Wednesday, July 11, 2012

ခင်ချာတူး၏ အင်တာဗျူး



“ဓည၀တီ ရုပ်မြင်သံကြား ပိတ်သတ်များရှန့်။ အပတ်စဉ် တင်ဆက်နေကျ အင်တာဗျူးအစီအစဉ် ထုတ်လွှင့်ရန်အချိန် ကျရောက်လာပါသောကြောင့် ယနေ့မျက်မှောက်ခေတ် နိုင်ငံတော်အခြေအနေများကို တာဝန်ရှိလူကြီးမင်းတစ်ဦးလည်းဖြစ်၊ စမ္ပာနဂိုရ်ပြည်နယ်၏ ဂဏလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ သော်တာသိင်္ဂီ ၀ဏ္ဏသိရီ ဒေါက်တာ ပုံလိုက်ပိုင် နဲ့ တွေ့ဆုံမေးမြန်းခဲ့ကြသည်များကို မိဘပြည်သူများ ဗဟုသုတဖြစ်စေရန်အလို့ငှာ ဖျော်ဖြေ တင်ဆက်လိုက်ရပါတယ် ရှန့်။ ကျွန်မ ခင်ချာတူးပါ။ ”

ခင်ချာတူး။ ။ ဟုတ်ကဲ့ပါ။ လူကြီးမင်းရဲ့ အမည်နာမကလေး သိပါရစေရှန့်။

လူကြီးမင်း။ ။ ကျွန်တော် ပုံလိုက်ပိုင်ပါ။

ချာ။ ။ သြော်၊ တိုင်းရင်းသားထဲကထင်တယ်နော်။ နံမယ်လေးက ချစ်ချာလေး။

မင်း။ ။ ဟုတ်ပါဘူး။ သူငယ်ချင်းတွေက ကျွန်တော်လုပ်သမျှအကွက်တွေကို သိပ်ပိုင်တဲ့ မင်းပဲ။ ပိုင်လိုက်ပုံ၊ ပိုင်လိုက်ပုံ လို့ ၀ိုင်းခေါ်ကြရင်းနဲ့ ပုံလိုက်ပိုင်ဖြစ်သွားတာပါ။

ချာ။ ။ ခိ ခိ .. ဒါဆို နံမယ်ရှေ့က ဘွဲ့တံဆိပ်ကြီးတွေက ဘယ်တုန်းက ရသွားတာပါလဲရှန့်။

မင်း။ ။ ဟီးဟီး။ ငယ်နံမယ် လရွှေဆိုတာကို သူငယ်ချင်းဝဏ္ဏကသိသွားတော့ ရီလိုက်တာ အူကိုတက်ရော။ အဲဒါလေးကို အမှတ်တရတပ်လိုက်တာဗျ။ ဘာရယ်လို့ဟုတ်ဘူးလေ။ လူရှိန်တာပေါ့။

ချာ။ ။ ဒေါက်တာက ချာဝန်ကြီးဆိုတော့ ဘာအထူးကုပါလဲရှန့်။

မင်း။ ။ တိရစ္ဆာန်အထူးကု လို့ ပြောလို့ရတယ်လေ။ ကျွန်တော်က တိမွေးကုက ဆင်းတာ။ ဘာလဲ။ ဒေါက်တာ တပ်လို့ မရဘူးလား။ တရားစွဲပလိုက်မှာနော်။

ချာ။ ။ ရားတယ်ရှင့်။ ရားတယ်ရှင့်။ ဒေါက်တာက ငယ်ငယ်လေးပဲ ရှိသေးတယ်နော်။ နိုင်ငံရေးကို ဘယ်အရွယ်ကတည်းက စိတ်ဝင်စားခဲ့တာပါလဲရှင့်။

မင်း။ ။ ကျွန်တော်က တက္ကသိုလ်ကျောင်းသားများသမဂ္ဂခေါင်းဆောင်တစ်ယောက်ပါ။

ချာ။ ။ (မျက်လုံးပြူးသွားလျက်) ရှန်။ ဟိုဘဘကြီး ဖောက်ခွဲသွားတဲ့ ဥစ္စာကြီးလား။ ဟုတ်ပါ့မလားဦးရယ်။ အဲ့တုန်းက မီးတို့တွေ မွေးတောင် မွေးသေးဘူး။

