( အညတြ- ရဲဘော်ဟောင်း..တင်ပြသည့်- နွားပျောက်လို့ပါ ဘုန်းဘုရားးးး )
ပုဏ္ဏားရွာမှာ
သရက်ခရိုင်အနောက်ရိုးမ တောင်ခြေ၏ မနီးမဝေးတွင် တောင်ကုန်းကြီးများလေးဘက်
လေးတန် ခြံရန်လျက် တည်ရှိ၏။ အိမ်ပေါင်းတရာကျော် ရှိသည်။ ရွာသူ-ရွာသားများ၏
အသက်မွေး ဝမ်းကြောင်း မှာ တောင်ယာ နှင့် ဝါစိုက်ခြင်းသာ အဓိက ဖြစ်၏။
သဘာဝတောင်များက စိုင်းနေသဖြင့် ပုဏ္ဏားရွာကို အဝေးမှ မမြင်နိုင်။
၁၉၄၅-ခု
ဖေဖေါ်ဝါရီလ နောက်ပိုင်း တနေ့သော ညနေတွင် လူရွယ်တယောက်သည် လက်တဘက်၌
ကန်ကြိုးခွေကို ကိုင်ပြီး လက်တဘက်တွင်နှင်တန်အတိုကိုကိုင်ခါ
ပင်နီအင်္ကျီးအစုတ် မော်လမြိုင် ခါးတို ဗမာယက် ဖျင်ကြမ်းလုံးချီ
အဟောင်းဝတ်ဆင်ပြီး ဝါးခမောက်ကို ဆောင်းလျက် နောက်ပါအဖေါ် တစုနှင့် အတူ
ပုဏ္ဏားရွာ ဘုန်းကြီးကျောင်းသို့ ရောက်ခဲ့၏။
ဘုန်းကြီးနှင့်တွေ့သော
အခါ ထိခြင်းငါးပါးနှင့် အညီ-ဦးသုံးကြိမ်ချသည်။ မျက်နှာစိမ်း ဖြစ်သူအား
ဘုန်းကြီးက..“ ဒကာလေးကဘယ်ကလာခဲ့တာလဲ ဒီကျောင်းကို ဘာကိစ္စရှိလို့ လာတာလဲ”
“တပည့်တော်
အာလံမြို့နယ် အဘလ ရွှေပန်းတောကပါ ဘုရားတပည့်တော်လာရခဲ့ ကိစ္စမှာ
နွားပျောက်လို့ ပါ ဘုရား ၊ ပုဏ္ဏားရွာဘက်မှာ ဝယ်သွားတဲ့ နွားတွေဟာ
ဧရာဝတီမြစ်ကို ကူးပြီးနေရပ်ကိုပြန်လာတယ် ၊ ထင်လို့ လိုက်ခဲ့ရပါတာပါ
ဘုရား..”
ထိုစဉ်က နွားတကောင်၏ တန်ဘိုးမှာ ဂျပန်ငွေထောင်မလဲ သဲကော်
အသစ်စက်စက်ထောင်ကျော်ချီပေးရသော ကာလဖြစ်သည့်ပြင် တောရွာမှန်သမျှ စပါးပေးရ၏။
နွားပေးရ၏။ လူကိုလည်း ချွေးတပ် အတွက် ဆွဲသေးသည်။
“ဒကာလေး ဆန္ဒကို ပြောပြပါဦး ဦးပဉ္ဖင်းတို့က ဘယ်လို ကူညီရမလဲ”
တပည့်တော်
သနားခံပါရစေဘုရား ၊ တပည့်တော် နွားတွေကို ဒီနယ်ပယ်မှာ
လိုက်ပြီးရှာခြင်ပါတယ် ဘုရား။ အသိမိတ်ဆွေကလဲ မရှိတော့ အရှင်ဘုရားကျောင်းမှာ
တည်းခိုပြီး ရှာပါရစေဘုရား…”
ဘုန်းတော်ကြီးက
တည်းခိုခွင့်ပြုရုံသာမက ထမင်းဟင်းများကိုပါ ချကျွေးလေသည်။
နွားပျောက်သူတို့ သည် နေ့အခါ ကျောင်းမှ ထွက်ပြီး ပေါက်ဦးလားရွာ။
နတ်မီးရွာ။ အင်းကြီးကုန်းရွာ။ ခြောက်ပင်ရွာ။ ဆုံကုန်းရွာ အလပ်လယ်ရွာ၊
ရှားစီးဘိုရွာ။ သပြင်ဆောင်ရွာ၊ ကြပ်ကြီးရွာ၊ ကြပ်ကလေးရွာ၊ မင်းတဲ့ရွာ
သမန်းပြင်ရွာများ ကို နေ့စဉ်နှင့်အမျှ သွားကြပြီး ညဘက်မှာ ပုဏ္ဏားရွာ
ဘုန်းကြီးကျောင်းသို့ ပြန်ခါ ညအိပ်သည်။
တခါတခါ
မင်းတုံချောင်းကိုဖြတ်၍ ကျီးမီး - ရွာသာယာ ကျောက်စောင်း ၊ သီးကုန်း စသော
ရွာများဘက်သို့ ထွက်လေ့ ရှိသည်။ သူတို့နွားပျောက်ရှာရသည်မှာ
ဘေးရန်ကကြီးလှပေသည် ၊ အကြောင်းမှာ ဤနယ် တဝိုက်တွင်
ဂျပန်စစ်တပ်များကြောင့်ပင်…..
