ယုံကြည်ချက်ကြောင့် အကျဉ်းချခံရသူ ကိုအေးအောင်နှင့် တွေ့ဆုံခြင်း။
(မွန်ပီး-ကလေး)
ယုံကြည်ချက်ကြောင့် အကျဉ်းချခံရသူ ကိုအေးအောင်သည် ဇူလိုင်လ(၃)ရက်နေ့တွင် ကလေးအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ကြောင်းသိရသည်။ ကိုအေးအောင်၏ သဘောထားအမြင်အချို့ကို ၄င်းခေတ္တနားနေရာတွင် တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။
၁။ မင်္ဂလာပါ ကိုအေးအောင်၊ ပထမဆုံး အခုလို လွတ်မြောက်လာတဲ့အတွက် ခံစားမှုကို
သိချင်ပါတယ်။
" လွတ်မြောက်လာတယ်ဆိုတာ လုံခြုံမှုရှိမှ လွတ်မြောက်တယ်လို့ နားလည်တယ်။ လုံခြုံတယ်ဆိုတာ က တရားဥပဒေအရ လုံခြုံမှုပေါ့နော်။ တရားဥပဒေအရ ကျွန်တော့်ကို တကယ် အကာအကွယ်ပေးနိုင် မလား။ ဆိုချင်တာကဗျာ-ကျွန်တော့်သူငယ်ချင်းတွေ အခု ပတ်စ်ပို့လိုချင်တယ်။ မရဘူးလို့ ကြားတယ်။ ကျောင်းပြန်တက်ချင်တယ်။ တက်ခွင့်မရဘူးလို့ကြားတယ်။ ဒါဆိုရင် ကျွန်တော်တို့က နိုင်ငံသားအခွင့်အရေးအပြည့်အ၀ ရပါသလား။ တရားဥပဒေက ကျွန်တော်တို့အပေါ်မှာ တကယ်လုံခြုံမှုပေးနိုင်သလား။ တကယ် လုံခြုံတယ်ဆိုရင်တော့ တကယ်လွတ်လပ်မှာပဲလို့ ကျွန်တော်ဒီလိုပဲနားလည်ပါတယ်။"
၂။ အစ်ကို့ကို ဘာအမှု၊ ဘာပုဒ်မတွေနဲ့ ဘယ်နှနှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာပါလဲ။
" ဖြစ်စဉ်ကတော့ဗျာ။ လှည်းတန်းလမ်းဆုံမှာ ပြည်သူ့လွှတ်တော်ခေါ်ရေးထောက်ခံဆန္ဒပြမှုပေါ့။ သူတို့ပုဒ်မတွေကတော့ အများကြီးပေါ့ဗျာ။ ၅(ည)က (၄)မှု၊ ၁၇/၂၀ က (၂)မှု၊ ၁၇/၁ က (၁)မှု။ အားလုံးပြစ်ဒဏ် (၅၉)နှစ်ပါ။ အထဲမှာနေခဲ့ရတာက (၁၄)နှစ်နီးပါးပေါ့။ စက်တင်ဘာဆို(၁၄)နှစ်ပြည့်မှာပါ။"
၃။ အထဲမှာ နေထိုင်ခဲ့စဉ်အတွင်း ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ခဲ့ရသလဲသိချင်ပါတယ်။