မင်း။ ။ အရေးအခင်းမှာ ပြန်ဖွဲ့ကြသေးတယ်လေ။ ဝေးရန်ကော။

ချာ။ ။ ဟယ်.. ဦးက ၈၈ ကတည်းက တက္ကသိုလ်ရောက်နေတာလား။

မင်း။ ။ (မျက်ထောင့်နီကြီးဖြင့်) အထက်တန်း၊ အလယ်တန်းတွေမှာလည်း သမဂ္ဂတွေ ဖွဲ့ကြတယ်လေ။ မင်းမသိဘူးလား။ ရက်တွေပြန်ပြန်တွက်မနေနဲ့။ ငါကသေချာတယ်ဆို သေချာလိုက်။

ချာ။ ။ ဟုတ်။ ဟုတ်။ ရပါပြီ။ ရပါပြီ။ လူကြီးမင်းက စမ္ပာနဂိုရ်မြို့နယ်က ၀င်အရွေးခံခဲ့တာဆိုတော့ ကိုယ့်ဇာတိရပ်ရွာမို့ပေါ့နော်။

မင်း။ ။ လူကိုများ တောသားမှတ်လို့ဗျာ။ စမ္ပာနဂိုရ်က ဒယ်ဒီအရွေးခံထားရတဲ့နယ်လည်းဖြစ်၊ ဟိုးအရင် သူတိုင်းမှူးလုပ်သွားတာလည်းဖြစ်လို့ လာအရွေးခံတာ။ အရင်က ရောက်တောင် မရောက်ဖူးဘူး။

ချာ။ ။ (မျက်လုံးကလေး အရောင်တောက်သွားပြီး) ဟယ်။ အကိုက ဘဘကြီးရဲ့သားလား။ ပြောပြောကမစောဘူး။ မီးနဲ့သိတယ်။ မီးနဲ့သိတယ်။ ခိ ခိ။ နေကောင်းလား မေးတယ်လို့ ပြောလိုက်ပါနော်။

မင်း။ ။ ကျွန်တော့်ယောက္ခမ တော်ပါတယ်ဗျ။ ဘိုးတော်ကြီးလည်း အချဉ်တော့ မဟုတ်ပဲကိုး။

ချာ။ ။ (အခုမှပဲ စိတ်ဝင်စားစရာ စကားအစကလေး ရတော့တယ် ဟူသောပုံစံမျိုးဖြင့်) မီးက မမ နဲ့လည်း တွေ့ဖူးပါတယ်ရှန့်။ အကိုနဲ့ မမနဲ့ ဖူးစာဆုံဖြစ်ပုံကလေးကို ပြောပြနိုင်မလားရှင်။ ကြည့်ရှုနေတဲ့ လူငယ်ပိတ်သတ်ကြီးလည်း အတုယူ ရင်ခုန်လို့ ရတာပေါ့။ မမကို အိမ်ထောင်ဘက်အဖြစ် အကိုကြီးရွေးချယ်ခဲ့ပုံကလေး သိပါရစေ။

မင်း။ ။ (ရုပ်ကို တည်နိုင်သမျှတည်အောင်ထားလျက်) It was not a choice. ဗျ။ It was a sacrifice. ပါ။

ချာ။ ။ ရှန်။ ပြောင်းပြန်ကြီး။ ပြောင်းပြန်ကြီး။ (အသံတိုးတိုးဖြင့် မျက်စပစ်လျက်ပြောစေ)။

