Thursday, March 20, 2014

အယ်ဆာဗေးဒိုး လက်ဝဲသူပုန်ဟောင်း သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရ


ယခင်က သူပုန်တစ်ဦး ဖြစ်ခဲ့သော ဆန်ချက်ဇ်စီရန် ဆိုသူကို ပြည်သူများက မဲပေးပြီး သမ္မတ အဖြစ် ရွေး ချယ်လိုက်ပြီး ဖြစ်ကြောင်း အယ်ဆာဗေးဒိုးနိုင်ငံ၏ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာ အတည်ပြု ပေး လိုက်သည်ဟု BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။
လက်ဝဲယိမ်း သူပုန်ဟောင်း နိုင်ငံရေးသမား မစ္စတာဆန်ချက်ဇ်သည် ပြိုင်ဘက်အပေါ် ကျဉ်းမြောင်းသော အနိုင်ရလဒ်ဖြင့် ပွတ်ကာသီကာ နိုင်ခဲ့ခြင်းဖြစ်ကာ ၎င်းက ၅၀ ဒသမ ၁၁ ရာခိုင်နှုန်းမဲရခဲ့ပြီး ကွန်ဆာဗေး တစ် ခေါင်းဆောင် နော်မန်ကွီဂျာနိုက ၄၉ ဒသမ ၈၉ ရာခိုင်နှုန်း မဲရခဲ့သည်။

ကွန်ဆာဗေးတစ် ခေါင်းဆောင် မစ္စတာကွီဂျာနိုက ရလဒ်ကို လက်မခံခဲ့ဘဲ မဲမသမာမှုများ ရှိနေသည်ဟု စွပ်စွဲပြောကြားခဲ့သည်။

သို့သော် တရားရုံးက ရွေးကောက်ပွဲ ကော်မရှင်၏ ရလဒ်မှန်ကန်ကြောင်း အတည်ပြုပေးလိုက်သဖြင့် မစ္စတာ ဆန်ချက်ဇ်စီရန်သည် ပထမဦးဆုံး အယ်ဆာဗေးဒိုး၏ သူပုန်ဘဝမှ သမ္မတ ဖြစ်လာခဲ့ခြင်း ဖြစ် သည်။

“ရလဒ်တွေအရ ဆာဗေးဒိုးဆန်ချက်ဇ် စီရန်နဲ့ အော်စကာ ဆင်မျူရယ်အော်တစ်ဇ် တို့ကို အယ်ဆာဗေးဒိုးနိုင်ငံရဲ့ သမ္မတနဲ့ ဒုတိယသမ္မတအဖြစ် ကြေညာလိုက်ပါတယ်။ ဇွန်လ ၁ ရက်နေ့ကနေ ၂၀၁၉ ဇွန်လ ၁ ရက်နေ့အထိ တာဝန်ယူရမှာ ဖြစ်ပါတယ်” ဟု တရားရုံး ဥက္ကဋ္ဌ ယူဂျီနီယိုချီကတ်စ်က Reuters သတင်းဌာနကို ပြောကြားခဲ့သည်။

တာဝန်များ လွှဲပြောင်းပေးရန် ကိစ္စများအတွက် ရွေးကောက် တင်မြှောက်ခံ သမ္မတ ဆန်ချက်ဇ်စီ ရန်နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း ရာထူးကုန်ဆုံးသွားသည့် လက်ရှိသမ္မတ မော်ရီစီရိုဖူနက်စ် က ပြော ကြားသည်။

မစ္စတာဆန်ချက်ဇ်စီရန်သည် အယ်ဆာဗေးဒိုး၏ ဒုတိယသမ္မတအဖြစ် ၂၀၀၉ ခုနှစ်က တာဝန်ယူခဲ့သူဖြစ် ကာ ၎င်း၏ အဓိက ပြိုင်ဘက် မစ္စတာကွီဂျာနိုသည် မြို့တော် ဆန်ဆာဗေဒိုး၏ မြို့တော်ဝန်အဖြစ် တာဝန် ယူခဲ့ဖူးသည်။

အယ်ဆာဗေးဒိုးနိုင်ငံသည် လက်တင်အမေရိက ကုန်းတွင်းပိုင်းတွင် တည်ရှိပြီး ပြည်တွင်းစစ် ဖြစ်ပွားခြင်းနှင့် သဘာဝ ဘေးဒဏ်များကြောင့် ဖွံ့ဖြိုးမှု နောက်ကျသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။

လူဦးရေလည်း အလွန်သိပ်သည်းပြီး စက်မှုလုပ်ငန်းများ စုပြုံနေလျက်ရှိကာ စုစုပေါင်း လူဦးရေ ၆ ဒသမ ၂ သန်းရှိသည်ဟု ကုလသမဂ္ဂက ၂၀၁၁ ခုနှစ်တွင် ခန့်မှန်းခဲ့သည်။

စပိန် ဘာသာစကားကို အဓိက အသုံးပြုသော အဆိုပါ နိုင်ငံသည် ခရစ်ယာန် ဘာသာဝင်များ အများစု နေထိုင်ကြကာ ကွန်ဆာဗေးတစ် အင်အားစုများနှင့် လက်ဝဲယိမ်း နိုင်ငံရေးသမားများကို ပြည်သူ က မျှတစွာ ထောက်ခံကြသည်။

The Voice Weekly

No comments:

Post a Comment

My Blog List