Tuesday, March 18, 2014

အိုဘားမားနှင့် ရှီကျင့်ဖျင် သည်ဟိတ်မြို့တွင် သီးခြား တွေ့ဆုံမည်


နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့တွင် ကျင်းပမည့် နျူကလီးယား လုံခြုံရေး ထိပ်သီး ဆွေးနွေးပွဲတွင် အမေရိကန်သမ္မတ အိုဘားမားနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ သီးခြား တွေ့ဆုံ ဆွေးနွေးကြ မည် ဖြစ်ကြောင်း တရုတ်လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး လီဘောင်ဒေါင်က ပြောကြားကြောင်း Xinhua သတင်းတွင် ဖော်ပြထားသည်။
နျူကလီးယား လုံခြုံရေးဆိုင်ရာ ထိပ်သီး ဆွေးနွေးပွဲကို နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့တွင် မတ်လ ၂၄ ရက်နေ့မှ ၂၅ ရက်နေ့ထိ ကျင်းပမည် ဖြစ်ပြီး ထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်မည့် အမေရိကန်သမ္မတ အိုဘားမားနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် ထိပ်သီး ဆွေးနွေးပွဲ အပြင် သီးခြား တွေ့ ဆုံ ဆွေးနွေးကြမည် ဖြစ်သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဂျာမနီ၊ ပြင်သစ်နှင့် ဘယ်လ်ဂျီယံ နိုင်ငံတို့ကိုလည်း မတ်လ ၂၂ ရက်နေ့မှ ဧပြီလ ၁ ရက်နေ့ထိ အလည်အပတ် သွားရောက်မည် ဖြစ်သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတ အိုဘားမား တို့၏ တွေ့ဆုံမှုသည် ကရိုင်းမီးယား ဒေသကို ယူကရိန်းမှ ခွဲထွက်၍ ရုရှား နိုင်ငံတွင်းသို့ ဝင်ရောက်လိုကြောင်း လူထုဆန္ဒ ခံယူပွဲဖြင့် အဆုံးအဖြတ် ပေး ပြီးနောက် ဖြစ်ပေါ်လာခြင်းလည်း ဖြစ်သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံပညာနှင့် ယဉ်ကျေးမှုရေးရာ အဖွဲ့ (UNESCO) ရုံးချုပ်သို့လည်း အလည်အပတ် သွားရောက်မည် ဖြစ်သည်။

ထို့ပြင် တရုတ်သမ္မတသည် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ ဥရောပသမဂ္ဂ ရုံးချုပ်သို့လည်း သွားရောက် လည်ပတ်မည် ဖြစ်သည်။

တရုတ်သည် ဥရောပသမဂ္ဂ အဖွဲ့အတွက် အမေရိက ပြီးလျှင် အကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံဖြစ်ပြီး ဥရောပသမဂ္ဂ အဖွဲ့မှာ တရုတ်၏ အကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံဖြစ်သည်။

ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများနှင့် တရုတ်နိုင်ငံတို့ အကြား နှစ်ဖက် ကုန်သွယ်ရေး ပမာဏမှာ တစ်ရက်လျှင် ယူရိုငွေ ၁ ဘီလီယံကျော်ထိ ရှိသည်။

The Voice Weekly

No comments:

Post a Comment

My Blog List