မင်း။ ။ (ငါသိပါတယ်။ ဆရာမလုပ်နဲ့ဟူသောမျက်နှာထားဖြင့်) တကယ်တော့ အဲဒါရွေးချယ်မှုလို့ မပြောပဲ အနစ်နာခံမှုတစ်ခုလို့ဆိုရင် ပိုမှန်ပါလိမ့်မယ်။ ဘာလို့ဆိုတော့ ရွေးမယ့်ရွေးရင် ချောတာလှတာတွေ တပုံကြီးပဲဟာ။ ဘ၀ရှေ့ရေးအတွက် အနစ်နာခံလိုက်လို့ ဒါကြီးကို ယူလိုက်မိတာ။ လှတာမက်ရင် ညစာခက်တယ်တဲ့။ သောက်ကျည်းတန်မက်မှ ကောက်ကြီးဆန်ချက်နဲ့စားရသတဲ့။ အဲသလို အနစ်နာခံခဲ့လို့လည်း ဒီနေ့ဒီအချိန်မှာ ဒီနေရာက တိုင်းပြည်အကျိုးတွေ သယ်ပိုးရွက်ဆောင်နေနိင်တာပေါ့ဗျာ။

ချာ။ ။ မှတ်သားလောက်ပါပေတယ်ရှန့်။ လူကြီးမင်းအနေနဲ့ အစက ဟိုပါတီက ၀င်အရွေးခံခဲ့ရာကနေ အခုကျတော့ ဒီပါတီကို ကူးပြောင်းလာရတဲ့ ရည်ရွယ်ချက်ကလေးလည်း သိပါရစေ။

မင်း။ ။ ဒါက ဒီလိုရှိတယ်ဗျ။ ကျွန်တော်က အစတုန်းက ဒီပါတီမရှိသေးခင်တုန်းက ဟိုပါတီကနေ ၀င်အရွေးခံခဲ့တာပါ။ အခုချိန်မှာ ဒီပါတီက အင်အားပိုကြီးလာမယ့် အလားအလာတွေလည်း တွေ့နေရတယ်။ သူတို့ခေါင်းဆောင်ပိုင်းတွေကလည်း လူငယ် ပညာတတ် ဆရာဝန်ထဲက နိုင်ငံရေးစိတ်ဝင်စားတဲ့သူတွေကို ကြိုဆိုတယ် လို့ ပြောထားခဲ့တော့ ပြောင်းဖြစ်သွားတာပါ။ ကျွန်တော်က ငယ်လည်းငယ်၊ ချောလည်းချော၊ ပညာလည်းတတ်၊ ဆရာဝန်လည်း ဆရာဝန်လေ။ ရဘူးလား။

ချာ။ ။ မရဘူးပြောရင် ငိုလိုက်မယ် ဖြစ်နေပါဦးမယ်။ ဟုတ်ကဲ့။ ဟုတ်ကဲ့။ ရပါတယ်။ ဆက်လက်ပြီးတော့ ရွေးကောက်ပွဲအကြိုကာလများဆီက ပြည်သူလူထုရဲ့ ဆန္ဒသဘောထားတွေကို စည်းရုံးသိမ်းသွင်း ခဲ့ပုံကလေးကိုလည်း သိချင်ပါတယ်ရှင့်။

မင်း။ ။ (ပြုံးလျက်) ကျွန်တော်တို့ ဗုဒ္ဓဘာသာ အယူဝါဒအရတော့ ကံ ကံ၏အကျိုးဆိုတာကို ယုံကြည်ကြတယ်ဗျ။ ကံဆိုတဲ့နေရာမှာ ပစ္စုပ္ပန်ကံချည့်ပဲ မဟုတ်ဘူး အတိတ်က ကြိုကြိုတင်တင် ပြုထားခဲ့ပြီးသော ကုသိုလ်ကံ၏အကျိုးဆိုတာလည်း တော်တော် စကားပြောပါတယ်။ အစ္စလမ်ဘာသာဝင်တွေရဲ့ အီစွတ်ပုံပြင်ထဲမှာ ယုန်နဲ့လိပ်နဲ့ အပြေးပြိုင်တာရော ကြားဖူးတယ် မဟုတ်လား။ ယုန်ကလေး တာမထွက်ခင်ကတည်းက လိပ်ကလေးက ဘယ့်လောက်ဝီရိယကြီးစွာ မနားမနေ လျှောက်ခဲ့ရတယ်ဆိုတာ သိလို့လား။ ၀ီရိယရှေ့ဆောင် ကြံတိုင်းအောင် တို့ ကြိုတင်ပြင်ဆင် အောင်ပွဲဝင်တို့ စကားပုံတွေ သိကြမှာပါ။ ခရစ်ယာန်ဘာသာဝင်တွေ နားလည်အောင်ပြောရရင်တော့ အရာရာဟာ ဘုရားသခင် အလိုတော်အတိုင်း ဖြစ်ကြရတာ မဟုတ်လား။ ကျွန်တော်တို့လည်း ကျွန်တော်တို့ ဘုရားသခင်ကြီးရဲ့ အလိုတော်ကျ ဖြစ်ကြရတာ မဆန်းပါဘူးလေ။

