Wednesday, March 19, 2014

ရွှေတူးနေတဲ့ ခိုးဝင်တရုတ်နိုင်ငံသား ၄၁ ဦးကို ဖမ်းဆီး


ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ရှငေါ်ကျေးရွာအနီး မေခမြစ်ထဲမှာ တရားမဝင်လာရောက် ရွှေတူးဖော်နေ တဲ့ တရုတ်နိုင်ငံသား ၄၁ ဦးကို ဒီလဆန်းပိုင်းက ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဋ္ဌာနက ဒီကနေ့ ပြောလိုက်ပါတယ်။
အဲဒီ တရုတ်နိုင်ငံသား ၄၁ ဦးကို ဝိုင်းမော်နဲ့ မြစ်ကြီးနားအမှတ် ၁ ရဲစခန်းမှာ ဖမ်းဆီးထားပြီး လူဝင်မှုကြီး ကြပ်ရေး အက်ဥပဒေ ၁၃(၁) နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဋ္ဌာန ညွှန်ကြားရေးမှူး ဦးဝင်းလွင်က RFA ကိုပြောပါတယ်။

"ဝိုင်းမော်မြို့နယ် ရှငေါ်ကျေးရွာအနီး မေခမြစ်ကမ်းမှာ တရားမဝင်ရွှေတူးတယ်ဆိုပြီး သတင်းရတယ်၊ ကျနော်တို့ ပူးပေါင်းအဖွဲ့က သွားရောက်ဖမ်းဆီးတာလေ၊ တရုတ်နိုင်ငံသား အမျိုးသား ၄၁ ဦး ကျနော်တို့က ဖမ်းမိတာ၊ ယူနန်ပြည်နယ်ကလည်းပါတယ်၊ စီချွင်ပြည်နယ်ကလည်းပါတယ်၊ ပြည်နယ်မျိုးစုံပါပဲ၊ လောလော ဆယ် ဝိုင်းမော်ရဲစခန်းမှာ ၁၄ ဦး၊ မြစ်ကြီးနား အမှတ် ၁ ရဲစခန်းမှာ ၂၁ ဦး ချုပ်နှောင်ထားပြီး ကျနော်တို့ ပူပေါင်းအဖွဲ့နဲ့ စစ်ဆေးလျှက်ရှိပါတယ်"

လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ တရားမဝင် နယ်စပ်ဖြစ်ကျော်ဝင်ရောက်လာသူတွေကို တရားစွဲဆိုပြီး ပြစ်မှု ထင်ရှားရင် ထောင်ဒါဏ်အနည်းဆုံး ၆ လကနေ ၅ နှစ်အထိချမှတ်နိုင်ပြီး ၅ သိန်းကနေ ၁၀ သိန်း အထိ ငွေဒါဏ်ချမှတ်နိုင်တယ်လို့ သိရပါတယ်။

အခုလို တရုတ်နိုင်ငံသား ၄၁ ဦးကို ဖမ်းဆီးနိုင်ခဲ့တာဟာ သူလက်ရှိတာဝန်ယူချိန်မှာ အများ ဆုံးဖြစ်ကြောင်းနဲ့ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က တရားမဝင် ၀င်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၁၀၉ ဦးကို အရေးယူနိုင်ခဲ့တယ်လို့ ပြည်နယ် လဝက ညွှန်ကြားရေးမှူး ဦးဝင်းလွင်က ပြောပါတယ်။

RFA Burmese

No comments:

Post a Comment

My Blog List