်စာရင်း ကောက်ခံရေးအတွက် ပြည်နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ဌာနက တာဝန်ရှိသူများ RCSS နှင့် ညှိနှိုင်းထားပြီး ဖြစ်ကြောင်း ယင်းဌာန ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်စိုး က ပြောကြားသည်။

မိုင်းတုံမြို့နယ် အတွင်းတွင် SSA-S တပ်ဖွဲ့ဝင်များ၏ ပင်မဌာနချုပ် ရှိသည့်အပြင် အခိုင်အမာ ခံစစ်ကုန်းများဖြင့် အဓိက လှုပ်ရှားရာ နယ်မြေဖြစ်ရာ လက်ရှိအချိန်၌ SSA အင်အားမှာ မုံးထဒေသတွင် တရားဝင်အင်အား ၆၀ ဦးသာ ရှိသော်လည်း အတည်မပြုနိုင်သည့် သတင်းများအရ အင်အား တစ်သောင်းကျော်ရှိပြီး ရှမ်းပြည်နယ် အကျယ်အဝန်း၏ ၄၀ ရာခိုင်နှုန်းခန့်တွင် လှုပ်ရှားလျက် ရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

RCSS/SSA သည် ၂၀၁၁ ဒီဇင်ဘာလ ၂ ရက်နေ့က တရားဝင် အပစ်အခတ် ရပ်စဲပြီးနောက် ၂၀၁၂ ဇန်နဝါရီ ၁၆ တွင် တောင်ကြီးမြို့၌ ပြည်နယ်အဆင့်၊ ၂၀၁၃ မေလ ၁၉ ရက်နေ့တွင် ကျိုင်းတုံမြို့၌ ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲထားသည့် ရှမ်းတိုင်းရင်းသား လက်နက်ကိုင် အင်အားစုအဖွဲ့ ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List