Thursday, March 20, 2014

တနင်္သာရီတိုင်းဒေသကြီးတွင် မွန်တိုင်းရင်းသား ခြောက်သောင်းနီးပါး ရှိဟု ဆို

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပမည့် ၂၀၁၅ခုနှစ် ရွေးကောက်ပွဲ၌ တနင်္သာရီတိုင်းဒေသကြီးအတွက် မွန်တိုင်းရင်းသားရေးရာ ဝန်ကြီးတစ်ဦး ထားရှိနိုင်ရန် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံခြင်း မပြုမီ မွန်လူဦးရေစာရင်း ကောက်ယူခဲ့ရာ မွန်တိုင်းရင်းသား ၅၈,၀၀၀ ဦး ရရှိထားပြီး ဖြစ်ကြောင်း မွန်ဒေသ လုံးဆိုင်ရာ ဒီမိုကရေစီပါတီ (ဗဟို) တွဲဖက် အတွင်းရေးမှူး (၁) နိုင်စံတင်က ပြောကြားသည်။
လက်ရှိအချိန်၌ မွန်လူမျိုးများ နေထိုင်မှုနည်းသည့် ကော့သောင်း နယ်စပ်နှင့် ရေဖြူမြို့နယ်တို့ကို ဆက်လက် ကောက်ခံရဦးမည်ဟု ၎င်းကဆိုသည်။

တနင်္သာရီတိုင်းတွင် မွန်လူဦးရေ စာရင်းကောက်ခံမှု ပထမအသုတ်ကို ဇန်နဝါရီလ ၂၇ ရက်နေ့တွင် စတင် ခဲ့ပြီး ဧပြီလကုန်ပိုင်းတွင် မွန်လူဦးရေ စာရင်းကောက်ခံမှု ဒုတိယအသုတ်ကို ပြန်လည် စတင် မည် ဖြစ်ကြောင်း တနင်္သာရီတိုင်း မွန်လူဦးရေစာရင်း ကောက်ခံရေး အဖွဲ့ဝင် မိငွေလေးက ဖြည့် စွက် ပြောကြားသည်။

“ထားဝယ်၊ သရက်ချောင်း၊ လောင်းလုံး မြို့နယ်တွေဆို မဝင်ခဲ့ဘူး။ ဒီဒေသတွေက မွန်တွေနေထိုင်မှု နည်းတယ်။ လောင်းလုံးက အချို့နေရာမှာလည်း မွန်တွေရှိတယ်လို့ ကြားတယ်။ သင်္ကြန်ပြီးရင်တော့ အဲဒီနေရာတွေ ဆက်ကောက်မယ်” ဟု ၎င်းက ရှင်းပြသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရက ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့ထိ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှုတွင်လည်း နိုင်ငံသား စိစစ်ရေးကတ်ပြား (မှတ်ပုံတင်) နှင့် အိမ်ထောင်စု သန်းခေါင်စာရင်း၌ မည်သည့်လူမျိုး ဖြစ်စေကာမူ မိမိလူမျိုးအမှန်ကို ရဲရဲဝံ့ဝံ့ ပြောဆိုရန် လိုအပ်ကြောင်း နိုင်စံတင်ကပြောဆိုသည်။

မြန်မာနိုင်ငံ တိုင်းရင်းသား ၁၃၅ မျိုးရှိသည်ဟု ဆိုရာတွင် မွန်လူမျိုးသည် တစ်မျိုးတည်းသာရှိပြီး မျိုးနွယ်ခွဲ မရှိခြင်းကြောင့် သန်းခေါင်စာရင်းဖြည့်သွင်းရာတွင် ‘မွန်’ လူမျိုးသင်္ကေတ (code) အမှတ် (၆၀၁) ကိုသာ ဖြည့်သွင်းရမည် ဖြစ်ကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (ဗဟို) က မတ်လ ၁၈ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

မွန်လူဦးရေစာရင်း ကောက်ခံရန် မွန်တက္ကသိုလ် ကျောင်းသား ကျောင်းသူဟောင်းများအဖွဲ့၊ မွန်စေတနာ အဖွဲ့၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (ANDP)၊ မွန်ပြည်သစ်ပါတီနှင့် မွန်ဒေသရှိ အရပ်ဘက် လူမှုအဖွဲ့အစည်း (CSO) များက ဦးဆောင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List