"အခုနောက်ပိုင်းမှာတော့ တော်တော်လေးအဆင်ပြေတဲ့သဘောရှိပါတယ်။ အရင်တုန်းကတော့ ကလေးထောင်က ရေ၊မီး အကုန်ခက်ခဲတယ်။ ကျွန်တော်တို့ကြားတာကဗျာ ကလေးထောင်ကို
ဖောင်ကူးနားမှာဆောက်ဖို့စီမံကိန်းရှိတာ။ ဒါပေမယ့် တပ်ကနေ နေရာလာကြည့်ပြီး စစ်တပ်နားမှာဆိုရင်လုံခြုံရေးပိုကောင်းမှာပဲဆိုပြီး အခုဆောက်တဲ့နေရာကို ရွေးလိုက်တာ။ တပ်ကစီမံခန့်ခွဲမှုမှာ ၀င်ပြီးတော့ စီမံခန့်ခွဲတယ်။ ဒါပေမယ့် အကျဉ်းဦးစီးကလူတွေလောက် သူတို့က စီမံခန့်ခွဲမှု မကျွမ်းကျင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အကျဉ်းဦးစီးက သိတယ်ဗျာ၊ ထောင်ဆောက်မယ်ဆိုရင်ရေလိုမယ်၊ မီးလိုမယ်၊ ဘာညာသူတို့က သိတယ်။ ဖောင်ကူးနားမှာရေလျှံတွင်းတွေရှိတယ်။ ဖောင်ကူးနားမှာဆောက်ဖို့ဆိုပြီးတော့ နဂိုကစီစဉ်ထားတာ။ တပ်က လုံခြုံရေးအတွက်ဆိုပြီးတော့ . . .။ နံရံလေးဖက်ကာထားတာပဲဗျာ။ လုံခြုံတာပေါ့။ ဒါပေမယ့် သူတို့အခုဆောက်လိုက်တဲ့နေရာက သချိုင်္င်းနေရာဟောင်း။ အဲဒီမှာ ရေမရှိဘူး။ ရေတူးလို့ မရဘူး။ အခု ဒီဘက်နောက်ပိုင်းကျတော့မှ သူတို့ ရေအရင်းအမြစ်တို့ ဘာတို့က ရေတူးတာ။ ရေရတာ သိပ်မကြာသေးဘူး။ အရင်တုန်းက တစ်လျှောက်လုံး ရေအခက်အခဲရှိတယ်။ ရေချိုးဖို့ နေ့တိုင်းလိုလို ရန်ဖြစ်နေရတယ်။ အခုနောက်ပိုင်းတော့ အဆင်ပြေလာတယ်။
၎။ အထဲမှာ နေခဲ့စဉ်တုန်းကပေါ့။ ကလေးဒေသခံတွေရဲ့ ကူညီမှုတွေဘယ်လိုရှိခဲ့တယ်ဆိုတာ သိချင်ပါတယ်။
" ဟုတ်ကဲ့၊ အကုန်လုံးက စိတ်ပိုင်းဆိုင်ရာကော ၊ ရုပ်ပိုင်းဆိုင်ရာကော အားပေးကြတယ်။ အားပေးစကားတွေပြောကြတယ်။ ဆေးရုံတက်ရတယ်ဆိုရင်လည်း ဆေးရုံလာတွေ့ကြတယ်။ ကျွန်တော်ဆေးရုံတက်ရတဲ့အချိန်မှာ ကျွန်တော့်ကို ကူညီမယ့်သူတွေ လာမှာပဲလို့ ကျွန်တော်နားလည်တယ်။ ဒါပေမယ့် တစ်မြို့လုံးလာလိမ့်မယ်လို့တော့ မမျှော်မှန်းထားဘူး။ တခြားမြို့တွေဆို နိုင်ငံရေးအကျဉ်းသားတွေ ထောင်တွေရောက်သွားပြီဆို ဥပမာ-သရက်ထောင်၊ အောင်လံမှာဘယ်သူရှိတယ်။ ဘယ်သူ့ဆီမှာတည်း၊ ဘယ်သူက ဘယ်သူက ကူညီမယ်။ ဒါမျိုးပေါ့။ ကလေးမြို့မှာတော့ ဘယ်သူက ကူညီမယ်လို့ခင်ဗျားလက်ညှိုးထိုးလိုက်စရာမလိုဘူး။ ကြိုက်တဲ့သူဆီသွား၊ ကူညီမှာပဲ။ ကလေးမြို့ရဲ့ ထူးခြားချက်ပေါ့။"