ချာ။ ။ ဟုတ်ပေလိမ့်မယ်။ ဟုတ်ပေလိမ့်မယ်။ ဘုရားသခင်အလိုတော်နဲ့ မဆန့်ကျင်လို့ ယုဒတို့ မောရှေတို့တောင် ကြိုတင်ထောက်ခံသွားကြတာနေမှာ။ အခု ရွေးကောက်ခံ ကိုယ်စားလှယ်တော်တစ်ယောက် ဖြစ်လာပြီးတဲ့နောက်မှာရော ဘာတွေများ ပြောင်းလဲသွားပါသလဲရှန့်။

မင်း။ ။ ကားတစ်စီးရတယ်လေ။ ပြန်တောင်ရောင်းပလိုက်ပြီ။ အရေးကြီးတာက လူလယ်ခေါင် ပုဆိုးကျွတ်မကျဖို့ဗျ။ အဲဒီချော်ချိချော်ချိ ပြောင်ပြောင်လက်လက်ကြီးတွေက ၀တ်နေကျမှမဟုတ်တာ။ ကိုယ်တွေက ကလပ်တက် ဒီဂျေပွတ်တဲ့ အရွယ်ကောင်းကလေးတွေကို ဒီလောက်ဖူတဲ့ ယူနီဖောင်းကြီးတွေ လာဆင်တော့ ဂွမ်းသလား မမေးပါနဲ့။ နောက်တော့မှ ကက်ရွှယ်ဝဲလေးဘာလေး ၀တ်ခွင့်ရအောင် အဆိုပြုလွှာတင်သွင်းဦးမယ်။

ချာ။ ။ ဂဏလွှတ်တော်မှာ လူကြီးမင်းနှစ်ခြိုက်မိတဲ့ အဆိုအမိန့်လေးများရှိရင်လည်း မျှဝေပါဦး ရှန့်။

မင်း။ ။ ရှိတယ်ဗျ။ ရှိတယ်။ ဥက္ကဋ္ဌကြီးပြောတဲ့ “လိုရင်းကိုပဲ ပြောပါ။ ” ဆိုတာ ကို အကြိုက်ဆုံးပဲ။ စားပွဲကြီးကို ကြေးစည်လက်ခတ်ကြီးနဲ့ ဒုန်းကနဲထုတာလည်း မာန်ပါလိုက်တာ မပြောပါနဲ့။ လက်ခုပ်တီး လက်ခေါက်မှုတ်တာ ခွင့်မပြုလို့သာ အောင့်ထားရတယ်။ စိတ်ထဲမတော့ ဘယ်လိုသဘောကျမှန်းမသိပါဘူး။

ချာ။ ။ လူကြီးမင်းအနေနဲ့ ကိုယ်စားလှယ်တစ်ယောက်ဖြစ်လာပြီးတဲ့နောက်မှာ ကိုယ့်ရဲ့ မဲဆန္ဒနယ်က ပြည်သူလူထုအတွက် ဘယ်လိုများ အကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်ဖို့ အစီအစဉ်ရှိသလဲ သိပါရစေ။