ရပ်သူ ရွာသားများသည်လည်း သူတို့အား
ခင်မင်လာရကား နွားပျောက်ကိုပင် ကူညီရှာပေးသူ အတော်များလာသည်။ ထိုနွား
ပျောက်ဆရာက ကျီးမီး။ ရွာသာယာ။ ကျောက်ဆောင်းတွင် အခြေစိုက်
စခန်းပြုလုပ်ထားရာ သူထံဝင်သူ ထွက်သူ မနည်းလှပေ။
တနေ့တွင်
ခြောက်ပင်ရွာ ဦးသာဖြူ၏ နွားတင်ကုတ်သို့ ဂျပန်စစ်သား ၁၀-ယောက်ခန့်
ေ၇ာက်လာပြီး တည်းခို ကြလေသည်။ ဝက်အမဲဟင်းလျှားများကို အလိမ္မာနှင့်
ကြွေးမွေးကြပြီး နွားပျောက်ရှာ အဖွဲ့က အလစ်တွင် ဝင်တိုက်ရာ
အားလုံးကျကုန်သည်။
ဂျပန် တယောက်မှာ ပြေးမိပြေးရာ ပြေးရင်း
ခြောက်ပင်ရွာ ဦးဘိုးဆိုင်- ဒေါ်မယ်ဟန်တို့ အိပ်သာထဲမှာ ဝင်၍ ပုံးသဖြင့်
ညအချိန်- ဦးဘိုးဆိုင် အိမ်သာ သို့ဝင်ရာ ပုံးနေသော ဂျပန်နှင့်တွေ့ပြီး
ဦးဘိုးဆိုင်က ဒါးနှင့်ခုတ် ဂျပန်က ဝင်လုံးခါ ဦးဘိုးဆိုင် မျက်လုံးကို
အတင်ကုတ် ပါးစပ်ကို မအော် နိုင်အောင်ပိတ်ပြီး ပြေးသဖြင့် ဦးဘိုးဆိုင်
မျက်လုံးပျက်ရရှာသည်။
ထိုဂျပန် ကိုလည်း အရပ်က
ဝိုင်းလိုက်ကြသောကြောင့် ရှားစီးဘိုးရွာ အရောက် အရပ်သားများလက်ချက်ဖြင့်
အသက်ထွက်လေသည်။ မကြာမီ ရက်အတွင်းနွားပျောက် ရှာသူများသည် မင်းတဲဆက်၌
ဂျပန်အများ အပြားကို သုတ်သင်ရှင်းလင်း နိုင်ကြပြန်သေးသည်။
“ ဒကာကလေး…နွားမတွေ့ဘူးလား..”
တနေ့တွင်.. ပုဏ္ဏားရွာကျောင်းကို ပြန်လာသော နွားပျောက်ရှာသူအား ဘုန်းကြီးကမေးရာ….။
“ အရှင်ဘုရား နက္ခတ်တာရာကိုကြည့်တတ်ပါသလား ဘုရား” ဟု ထိုသူက ဘုန်းကြီးကိုမေးသည်။
“နွားပျောက်
ရှာတာနဲ့ ၊ နက္ခတ်တာရာကြည့်တာ ဘယ်လိုပတ်သတ်လို့ လဲ ဒကာရဲ့” နွားပျောက်
ရှာသူသည် ပြုံးစိစိနှင့် ဘုန်းကြီးကို ကြည့်လုက်ပြီး…။
“ တပည့်တော်က
(* * *) ပါ ဘုရာ့၊ နွားပျောက်တဲ့ လူမဟုတ်ဘူး ခုတော့ အချိန်ရောက်လာလို့
ဖွင့်ပြော တာပါ” ဘုန်းကြီးကာ အံ့အားသင့် သွားခါ….( ) ရယ်
အစကပြောပါတော့လား ဘုန်းကြီးတို့လဲမျိုးချစ်စိတ် ရှိပါတယ်၊
အားပေးကူညီရမှာပေါ့ နက္ခတ်ကြည့်ရမှာက အရေးမသာ- အရေးသာ- ကိုသိခြင်လို့လား..”