၅။ အထဲမှာရှိစဉ်အချိန်နဲ့ ပြန်ထွက်လာတဲ့အချိန်မှာ မြင်တွေ့ရတဲ့ ပြောင်းလဲမှုတွေကို ပြောပြပေးပါလား။
"ကျွန်တော်တို့ ၀င်တဲ့အချိန်တုန်းကတော့ သိတဲ့အတိုင်းပဲ ကျွန်တော်ထောင်ကျတယ်ဆိုတော့ အမျိုးတွေတောင်မှ အနားမကပ်ချင်ဘူး။ အခုထောင်ကထွက်လာတဲ့အချိန်မှာတော့ ကျွန်တော် မထွက်ခင်ကိုပါပဲ။ ဆေးရုံတက်ချိန်မှာပဲ ဆေးရုံကိုလာပြီး အားပေးကြတယ်။
နိုင်ငံရေးဟာ ကြောက်စရာမဟုတ်တော့ဘူးဆိုတဲ့ အခြေအနေတစ်ခုကို လမ်းစပျိုးနေပြီပေါ့။ အပြောင်းလဲ အပြောင်းလဲဆိုတာ ဘာတွေပြောင်းလဲသွားပြီဆိုတာတော့ ကျွန်တော်လေ့လာရဦးမှာပါ။ အပြောင်းလဲပြောလို့ရှိရင် ကျွန်တော်ကာတွန်းတစ်ကွက်သွားသတိရတယ်။ voice ထဲမှာပါတာ။ မီးပွိုင့်မှာ ကားတွေ ရပ်ထားတာ။ ဂျာနယ်လက်ပွေ့ရောင်းတဲ့သူက သူ့ဂျာနယ်ကို ကြော်ငြာတာပေါ့ဗျာ။ အပြောင်းလဲတွေ၊ အပြောင်းလဲတွေတဲ့၊ မီးပွိုင့်မှာ ကားရပ်စောင့်ရင်း အပျင်းပြေဖတ်လို့ရတဲ့အပြောင်း အလဲတွေတဲ့။ အဲဒါအပြောင်းအလဲပါပဲ။"
၆။ နောက်တစ်ခုက အစ်ကို့ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး နည်းနည်းလောက် ပြောပြပေးပါ။
"ကျန်းမာရေးအခြေအနေက ကောင်းပါတယ်။ ဟိုတလောက လိပ်ခေါင်းခွဲရတယ်ပေါ့နော်။ အဲဒီဟာက အကင်းမသေသေးသော်ငြားလည်းပဲ ကောင်းသွားမှာပါ။ ဆရာဝန်ကြီးကလည်းပြောတယ်။ တဖြည်းဖြည်းနဲ့ ကောင်းသွားမှာပါ။ ဘာမှစိုးရိမ်စရာမရှိပါဘူး။ အဲဒီ လိပ်ခေါင်းက အပြင်ကတည်းကရှိတာလား။ အထဲရောက်မှ ရှိလာတာလား။ အထဲမရောက်ခင်ကတည်းက ဖြစ်တာပါ။ အပြင်မှာကတည်းက ကျွန်တော်က အထိုင်များတယ်ဆိုတော့လေ။ လေ့ကျင့်ခန်းလည်း သိပ်မလုပ်ဖြစ်ဘူး။