မင်း။ ။ ခင်ဗျားပြောမှ သတိရတယ်။ ဟုတ်ပါရဲ့။ ချေးထားတဲ့ပိုက်ဆံတွေ ပြန်ဆပ်ခိုင်းရဦးမယ်။ အတိုးမပါ ဘာမပါချေးထားတာ ဒီလောက်လှည့်သုံးရ တော်ရောပေါ့။ ကျုပ်ကမှ စပွန်ဆာတွေဆီက အတိုးနဲ့ယူထားရတာ။ သတင်းထဲထည့်ရင်တော့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် ငွေပင်ငွေရင်း မတည်ထုတ်ချေး ပေးထားတယ်ပေါ့ဗျာ။

ချာ။ ။ လူကြီးမင်းရဲ့ နိုင်ငံရေးနဲ့ပတ်သက်လို့ ရပ်တည်ချက် ၊ ခံယူချက်ကလေးလည်း သိပါရစေ။

မင်း။ ။ ရောယိမ်းလိုက် ဘသားယိမ်းလိုက်ပေါ့ဗျာ။ တိုင်းပြည်အတွက် အလုပ်လုပ်တဲ့အခါမှာ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲတွေ မထားရဘူးဗျ။ ဘယ်ပါတီနဲ့ဖြစ်ဖြစ်၊ ဘယ်ပုဂ္ဂိုလ်နဲ့ဖြစ်ဖြစ် အတူလက်တွဲဆောင်ရွက်နိုင်ဖို့လိုတယ်။ အရေးကြီးတာ ကိုယ်နဲ့လက်တွဲတဲ့သူက အာဏာရဖို့ပဲလိုတာ။ အာဏာလက်ဝယ်မရှိပဲနဲ့ တိုင်းပြည်နေနေသာသာ ကိုယ့်ဖင်တောင် ကိုယ်ပြန်မကယ်နိုင်ဘူးမှတ်။

ချာ။ ။ သာဓုပါတော်။ သာဓုပါ။ ရဲရင့်ပြတ်သားပါပေတယ်။ အခုတလော မငြိမ်မသက်ဖြစ်နေတဲ့ နယ်စပ်ဒေသနဲ့ တိုင်းရင်းသားလူမျိုးများအရေးအတွက် လူကြီးမင်းရဲ့ ပါဝင်ဆောင်ရွက်ခဲ့ပုံကလေး အမိန့်ရှိပါဦး။

မင်း။ ။ ညီမလေးက စကိုင်းနက် မကြည့်ဘူးနဲ့တူတယ်။ ရံပုံငွေပဒေသာကပွဲမှာ ကိုကြီးလှူခဲ့တာတွေ အများကြီးပဲလေ။ သက်မွန်မြင့်လေး တက်လာတော့လည်း လက်ကလေးကို အကြာကြီးကိုင်ပြီး အလှူငွေတွေပေးတယ်။ အလယ်ဆိုင်းဇီကလေးကိုရော၊ မေကဗျာလေး၊ မိုးယုစံလေး၊ စုံလို့စုံလို့။ အလှူငွေထည့်လွန်းအားကြီးလို့ အိမ်ကမိန်းမကိုတောင် မနည်းပြန်ချော့ရတယ်။ ကိုယ့်ပြည်ထောင်စု တိုင်းရင်းသားတွေအတွက်ပဲဟာ သဒ္ဒါတရား မနည်းပါဘူး။

ချာ။ ။ နောက်တခါ သာဓုပါရှန့်။ ဟိုလေ။ အခုတလော ပြည်ပခရီးထွက်တာတွေကလည်း ခေတ်စားနေတော့ လူကြီးမင်းရဲ့ ပြည်ပခရီးစဉ်ရှိမရှိကိုလည်း ပိတ်သတ်ကြီးကို အသိပေးလိုက်ပါဦးရှန့်။