“ ဟုတ်ပါ ဘုရား… တပည့်တော်တို့ သရက်ထောင်ကို ဖေါက်တော့မယ် ဘုရာ့- မနက်ဖြန် အဲဒီဘက်ကို သွားပါ့မယ် ဘုရား..”
နွားပျောက်ရှာသူများသည်
သရက်ထောင် ဖေါက်ရေး အတွက် သရက်ထောင်ပိုင်နှင့် သရက်ထောင်မှူးအား
မိမိတို့ရှိရာသို့ လာတွေ့ မည်လား ၊ သို့မဟုတ် ၄င်းတို့ထံ လာရမည်လားဟု
စကားကမ်းလိုက်သဖြင့်ထောင်ပိုင်း လာရောက် တွေ့ဆုံသော်လည်း ထောင်းမှူးမှာ
ထိုနေ့တွင် သမီးဖြစ်သူ အနိစ္စရောက်၍ အသုဘအတွက်လိုက် မလာနိုင်…။
မဟာမိတ်-လေယာဉ်များကလည်း
မြေပြင်တွင် လူစုလူဝေး မြင်ပါက မသင်ကာလျှင် စက်သေနတ်နှင့် ဒလစပ် ပစ်နေသော
ကျွဲညီနောင် သောင်းကျမ်းနေသော အခြေအနေဖြစ်သည်။
သရက်ထောင်လည်း
ပေါက်လေပြီ၊ ထောင်အတွင်းမှ အကျဉ်းသားများသည်လည်း လွတ်မြောက် ထွက်ပြေး
ကြလေပြီ။ ပုဏ္ဏားရွာ ဘုန်းကြီးကျောင်းမှ နွားပျောက်ရှာသူသည်
တပြည်လုံးမှာရှိကြသောနွားပျောက်ရှာ အဖွဲ့များအား အမိန့်ပေး
ညွန့်ကြားလျက်ရှိသည်။
နောက်ဆုံးတွင်ကား နွားပျောက်ရှာသူတို့ အဖွဲသည် အောင်ပွဲခံခဲ့ရလေသည်။
ဇာတ်ပေါင်းသော်ပုဏ္ဏားရွာ
ဘုန်းကြီးကျောင်းမှ နွားပျောက်ရှာသူမှာ ကျဆုံးလေပြီ ဖြစ်သော အာဇာနည်ဖခင်
ဗိုလ်ချုပ်အောင်ဆန်း အဖွဲ့ဝင်များမှာ နယ်မြေတာဝန်ခံပုဂ္ဂိုလ်မှာ တိုင်း- ၇ ၏
တိုင်းမှူးရဲဘော် သုံးကျိပ်ဝင် ဗိုလ်မှူးအောင်-
ဗိုလ်မှူးချုပ်စိန်ဝင်းတို့ ဖြစ်ကြ သတည်း…။
ကျမရဲ့ဖေစ်ဘုတ်ပေါ်က
မိတ်ဆွေသူငယ်ချင်းတွေကို ဖတ်စေချင်တဲ့ စေတနာနဲ့ အညတြ- ရဲဘော်ယောင်း
တင်ပြသည် “ နွားပျောက်လို့ပါ ဘုန်းဘုရား.. ”ဟူသော ဆောင်းပါးကို
ဟောင်းနွမ်းဆွေးမြေ့နေပြီဖြစ်တဲ့
အိုးဝေဂျာနယ်
စာအုပ်အဟောင်းပုံကြီးထဲမှ ထုတ်ယူကာ ကျမကိုယ်တိုင် စာစီစာရိုက်ပြီး အများ
ဖတ်မှတ် လေလာနိုင်ရန် အတွက် ဖေ့စ်ဘုတ်ပေါ်တွင် မျှဝေဖြန့်ချီ
ပေးလိုက်ပါသည်။
by- ဟေသီမိုး
ဧရာဝတီ(Blog)
No comments:
Post a Comment