၇။ နောက်တစ်ခုက အစ်ကိုက ကျောင်းမပြီးသေးဘူးလို့ သိရပါတယ်။ရှေ့ဆက်ပြီးတော့ ကျောင်းပညာရေးကို ဘယ်လိုစီစဉ်ထားလဲ သိချင်ပါတယ်။
"ပညာရေးက ဒုတိယဦးစားပေးပေါ့။ နံပါတ်(၁)က နိုင်ငံရေးကို လုပ်ချင်တဲ့အတွက် နိုင်ငံရေးကို အရင်လေ့လာမှာပါ။ နိုင်ငံရေးပညာကို လေ့လာရမယ်။ နောက်ပြီးတော့ ကျွန်တော့်စားဝတ်နေရေးလည်း လုပ်ရဦးမယ်။ ဒီကြားထဲကမှ အဆင်ပြေတယ်ဆိုရင်တော့ ကျွန်တော်က ကျွန်တော်ဘွဲ့ရဖို့အတွက်
ကျောင်းတက်ချင်ပါတယ်။ မဟုတ်ရင်တော့ လတ်တလော အခုလိုအပ်နေတဲ့ အိုင်စီတီနည်းပညာ၊ ကွန်ပျူတာတွေ လုပ်ရမှာပေါ့။ အင်တာနက်တွေ သုံးနိုင်အောင် အများကြီးလေ့လာရဦးမှာပါ။ ကျွန်တော်ထောင်ကျတဲ့ ၉၈ ခုနှစ်အချိန်က အင်တာနက်မှ မရှိသေးတာ။ အဲဒီတော့ အခုအိုင်စီတီနည်းပညာနဲ့ပတ်သက်ပြီးတော့ လေ့လာမယ်။ တစ်ဖက်မှာလည်းနိုင်ငံရေးလုပ်ချင်တယ်ဆိုတော့ တကယ်တမ်းနိုင်ငံရေးလုပ်ဖို့ ကျွန်တော့်မှာအရည်အသွေးမပြည့်ဝသေးဘူး။ အဲဒီတော့ အဲဒီဖက်ကိုလည်း လေ့လာရဦးမှာပါ။"
၈။ အစ်ကို့ရဲ့ နိုင်ငံရေးအယူအဆ၊ နိုင်ငံရေးခံယူချက်ကို သိချင်ပါတယ်။
" နိုင်ငံရေးအယူအဆကို ရှင်းရှင်းပြတ်ပြတ်ပြောနိုင်ဖို့အတွက်ကတော့ခက်ပါတယ်။ ကျွန်တော်တို့က ဖွဲ့စည်းစ၊ တည်ဆောက်စအချိန်ကိုး။ ကျွန်တော်တို့က ဖွဲ့စည်းတည်ဆောက်ပြီးစပုံစံ၊ ဆရာ ဒဂုန်တာရာ စကားနဲ့ပြောရရင် ဘယ်လိုအရောင်ထွက်လာမယ်ဆိုတာမသိသေးပါဘူး။ အခုမှ ဆေးစက်တွေ ချနေဆဲပေါ့။"
၉။ အထဲမှာ ကျန်သေးတဲ့သူတွေအတွက် ဘာပြောစရာရှိမလဲ။
"ကျန်တဲ့သူတွေကိစ္စက၊ ဟိုတလောက ကျွန်တော်တို့ဂျာနယ်တွေထဲမှာ ဖတ်ရတာ ဦးစိုးသိန်းကပြောတယ်။ ဇူလိုင်မှာ နိုင်ငံရေးအကျဉ်းသားအမြောက်အမြားကိုပြန်လွှတ်ပေးမယ်ပြောတယ်။ အခု ဒီကနေ့ ကျွန်တော်သိလိုက်ရတာတစ်နိုင်ငံလုံးမှာ (၄၆)လွှတ်တယ်။ ဒါဟာ အမြောက်အမြား မဟုတ်တာ သေချာတယ်။ကျွန်တော်နားလည်တာက ကျွန်တော့်ကို ဇွန်လ(၂၀)ရက်နေ့မှာ ခင်ဗျားအမှုတွဲတွေဘယ်သူလဲ၊ ဘယ်နှယောက်ကျန်သလဲ၊ အဲဒါ လာမေးတယ်။ လာမေးတော့ ကျွန်တော်က(၆၈)ယောက်ရှိတယ်။ ကျွန်တော်မှတ်မိသလောက် အယောက်(၂၀)ရေးပေးလိုက်တယ်။ကျွန်တော်နားလည်တာက ဘာကြောင့် ကျွန်တော်တို့ကျန်ခဲ့သလဲဆိုတာ သူတို့စိစစ်ပြီးတော့ ကျန်ခဲ့တဲ့အတွက် လွှတ်ပေးတယ်။ ဆိုလိုတာက ဇန်န၀ါရီအသုတ်ရဲ့နောက်ဆက်တွဲအဖြစ် လွှတ်ပေးတယ်လို့ ကျွန်တော်နားလည်ပါတယ်။ ဇူလိုင်အသုတ်လို့ကျွန်တော်နားမလည်ဘူး။ ဇူလိုင်အသုတ်လွှတ်လိုက်ဦးမယ်လို့ ကျွန်တော်မျှော်လင့်တယ်။ ဦးစိုးသိန်းပြောတဲ့ ဇူလိုင်မှာအမြောက်အများလွှတ်မယ်ဆိုတဲ့ အသုတ်ပေါ့။"
၁၀။ နောက်ဆုံးအနေနဲ့ အစ်ကို့ဘ၀မှာ ရှေ့ဆက်ပြီးတော့ ဘာတွေ ဆက်လုပ်သွားမလဲဆိုတာ သိချင်ပါတယ်။
" လောလောဆယ်တော့ ခုနပြောတဲ့ လေ့လာရေးပါပဲ။ နိုင်ငံရေးလေ့လာရမယ်။ နည်းပညာတွေ လေ့လာရမယ်။ ကျွန်တော့်စားဝတ်နေရေးလုပ်ရမယ်။ ဒီလောက်ပါပဲ။
၁၁။ ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။
ကိုအေးအောင်သည် ၁၉၉၈၊ စက်တင်ဘာ(၁၂)ရက်နေ့တွင် အဖမ်းခံရပြီး ၁၉၉၉၊ ဇန်န၀ါရီ (၁၅)ရက်နေ့တွင် ထောင်ဒဏ်(၅၉)နှစ်ကျခံရန် အမိန့်ချမှတ်ခံရသည်။ ၁၉၉၉၊ ဧပြီ(၁၁)ရက်နေ့တွင် အင်းစိန်ထောင်မှ ကလေးထောင်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး၊ ဇွန်လ(၄)ရက်နေ့မနက်တွင် ကလေးမြို့မှတစ်ဆင့် ရန်ကုန်မြို့ရှိ မိဘများထံသို့ လေကြောင်းဖြင့် ပြန်လည်ရောက်ရှိကြောင်း သိရသည်။
မွန်ပီး(ကလေး)
မြန်မာပို့စ်ဂလိုဘယ် ဂျာနယ်။ အမှတ်(၆၆)၊ သောကြာနေ့၊ ဇူလိုင်(၆)ရက်၊ ၂၀၁၂ ခုနှစ်။
ကိုအေးအောင်၏ ကိုယ်ရေးရာဇ၀င်အကျဉ်း
ကိုအေးအောင်ကို အဖ ဦးသောင်းစိန်၊ အမိ ဒေါ်စန်းမြင့်တို့မှ ၂၂.၈.၁၉၇၆တွင် မွေးဖွားခဲ့ပြီး မွေးချင်းအစ်ကိုမှာ ကိုမင်းမောင်ဖြစ်သည်။ သူသည် မူလတန်းပညာရေးကို အ.မ.က(၁၉)၊ (ဃ)ရပ်ကွက်၊ သင်္ဃန်းကျွန်းမှ အောင်မြင်ခဲ့ပြီး အလယ်တန်းနှင့်အထက်တန်းကို အ.ထ.