မင်း။ ။ သိပ်ရှိတာပေါ့ဗျာ။ ခနလေးစောင့်။ ခုမှ စပီကင်သင်နေတုန်း။ အတတ်မြန်ချင်လို့ Playboy မဂ္ဂဇင်းတွေ အတွဲလိုက်မှာထားတယ်။ ရုပ်ရှင်ကြည့်ရင်လည်း အင်္ဂလိပ်စကားပြောပါတဲ့ NC တွေပဲ ကြည့်တော့တာ။ ဒီခေတ်ကြီးမှာ အင်္ဂလိပ်လို မတတ်ပဲ နိုင်ငံတကာသွားချင်လို့ မရဘူးဗျ။ ဟိုရောက်ရင် ဂေလန်းက မေသန်းတို့၊ ခေါက်စံက ပုဂေါက်ခြံတို့နဲ့မှ ဖောရှောမလုပ်တတ်ဘူးဆိုရင် ကိုယ့်တိုင်းပြည် သိက္ခာကျမှာပေါ့။ အိုဘားမားတို့လင်မယားနဲ့လည်း သွားတွေ့ချင်သေးတယ်။ စလုံးမှာတွေ့ဖြစ်မလား။ ယပက်လက်မှာ တွေ့ဖြစ်မလားတော့ မသိဘူး။ ဘယ်မှာဖြစ်ဖြစ်ရပါတယ်။ မဒမ်တူးဆော့တွေရှိသားပဲ။

ချာ။ ။ ပြန်လာရင် မီးဖို့ ချော့ကလက်ဝယ်ခဲ့ရမှာနော်။ နောက်တစ်ခုမေးချင်ပါသေးတယ်။ လူကြီးမင်းအနေနဲ့ အားကျအတုယူမိတဲ့ နိုင်ငံခေါင်းဆောင်တွေရှိရင်လည်း သိချင်ပါတယ်ရှန့်။

မင်း။ ။ JFK ကို အားကျတယ်ဗျာ။ မွန်ရိုးကြီးကို ဘယ်လိုကြွိုင်သွားတယ် မပြောတတ်ဘူး။ ဟိုကကြွေဆင်းသွားလိုက်တာ ရှောဘရားသားတောင်ပြသွားတယ်။ နောက်တက်ထဲမှာတော့ ကလင်တန်ကို အတုယူချင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်ရုံးခန်းက အတွင်းရေးမှူး မိန်းကလေးတွေကိုတော့ တင်းကျပ်တဲ့ စည်းကမ်းတစ်ခု ထုတ်ထားမှဖြစ်မယ်။

ချာ။ ။ ကင်းကင်းနေချင်တယ်ပေါ့။

မင်း။ ။ ဟုတ်ပါဘူးဗျာ။ “မည်သူမျှ အတွင်းခံ ခံမ၀တ်ရ” လို့လေ။ တော်တော်ကြာ တရားရုံးမှာ သက်သေခံပစ္စည်း ဖြစ်နေမှာစိုးလို့။ ရှေ့လူရဲ့အမှားဟာ နောက်လူအတွက် သင်ခန်းစာတဲ့။

ချာ။ ။ အမေရိကန်သမ္မတတွေတောင် သူ့လောက် အမျှော်အမြင်မကြီးဘူး။ ဟုတ်ကဲ့ပါရှင်။ အခုလို ဖြေကြားပေးတဲ့ လူကြီးမင်း သော်တာသိင်္ဂီ ၀ဏ္ဏသိရီ ဒေါက်တာပုံလိုက်ပိုင်ကို ချာတူးတို့ ဓည၀တီရုပ်မြင်သံကြားမိသားစုမှ အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ စောင့်မျှော်ကြည့်ရှုနားဆင်ကြတဲ့ ချစ်ပိတ်သတ်ကြီးအတွက်လည်း အမှာစကားလေးများ ပြောကြားပေးပါဦးရှန့်။

မင်း။ ။ ဟုတ်။ ပုံပုံကလည်း အထူးပဲ ကျေးဇူးတင်လျက်ပါ။ ချစ်စွာသော ပြည်သူလူထုကြီးလည်း ကျန်းမာချမ်းသာပါစေ။ ပုံလေးကို ယုံသေးတယ်ဆိုရင်တော့ နောက်တစ်ခေါက်ကျရင်လည်း ဆက်ပြီး အားပေးကြပါဦးနော်။ မွ … မွ … မွ။

ဧရာဝတီ(Blog)

No comments:

Post a Comment

My Blog List