က(၃) သင်္ဃန်းကျွန်းမှ အောင်မြင်ခဲ့သည်။ ဒဂုံတက္ကသိုလ်တွင် ရူပဗေဒဘာသာ အဓိကဖြင့်အဝေးသင်တက်ရောက်နေရင်း ၁၉၉၆၊ ဒီဇင်ဘာ ကျောင်းသားဆန္ဒပြပွဲတွင် တက်ကြွစွာပါဝင်လှုပ်ရှားခဲ့သည်။ ၄င်းနောက် ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂဖွဲ့စည်းတည်ထောင် သူများထဲတွင် တစ်ဦးအပါအ၀င်ဖြစ်လာပြီး(ဒ.က.သ)ဖွဲ့စည်းကြောင်း ကြေငြာချက်ထုတ်ဝေခဲ့ရာ စစ်ထောက်လှမ်းရေးမှ ဒ.က.သအဖွဲ့ဝင်များကို ဖမ်းဆီးထောင်ချစဉ် ကိုအေးအောင်မှာထွက်ပြေးတိမ်းရှောင်နေခဲ့ရသည်။
၎င်းနောက် ၁၉၉၈တွင် NLD၏ သြဂုတ်လ(၂၁)ရက် နောက်ဆုံးထားလွှတ်တော်ခေါ်ယူပေးရေး ကြေငြာ ချက်ထွက်ပေါ်လာပြီးနောက် ကျောင်းသားထု၏ထောက်ခံမှုအသံ ဖော်ထုတ်ပြသရန်နှင့် တက္ကသိုလ်စာမေးပွဲများကို မိမိတို့နေထိုင်ရာ မြို့နယ်ရှိအထက်တန်းကျောင်းများတွင်ဖြေဆိုခိုင်းသည်ကို လက်မခံမကျေနပ်ကြောင်း ပြသနိုင်ရန်၊ ပြည်သူ့လွှတ်တော်ခေါ်ယူပေးရေး ကျောင်းသားဆန္ဒပြပွဲကို (၂၄)ရက်၊ သြဂုတ်လ၊ ၁၉၉၈တွင် လှည်းတန်းလမ်းဆုံ၌ ဦးဆောင်ပြုလုပ်ခဲ့သည်။ ၄င်းနောက် ထပ်မံထွက်ပြေးတိမ်းရှောင်နေရစဉ် (၁၂.၉.၉၈)ရက်နေ့တွင် စစ်ထောက်လှမ်းရေး၏ဖမ်းဆီးခြင်း ခံလိုက်ရသည်။ စစ်ကြောရေးကာလများကို ဖြတ်သန်းခဲ့ရပြီးနောက် အင်းစိန်အထူးတရားရုံးမှ ပုဒ်မ ၅-ည၊ ၁၇/၂၀၊ ၁၇(၁)တို့ဖြင့် နှစ်ရှည်ထောင်ဒဏ်(၅၉)နှစ် ချမှတ်ခြင်း ခံရသည်။ ၄င်းနောက် အင်းစိန်အကျဉ်းထောင်မှ ကလေးမြို့ အကျဉ်းထောင်သို့ ၁၉၉၉၊ ဧပြီလဆန်းတွင်ပြောင်းရွေ့ခံလိုက်ရသည်။ ၂၀၁၀၊ ဇူလိုင်(၃)ရက်နေ့တွင်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာခဲ့သည်။
ကိုအေးအောင် ရေးသားသော ကဗျာတစ်ပုဒ်။
လွတ်လပ်ခြင်း
တံခါးအချပ်ချပ်
သော့အထပ်ထပ်နဲ့
အရပ်ရပ်အန္တရာယ် ကာကွယ်လေပြီ
ဒီလို
အပြင်က ခတ်ထားတာမျိုး မဟုတ်ဘူး။ (အေးအောင်)
ဂျာနယ်ပါ ပုံ။ (ဓာတ်ပုံ-ကိုဝါကာ) |
No comments:
Post a Comment